တမန်တော်ဝတ္ထု 24
24
ပေါလုကိုစွဲချက်တင်ကြခြင်း
1ငါးရက်လွန်သောအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် ရှေ့နေတေရတုလုမှစ၍ သက်ကြီးဝါကြီးအချို့တို့နှင့်အတူ ရောက်လာ၍ ဘုရင်ခံထံပေါလုကိုတရားစွဲဆိုကြ၏။ 2ပေါလုကိုခေါ်ထုတ်လာသောအခါ တေရတုလုသည် သူ့ကို စတင်စွပ်စွဲ၍ လျှောက်ထားသည်မှာ “မြတ်သောဖေလဇ်မင်း၊ အရှင့်အားဖြင့် အကျွန်ုပ်တို့သည် များစွာသောငြိမ်းချမ်းမှုကိုခံစားရလျက် အရှင်၏အမြော်အမြင်ကြောင့် ဤတိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်နေပါသည်။ 3အကျွန်ုပ်တို့သည် ဤဆောင်ရွက်မှုများကို နေရာတိုင်း၌ အစဉ်အမြဲ အထူးကျေးဇူးတင်စွာဖြင့် ကြိုဆိုကြပါသည်။ 4သို့ဖြစ်၍ အကျွန်ုပ်သည် အရှင့်ကို ကြာမြင့်စွာအနှောင့်အယှက်မပေးမိစေရန် အကျွန်ုပ်တို့၏အကျဉ်းချုပ်လျှောက်ထားချက်ကို ကျေးဇူးပြု၍နားထောင်ပေးပါရန် ပန်ကြားအပ်ပါသည်။
5ပြဿနာကိုသာဖန်တီးလေ့ရှိသောဤသူသည် ကမ္ဘာအရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့၌ ဆူပူအုံကြွမှုများဖြစ်ပေါ်အောင် လှုံ့ဆော်နေသူဖြစ်ပြီး နာဇရက်ဂိုဏ်းကွဲ၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ 6သူသည် ဗိမာန်တော်ကိုလည်း မတော်မလျော်ပြုရန် ကြိုးစားခဲ့သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီးခဲ့ပါသည်။ 7[ထို့နောက် သူ့ကို အကျွန်ုပ်တို့၏ပညတ်တရားအတိုင်း စီရင်မည်ပြုစဉ် တပ်မှူးကြီးလုသိသည် ဝင်လာ၍ သူ့ကို အကျွန်ုပ်တို့လက်ထဲမှ မရမကခေါ်ယူသွားပြီး သူ့ကိုစွပ်စွဲသောသူတို့အား အရှင့်ထံသို့လာရန် အမိန့်ပေးခဲ့ပါသည်။] 8ဤအကြောင်းအရာအားလုံးနှင့်ပတ်သက်၍ အရှင်ကိုယ်တိုင် သူ့ကိုစစ်ဆေးလျှင် သူ့အပေါ် အကျွန်ုပ်တို့စွပ်စွဲနေသည့်အချက်များကို သိမြင်နိုင်ပါလိမ့်မည်”ဟု ဆိုလေ၏။
9ဂျူးလူမျိုးတို့ကလည်း ဤအကြောင်းအရာများမှန်ကန်ပါသည်ဟုဆိုလျက် ဝိုင်းဝန်းထောက်ခံကြ၏။
ဖေလဇ်မင်းရှေ့တွင် ပေါလုချေပပြောဆိုခြင်း
10ထိုအခါ ဘုရင်ခံသည် ပေါလုအား ပြောဆိုရန်အချက်ပြသဖြင့် ပေါလုက “အရှင်သည် ဤလူမျိုးကို နှစ်ပေါင်းများစွာတရားစီရင်သူဖြစ်ကြောင်းသိလျက် အကျွန်ုပ်အမှုနှင့်ပတ်သက်၍ ဝမ်းမြောက်စွာချေပပြောဆိုပါသည်။ 11အကျွန်ုပ်သည် ဝတ်ပြုကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့တက်သွားခဲ့သည်မှာ တစ်ဆယ့်နှစ်ရက်ထက်မပိုသေးကြောင်း အရှင်စုံစမ်းသိရှိနိုင်ပါသည်။ 12အကျွန်ုပ်သည် ဗိမာန်တော်၌ဖြစ်စေ၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ဖြစ်စေ၊ မြို့ထဲ၌ဖြစ်စေ တစ်စုံတစ်ဦးနှင့် အချေအတင်ပြောဆိုနေသည်ကိုလည်းကောင်း၊ လူတို့အား အုံကြွအောင်ပြုနေသည်ကိုလည်းကောင်း သူတို့မတွေ့ကြပါ။ 13ယခု အကျွန်ုပ်အပေါ်စွပ်စွဲနေသည့်အချက်များနှင့်ပတ်သက်၍လည်း သူတို့သည် အရှင့်ထံသက်သေမပြနိုင်ပါ။ 14သို့သော် အကျွန်ုပ်သည် ဂိုဏ်းကွဲဟု သူတို့ခေါ်ဝေါ်သော တရားလမ်းအတိုင်း