မာကု 11
11
ဂျေရုဆလင်မြို့သို့ အောင်ပွဲခံ၍ ဝင်ရောက်တော်မူခြင်း
1ကိုယ်တော်နှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေ၌ ရှိသော ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍ 2“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း မည်သူမျှ မစီးဖူးသေးသည့် ကြိုးချည်ထားသောမြည်းကလေးတစ်ကောင်ကို တွေ့မြင်ရလိမ့်မည်။ ထိုမြည်းကို ကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။ 3တစ်စုံတစ်ဦးက သင်တို့ကို ‘အဘယ်ကြောင့် မြည်းကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်၏။ ချက်ချင်းပြန်ပို့ပေးပါမည်’ ဟု ဖြေကြလော့” ဟူ၍ မိန့်မှာတော်မူ၏။
4တပည့်တော်တို့သည် ထွက်သွား၍ လမ်းဘေး၌ အိမ်တံခါးအနီး ချည်ထားသောမြည်းကလေးကို တွေ့မြင်ကြ၏။ 5တပည့်တော်တို့သည် မြည်းကို ကြိုးဖြေနေကြစဉ် လမ်းတွင် ရပ်နေသူတချို့က “အဘယ်ကြောင့်မြည်းကလေးကို ကြိုးဖြေကြသနည်း” ဟု မေးကြ၏။ 6ထိုအခါ တပည့်တော်တို့သည် ယေရှုမှာထားတော်မူသည့် စကားအတိုင်း ပြန်ပြောကြသော် ထိုသူတို့သည် မြည်းကို ယူခွင့်ပြုကြ၏။ 7ထို့နောက် တပည့်တော်တို့သည် မြည်းကလေးကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့၏ အဝတ်များကိုလည်း မြည်းကလေးပေါ်၌ ခင်းပေးကြ၏။ ကိုယ်တော်သည် မြည်းကိုစီးတော်မူ၏။
8လူတို့က မိမိတို့၏အဝတ်များကို လမ်းပေါ်တွင် ဖြန့်ခင်းကြ၏။ တချို့က တောမှ ခုတ်ယူခဲ့ကြသည့် သစ်ခက်သစ်ရွက်များကို လမ်းပေါ်တွင် ဖြန့်ခင်းကြ၏။ 9ကိုယ်တော်၏ရှေ့တော်နှင့် နောက်တော်တွင် လိုက်ပါသောလူတို့က
“ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော။#11:9 ဂရိဘာသာဖြင့် တိုက်ရိုက်အသံထွက်လျှင် “ဟောရှဏ္ဏ” ဟူ၍ ဖြစ်သည်။ ၎င်းသည် ချီးမွမ်းကြွေးကြော်သည့်စကားဖြစ်ပြီး တိုက်ရိုက်ပြန်ဆိုလျှင် ယခုကယ်တင်တော်မူပါဟု အဓိပ္ပာယ်ရသည်။ (၁၁:၁၀)
ဘုရားသခင်၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။
10မကြာမီ ပေါ်ထွန်းတော့မည့် ငါတို့အဖ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိပါစေသော။
အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော”#11:10 ဆာ ၁၁၈:၂၅-၂၆၊ ၁၄၈:၁။
ဟု ကြွေးကြော်ကြ၏။
11ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွ၍ ဗိမာန်တော်သို့ ဝင်တော်မူလျက် ရှိသမျှအရာတို့ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်းအချိန်ရောက်သဖြင့် တပည့်တော်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ကြွတော်မူ၏။
သဖန်းပင်ကို ကျိန်တော်မူခြင်း
12နောက်တစ်နေ့နံနက်တွင် ကိုယ်တော်နှင့် တပည့်တော်တို့သည် ဗေသနိရွာမှ ပြန်လာကြစဉ် ကိုယ်တော်သည် ဆာလောင်တော်မူ၏။ 13ထိုအခါ အရွက်ဝေဆာသောသဖန်းပင်တစ်ပင်ကို အဝေးမှ မြင်တော်မူ၍ သဖန်းသီး တွေ့လိုတွေ့ငြား အပင်အနီးသို့ သွား၍ ကြည့်တော်မူ၏။ သို့သော် အသီးသီးချိန် မရောက်သေးသောကြောင့် အရွက်များကိုသာ တွေ့မြင်တော်မူ၏။ 14ထိုအခါ ကိုယ်တော်က ထိုအပင်အား “ယခုမှစ၍ သင်၏ အသီးကို အစဉ်မပြတ် မည်သူမျှ မစားရပါစေနှင့်” ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်ကို တပည့်တော်တို့သည်လည်း ကြားကြ၏။
ဗိမာန်တော်ကို ရှင်းလင်းတော်မူခြင်း
15ထို့နောက် ကိုယ်တော်နှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ပြန်ရောက်ကြသောအခါ ကိုယ်တော်သည် ဗိမာန်တော်သို့ ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်ဖောက်ကားနေကြသောသူအားလုံးကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်နေသောသူတို့၏ စားပွဲများနှင့် ချိုးငှက်ရောင်းသောသူတို့၏ ခုံများကို မှောက်လှန်တော်မူ၏။ 16ဗိမာန်တော်ကို ဖြတ်သန်းလျက် ရောင်းဝယ်ရာကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်လည်း မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။ 17ကိုယ်တော်က “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် လူမျိုးအပေါင်းတို့၏ ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ”#11:17 ဟေရှာ ၅၆:၇၊ ယေ ၇:၁၁။ ဟု သူတို့အား သွန်သင်လျက် မိန့်တော်မူ၏။
18ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ထိုအကြောင်းကို ကြားကြသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြ၏။ သို့သော် လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏ သွန်သင်ချက်ကို အလွန်အံဩကြသောကြောင့် သူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
19ညနေခင်း ရောက်သောအခါ ယေရှုနှင့် တပည့်တော်တို့သည် မြို့မှ ထွက်သွားကြ၏။
20နောက်တစ်နေ့နံနက်တွင် သူတို့သည် ယေရှုကျိန်တော်မူခဲ့သော သဖန်းပင်အနားမှ ဖြတ်သွားကြသောအခါ ထိုအပင်သည် အမြစ်မှစ၍ ခြောက်သွေ့နေသည်ကို မြင်ကြ၏။ 21ထိုအခါ ပေတရုသည် ယေရှုကျိန်တော်မူခဲ့သော စကားကို သတိရ၍ “ဆရာတော်#11:21 မူရင်းဂရိကျမ်းတွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… ကြည့်တော်မူပါ။ ဆရာတော် ကျိန်တော်မူခဲ့သော သဖန်းပင်သည် ခြောက်သွေ့နေပါပြီ” ဟု လျှောက်လေ၏။
22ယေရှုက “ဘုရားသခင်ကို ယုံကြည်သောစိတ် ရှိကြလော့။ 23သင်တို့အား ငါအမှန်ဆို၏။ တစ်စုံတစ်ဦးသည် သံသယစိတ်မထားဘဲ မိမိပြောသည့်အတိုင်းဖြစ်မည်ဟု ယုံကြည်လျက် ဤတောင်ကို ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။ 24ထို့ကြောင့် သင်တို့ကို ငါဆိုသည်မှာ သင်တို့သည် မိမိတို့တောင်းလျှောက်သမျှကို ရရှိပြီဟု ယုံကြည်သောစိတ်ဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်။ 25သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။ 26သို့သော် သင်တို့ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည်လည်း သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်#11:26 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်ငယ်မပါဝင်ပါ။” ဟု မိန့်တော်မူ၏။
အခွင့်အာဏာတော်ကို စစ်ဆေးမေးမြန်းကြခြင်း
27ကိုယ်တော်နှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်ကြ၏။ ကိုယ်တော်သည် ဗိမာန်တော်ဝင်းအတွင်း ကြွတော်မူစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ 28“သင်သည် ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေသနည်း။ ဤအခွင့်အာဏာကို သင့်အား မည်သူက ပေးသနည်း” ဟု မေးလျှောက်ကြ၏။
29ယေရှုက “သင်တို့ကို မေးခွန်းတစ်ခု ငါမေးမည်။ သင်တို့ ဖြေနိုင်ပါက မည်သည့်အခွင့်အာဏာဖြင့် ဤအခြင်းအရာများကို လုပ်ဆောင်နေကြောင်း ငါပြောမည်။
30ယောဟန်၏ နှစ်ခြင်းမင်္ဂလာပေးရသောအခွင့်အာဏာသည် ကောင်းကင်ဘုံမှ လာသလော။ လူ့ထံမှ လာသလော။ ငါ့ကို ဖြေကြလော့” ဟု မိန့်တော်မူ၏။
31ထိုအခါ သူတို့က “ငါတို့သည် ‘ကောင်းကင်ဘုံမှ လာသည်’ ဟု ဖြေလျှင် သူက ‘ထိုသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယောဟန်ကို မယုံကြသနည်း’ ဟု မေးလိမ့်မည်။ 32သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့သည် လူထုပရိသတ်ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့က ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်ကြောင်း ယုံကြည်ထားကြ၏။ 33ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှုကို ဖြေဆိုကြ၏။ ထိုအခါ ယေရှုက “ငါသည်လည်း ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေကြောင်းကို သင်တို့အားပြောမည်မဟုတ်” ဟု ထိုသူတို့ကို မိန့်တော်မူ၏။
वर्तमान में चयनित:
မာကု 11: BCB
हाइलाइट
शेयर
कॉपी

Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.