မာကု 11

11
ဂျေရုဆလင်မြို့​သို့ အောင်ပွဲခံ​၍ ဝင်ရောက်တော်မူခြင်း
1ကိုယ်တော်​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ ချဉ်းကပ်​၍ သံလွင်တောင်ခြေ​၌ ရှိသော ဗက်ဖာဂေရွာ​နှင့် ဗေသနိရွာ​သို့ ရောက်လာကြ၏။ ထိုအခါ ယေရှု​သည် တပည့်တော်​နှစ်ပါး​ကို စေလွှတ်​၍ 2“သင်တို့​ရှေ့တွင်​ရှိသော ရွာ​သို့​သွားကြလော့။ ရွာ​ထဲသို့ ဝင်လျှင်​ဝင်ချင်း မည်သူ​မျှ မစီးဖူးသေးသည့် ကြိုးချည်ထားသော​မြည်းကလေး​တစ်ကောင်​ကို တွေ့မြင်ရ​လိမ့်မည်။ ထို​မြည်း​ကို ကြိုးဖြေ​၍ ခေါ်ဆောင်လာကြလော့။ 3တစ်စုံတစ်ဦး​က သင်တို့​ကို ‘အဘယ်ကြောင့် မြည်း​ကို ကြိုးဖြေကြသနည်း’ ဟု မေး​လျှင် ‘သခင်​အသုံးပြုလို​သောကြောင့်​ဖြစ်၏။ ချက်ချင်း​ပြန်ပို့ပေးပါမည်’ ဟု ဖြေကြလော့” ဟူ၍ မိန့်မှာတော်မူ၏။
4တပည့်တော်တို့​သည် ထွက်သွား​၍ လမ်းဘေး​၌ အိမ်​တံခါး​အနီး ချည်ထားသော​မြည်းကလေး​ကို တွေ့မြင်ကြ၏။ 5တပည့်တော်တို့​သည် မြည်း​ကို ကြိုးဖြေနေကြ​စဉ် လမ်း​တွင် ရပ်နေသူ​တချို့​က “အဘယ်ကြောင့်​မြည်းကလေး​ကို ကြိုးဖြေကြသနည်း” ဟု မေးကြ၏။ 6ထိုအခါ တပည့်တော်တို့​သည် ယေရှု​မှာထားတော်မူ​သည့် စကား​အတိုင်း ပြန်ပြောကြ​သော် ထို​သူတို့​သည် မြည်း​ကို ယူခွင့်​ပြုကြ၏။ 7ထို့နောက် တပည့်တော်တို့​သည် မြည်းကလေး​ကို ယေရှု​ထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့​၏ အဝတ်များ​ကိုလည်း မြည်းကလေး​ပေါ်၌ ခင်းပေးကြ၏။ ကိုယ်တော်​သည် မြည်း​ကို​စီးတော်မူ၏။
8လူတို့​က မိမိတို့​၏​အဝတ်များ​ကို လမ်း​ပေါ်တွင် ဖြန့်ခင်းကြ၏။ တချို့​က တော​မှ ခုတ်ယူခဲ့ကြသည့် သစ်ခက်သစ်ရွက်များ​ကို လမ်း​ပေါ်တွင် ဖြန့်ခင်းကြ၏။ 9ကိုယ်တော်​၏​ရှေ့တော်​နှင့် နောက်တော်​တွင် လိုက်ပါသော​လူတို့​က
“ထာဝရဘုရား​၏ ဂုဏ်တော်​ကို ချီးမွမ်းကြ​ပါစေသော။#11:9 ဂရိဘာသာ​ဖြင့် တိုက်ရိုက်​အသံထွက်​လျှင် “ဟောရှဏ္ဏ” ဟူ၍ ဖြစ်သည်။ ၎င်း​သည် ချီးမွမ်း​ကြွေးကြော်သည့်​စကား​ဖြစ်ပြီး တိုက်ရိုက်​ပြန်ဆို​လျှင် ယခု​ကယ်တင်တော်မူပါ​ဟု အဓိပ္ပာယ်ရသည်။ (၁၁:၁၀)
ဘုရားသခင်​၏ အမည်​နာမ​နှင့် ကြွလာသော​အရှင်​သည် မင်္ဂလာ​ရှိပါစေသော။
10မကြာမီ ပေါ်ထွန်းတော့မည့် ငါတို့​အဖ ဒါဝိဒ်​၏ နိုင်ငံတော်​သည် မင်္ဂလာ​ရှိပါစေသော။
အမြင့်ဆုံးသော ကောင်းကင်ဘုံ​၌ ဘုရားသခင်​၏ ဂုဏ်တော်​ကို ချီးမွမ်းကြ​ပါစေသော”#11:10 ဆာ ၁၁၈:၂၅-၂၆၊ ၁၄၈:၁။
ဟု ကြွေးကြော်ကြ၏။
11ထို့နောက် ကိုယ်တော်​သည် ဂျေရုဆလင်မြို့​သို့ ကြွ​၍ ဗိမာန်တော်​သို့ ဝင်တော်မူ​လျက် ရှိသမျှ​အရာတို့​ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်း​အချိန်​ရောက်​သဖြင့် တပည့်တော်​ဆယ့်နှစ်ပါး​နှင့်အတူ ဗေသနိရွာ​သို့ ကြွတော်မူ၏။
သဖန်းပင်​ကို ကျိန်တော်မူခြင်း
12နောက်တစ်နေ့​နံနက်​တွင် ကိုယ်တော်​နှင့် တပည့်တော်တို့​သည် ဗေသနိရွာ​မှ ပြန်လာကြ​စဉ် ကိုယ်တော်​သည် ဆာလောင်တော်မူ၏။ 13ထိုအခါ အရွက်​ဝေဆာသော​သဖန်းပင်​တစ်ပင်​ကို အဝေး​မှ မြင်တော်မူ​၍ သဖန်းသီး တွေ့လိုတွေ့ငြား အပင်​အနီး​သို့ သွား​၍ ကြည့်တော်မူ၏။ သို့သော် အသီး​သီးချိန် မရောက်သေး​သောကြောင့် အရွက်များ​ကိုသာ တွေ့မြင်တော်မူ၏။ 14ထိုအခါ ကိုယ်တော်​က ထို​အပင်​အား “ယခု​မှစ၍ သင်​၏ အသီး​ကို အစဉ်မပြတ် မည်သူမျှ မစားရပါစေနှင့်” ဟု မိန့်တော်မူ၏။ ထိုသို့​မိန့်တော်မူသည်​ကို တပည့်တော်တို့​သည်လည်း ကြားကြ၏။
ဗိမာန်တော်​ကို ရှင်းလင်းတော်မူခြင်း
15ထို့နောက် ကိုယ်တော်​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ ပြန်ရောက်ကြ​သောအခါ ကိုယ်တော်​သည် ဗိမာန်တော်​သို့ ဝင်​၍ ဗိမာန်တော်​၌ ရောင်းဝယ်ဖောက်ကား​နေကြသောသူ​အားလုံး​ကို နှင်ထုတ်တော်မူ၏။ ငွေ​လဲလှယ်နေသော​သူတို့​၏ စားပွဲများ​နှင့် ချိုးငှက်​ရောင်းသော​သူတို့​၏ ခုံများ​ကို မှောက်လှန်တော်မူ၏။ 16ဗိမာန်တော်​ကို ဖြတ်သန်း​လျက် ရောင်းဝယ်ရာ​ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်​ရန်လည်း မည်သူ့​ကို​မျှ ခွင့်ပြုတော်မမူ။ 17ကိုယ်တော်​က “ကျမ်းစာ​တွင် ‘ငါ​၏ အိမ်တော်​သည် လူမျိုး​အပေါင်းတို့​၏ ဆုတောင်းရာ​အိမ်တော်​ဟု ခေါ်ဆို​ရမည်’ ဟူ၍ ရေးသားထား​သော်လည်း သင်တို့​သည် အိမ်တော်​ကို ဓားပြစခန်း​ဖြစ်စေကြပြီ”#11:17 ဟေရှာ ၅၆:၇၊ ယေ ၇:၁၁။ ဟု သူတို့​အား သွန်သင်​လျက် မိန့်တော်မူ၏။
18ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​သည် ထို​အကြောင်း​ကို ကြားကြ​သောအခါ ကိုယ်တော်​ကို သတ်​နိုင်မည့်​နည်းလမ်း​ကို ရှာကြ၏။ သို့သော် လူထုပရိသတ်​အပေါင်းတို့​သည် ကိုယ်တော်​၏ သွန်သင်ချက်​ကို အလွန်​အံဩကြ​သောကြောင့် သူတို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ကြ၏။
19ညနေခင်း ရောက်​သောအခါ ယေရှု​နှင့် တပည့်တော်တို့​သည် မြို့​မှ ထွက်သွားကြ၏။
20နောက်တစ်နေ့​နံနက်​တွင် သူတို့​သည် ယေရှု​ကျိန်တော်မူခဲ့သော သဖန်းပင်​အနား​မှ ဖြတ်သွားကြ​သောအခါ ထို​အပင်​သည် အမြစ်​မှ​စ​၍ ခြောက်သွေ့နေသည်​ကို မြင်ကြ၏။ 21ထိုအခါ ပေတရု​သည် ယေရှု​ကျိန်တော်မူခဲ့သော စကား​ကို သတိရ​၍ “ဆရာတော်#11:21 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… ကြည့်တော်မူပါ။ ဆရာတော် ကျိန်တော်မူခဲ့သော သဖန်းပင်​သည် ခြောက်သွေ့နေပါပြီ” ဟု လျှောက်လေ၏။
22ယေရှု​က “ဘုရားသခင်​ကို ယုံကြည်သော​စိတ် ရှိကြလော့။ 23သင်တို့​အား ငါ​အမှန်​ဆို၏။ တစ်စုံတစ်ဦး​သည် သံသယစိတ်​မထားဘဲ မိမိ​ပြောသည့်​အတိုင်း​ဖြစ်မည်​ဟု ယုံကြည်​လျက် ဤ​တောင်​ကို ‘ဤ​နေရာ​မှ ရွေ့​ကာ ပင်လယ်​သို့ ကျလော့’ ဟု ပြော​လျှင် ပြောသည့်​အတိုင်း ဖြစ်​လိမ့်မည်။ 24ထို့ကြောင့် သင်တို့​ကို ငါ​ဆိုသည်​မှာ သင်တို့​သည် မိမိတို့​တောင်းလျှောက်​သမျှ​ကို ရရှိပြီ​ဟု ယုံကြည်သော​စိတ်​ဖြင့် ဆုတောင်း​လျှင် တောင်း​သမျှ​ကို ရကြ​လိမ့်မည်။ 25သို့သော် သင်တို့​သည် ဆုတောင်း​သောအခါ တစ်ပါးသူတို့​အပေါ်​၌ အပြစ်တင်စရာ​ရှိလျှင် ထို​သူတို့​၏​အပြစ်​ကို ဦးစွာ​ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ခမည်းတော်​သည် သင်တို့​၏ အပြစ်များ​ကို ခွင့်လွှတ်တော်မူ​လိမ့်မည်။ 26သို့သော် သင်တို့​ခွင့်မလွှတ်​လျှင် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​၏​အဖ​သည်လည်း သင်တို့​၏ အပြစ်များ​ကို ခွင့်လွှတ်တော်မူမည်​မဟုတ်#11:26 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။” ဟု မိန့်တော်မူ၏။
အခွင့်အာဏာတော်​ကို စစ်ဆေးမေးမြန်းကြခြင်း
27ကိုယ်တော်​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ တစ်ဖန်​ရောက်ကြ၏။ ကိုယ်တော်​သည် ဗိမာန်တော်ဝင်း​အတွင်း ကြွတော်မူ​စဉ် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲများ​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ 28“သင်​သည် ဤ​အခြင်းအရာများ​ကို မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေသနည်း။ ဤ​အခွင့်အာဏာ​ကို သင့်​အား မည်သူ​က ပေးသနည်း” ဟု မေးလျှောက်ကြ၏။
29ယေရှု​က “သင်တို့​ကို မေးခွန်း​တစ်ခု ငါ​မေးမည်။ သင်တို့ ဖြေနိုင်​ပါက မည်သည့်​အခွင့်အာဏာ​ဖြင့် ဤ​အခြင်းအရာများ​ကို လုပ်ဆောင်နေကြောင်း ငါ​ပြောမည်။
30ယောဟန်​၏ နှစ်ခြင်းမင်္ဂလာ​ပေးရသော​အခွင့်အာဏာ​သည် ကောင်းကင်ဘုံ​မှ လာသလော။ လူ့​ထံမှ လာသလော။ ငါ့​ကို ဖြေကြလော့” ဟု မိန့်တော်မူ၏။
31ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့​ဆို​လျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။ 32သို့သော်လည်း ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့​သည် လူထုပရိသတ်​ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​က ယောဟန်​သည် ပရောဖက်​တစ်ပါး​ဖြစ်ကြောင်း ယုံကြည်ထားကြ၏။ 33ထို့ကြောင့် သူတို့​က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှု​ကို ဖြေဆိုကြ၏။ ထိုအခါ ယေရှု​က “ငါ​သည်လည်း ဤ​အခြင်းအရာများ​ကို မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေကြောင်း​ကို သင်တို့​အား​ပြောမည်​မဟုတ်” ဟု ထို​သူတို့​ကို မိန့်တော်မူ၏။

वर्तमान में चयनित:

မာကု 11: BCB

हाइलाइट

शेयर

कॉपी

None

Want to have your highlights saved across all your devices? Sign up or sign in