ဘိုးဘေးတို့၏ဘုရားသခင်ကို ဝတ်ပြုနေကြောင်း အရှင့်ရှေ့၌ဝန်ခံပါသည်။ အကျွန်ုပ်သည် ပညတ်တရားနှင့်ညီသောအရာများနှင့် ပရောဖက်ကျမ်းများတွင် ရေးထားသောအရာရှိသမျှတို့ကို ယုံကြည်လျက် 15သူတို့ကိုယ်တိုင်လည်း စောင့်မျှော်သကဲ့သို့ ဖြောင့်မတ်သောသူများဖြစ်စေ၊ မဖြောင့်မတ်သောသူများဖြစ်စေ နောင်တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်နေပါသည်။ 16ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။
17ယခု နှစ်အတန်ကြာပြီးနောက် အမျိုးသားချင်းတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ပူဇော်သက္ကာများဆက်ကပ်ရန် အကျွန်ုပ်ရောက်ရှိလာပါသည်။ 18ဗိမာန်တော်၌ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူပြီးသောအကျွန်ုပ်ကို သူတို့တွေ့မြင်သည့်အချိန်တွင် လူအစုအဝေးမရှိ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလည်း မရှိခဲ့ပါ။ 19သို့ရာတွင် အာရှပြည်မှ ဂျူးလူမျိုးအချို့ရှိကြပါသည်။ သူတို့သည် အကျွန်ုပ်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် အရှင့်ရှေ့၌ ကိုယ်တိုင်လာ၍ စွဲဆိုသင့်ပါသည်။ 20သို့မဟုတ် အကျွန်ုပ်သည် တရားလွှတ်တော်ရှေ့၌ရပ်နေစဉ် အကျွန်ုပ်၌ မည်သည့်ပြစ်မှုကို သူတို့တွေ့ရှိကြောင်း ယခုရှိသောဤသူတို့ကိုယ်တိုင် ထွက်ဆိုကြပါစေ။ 21အကျွန်ုပ်သည် သူတို့ရှေ့၌ရပ်လျက် ‘အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ယနေ့ သင်တို့ရှေ့၌ စစ်ဆေးစီရင်ခံနေရပါသည်’ဟူသောစကားတစ်ခွန်းကိုသာ ကြွေးကြော်ခဲ့ပါသည်”ဟု ဆိုလေ၏။
တရားဆုံးဖြတ်ရန် ရွှေ့ဆိုင်းလိုက်ခြင်း
22ဖေလဇ်မင်းသည် ထိုတရားလမ်းအကြောင်းကို တိကျသေချာစွာသိထားသောကြောင့် “တပ်မှူးကြီးလုသိရောက်လာသောအခါ သင်တို့အမှုကို ငါစစ်ဆေးမည်”ဟု ဆိုလျက် အမှုကိုရွှေ့ဆိုင်းလိုက်လေ၏။ 23ပေါလုကိုမူကား စောင့်ကြပ်ထားရန်နှင့် လွတ်လပ်မှုကိုအနည်းအကျဉ်းပေး၍ သူ၏အပေါင်းအဖော်များ သူ့ကိုပြုစုမည်ကို မတားဆီးရန် တပ်မှူးအား မှာကြားလေ၏။
24ရက်အနည်းငယ်ကြာပြီးနောက် ဖေလဇ်မင်းသည် ဂျူးအမျိုးသမီးဖြစ်သော မိမိဇနီးဒြုသိလေနှင့်အတူရောက်လာ၍ ပေါလုကိုဆင့်ခေါ်လျက် ခရစ်တော်ယေရှုအားယုံကြည်ခြင်းအကြောင်းကို သူ့ထံမှနားထောင်လေ၏။ 25သို့သော် ပေါလုက ဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဆွေးနွေးပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခုသွားဦးလော့။ နောက်မှ အချိန်ရသောအခါ သင့်ကို ငါခေါ်ဦးမည်”ဟု ဆိုလေ၏။ 26တစ်ချိန်တည်းမှာပင် ပေါလုသည် သူ့ကို လာဘ်ငွေပေးလိမ့်မည်ဟုလည်း မျှော်လင့်သောကြောင့် သူသည် ပေါလုကိုမကြာခဏခေါ်၍ စကားပြောဆိုလေ၏။
27နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။
ಪ್ರಸ್ತುತ ಆಯ್ಕೆ ಮಾಡಲಾಗಿದೆ:
တမန်တော်ဝတ္ထု 24: MSBU
Highlight
ಶೇರ್
ಕಾಪಿ

Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative