ယောဟန် 17

17
ယေရှု​ဆုတောင်းတော်မူခြင်း
1ဤ​အကြောင်းအရာများ​ကို မိန့်တော်မူပြီး​သောအခါ ယေရှု​သည် ကောင်းကင်​သို့ မျှော်ကြည့်​လျက် “အို အဖ… အချိန်​ကျပါပြီ။ သားတော်​သည် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှား​စေနိုင်ရန် ကိုယ်တော်​သည် သားတော်​၏​ဘုန်း​ကို ထင်ရှားစေတော်မူပါ။ 2သားတော်​သည် ကိုယ်တော်​ပေးအပ်တော်မူ​သမျှသော​သူတို့​အား ထာဝရ​အသက်​ကို ပေး​နိုင်ရန် ကိုယ်တော်​သည် သားတော်​အား လူသား​အားလုံး​အပေါ် အုပ်စိုးရသော​အခွင့်အာဏာ​ကို ပေးအပ်ထားတော်မူပြီ။ 3ထာဝရ​အသက်​ဟူသည်​မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်​ဘုရား​ဖြစ်တော်မူသော ကိုယ်တော်​ကို သိကျွမ်းခြင်း​နှင့် ဤ​လောက​သို့ ကိုယ်တော်​စေလွှတ်တော်မူသော ယေရှု​ခရစ်တော်#17:3 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ကို သိကျွမ်းခြင်း​ပင်​ဖြစ်ပါ၏။ 4အကျွန်ုပ်​သည် ကိုယ်တော်​မှာကြားတော်မူ​သမျှတို့​ကို ပြီးမြောက်စေ​၍ ဤ​လောက​တွင် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှားစေပါပြီ။ 5အို အဖ… ကမ္ဘာ​မတည်ရှိ​မီက ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ရရှိသော ဘုန်းအသရေ​ဖြင့် အကျွန်ုပ်​ကို ရှေ့တော်​၌ ယခု​ဘုန်းကြီးစေတော်မူပါ။
6ဤ​လောက​ထဲမှ ရွေးကောက်​၍ အကျွန်ုပ်​ထံ ပေးအပ်တော်မူသော​သူတို့​အား ကိုယ်တော်​အကြောင်း​ကို#17:6 မူရင်း​ဂရိကျမ်း​တွင် “အဖ​၏ အမည်​နာမ” ဟု ဖော်ပြထားသည်။ အကျွန်ုပ်​ဖော်ပြခဲ့ပါပြီ။ ကိုယ်တော်​သည် ထို​သူတို့​ကို ပိုင်တော်မူ​၍ အကျွန်ုပ်​အား ပေးအပ်တော်မူပြီ။ သူတို့​သည်လည်း ကိုယ်တော်​၏ နှုတ်ကပတ်​တရားတော်​ကို လိုက်နာကြပါပြီ။ 7အကျွန်ုပ်​ထံ၌​ရှိသမျှသော​အရာတို့​သည် ကိုယ်တော်​ထံ​မှ ဖြစ်ကြောင်း​ကို ယခု ထို​သူတို့​သိကြပါပြီ။ 8အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်​အား ကိုယ်တော်​ပေးတော်မူသော​တရားတော်​ကို အကျွန်ုပ်​သည် ထို​သူတို့​အား ပေး​၍ သူတို့​သည် ခံယူ​ရရှိကြပါပြီ။ အကျွန်ုပ်​သည် ကိုယ်တော်​ထံမှ လာကြောင်း​ကို သူတို့​သည် အမှန်​ပင်​သိကြပါ၏။ ကိုယ်တော်​သည် အကျွန်ုပ်​ကို စေလွှတ်တော်မူကြောင်း​ကိုလည်း သူတို့​ယုံကြည်ကြပါ၏။
9အကျွန်ုပ်​သည် သူတို့​အတွက် ဆုတောင်းပါ၏။ လောကီသားတို့​အတွက် ဆုတောင်း​သည် မဟုတ်ပါ။ အကျွန်ုပ်​ကို ပေးအပ်တော်မူသော​သူတို့​အတွက် ဆုတောင်းပါ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အဖ​ပိုင်တော်မူသော​သူများ​ဖြစ်၏။ 10အကျွန်ုပ်​ပိုင်သော​သူ ရှိသမျှတို့​ကို ကိုယ်တော်​ပိုင်တော်မူ​၍ ကိုယ်တော်​ပိုင်တော်မူသော​အရာ မှန်​သမျှတို့​ကိုလည်း အကျွန်ုပ်​ပိုင်ပါ၏။ ထို့ကြောင့် ထို​အရာများ​အားဖြင့် အကျွန်ုပ်​သည် ဘုန်းထင်ရှားပါ၏။ 11ယခု အကျွန်ုပ်​သည် ဤ​လောက​မှ ထွက်ခွာ​၍ ကိုယ်တော်​ထံသို့ လာပါတော့မည်။ ထို​သူတို့​သည် ဤ​လောက​၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသော​အဖ… ကိုယ်တော်​နှင့် အကျွန်ုပ်​သည် တစ်သားတည်း​ဖြစ်သကဲ့သို့ ထို​သူတို့​သည် တစ်သားတည်း​ဖြစ်​စေရန် အကျွန်ုပ်​ထံ ပေးအပ်တော်မူသော ကိုယ်တော်​၏​တန်ခိုးတော်#17:11 မူရင်း​ဂရိကျမ်း​တွင် “နာမတော်” ဟု ဖော်ပြထားသည်။ အပိုဒ်ငယ် ၁၂ တွင်လည်း ထို့အတူ​ပင်​ဖြစ်သည်။​အားဖြင့် ထို​သူတို့​ကို ကာကွယ်​စောင့်ရှောက်တော်မူပါ။ 12အကျွန်ုပ်​သည်လည်း ထို​သူတို့​နှင့်အတူ​ရှိ​စဉ် အကျွန်ုပ်​အား ကိုယ်တော်​ပေးအပ်တော်မူသော ကိုယ်တော်​၏​တန်ခိုးတော်​အားဖြင့် သူတို့​ကို ကာကွယ်ခဲ့ပါ၏။ ထို​သူတို့​တွင် ပျက်စီးထိုက်သူ​တစ်ဦး​မှလွဲ၍#17:12 မူရင်း​ဂရိကျမ်း​၌ “ပျက်စီးခြင်း​၏​သား” ဟု ပါရှိသည်။ အခြား​မည်သူ​မျှ မပျက်စီး​စေရန်​လည်း ကျွန်ုပ်​စောင့်ရှောက်ခဲ့ပါ၏။ ထို​သူ ပျက်စီးခြင်း​မှာ ကျမ်းစာ​တွင် ဖော်ပြထားသည့်​အတိုင်း ဖြစ်ပျက်လာ​ရန်​ဖြစ်၏။
13ယခု​အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့ လာပါတော့မည်။ သူတို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်ခြင်း​ကို အပြည့်အဝ​ခံစားကြရ​စေရန် အကျွန်ုပ်​သည် ဤ​လောက​တွင် သူတို့​နှင့်အတူ ရှိနေ​စဉ် ဤ​အကြောင်းအရာများ​ကို ပြောပါ၏။ 14အကျွန်ုပ်​သည် အဖ​၏​နှုတ်ကပတ်တော်​ကို သူတို့​အား ပေးအပ်ပါပြီ။ အကျွန်ုပ်​သည် လောက​နှင့် မသက်ဆိုင်​သကဲ့သို့ သူတို့​သည်လည်း လောက​နှင့် မသက်ဆိုင်ကြပါ။ ထို့ကြောင့် လောကီသားတို့​သည် သူတို့​ကို မုန်းကြ၏။ 15ထို​သူတို့​ကို ဤ​လောက​မှ နုတ်ယူတော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​သည် မဟုတ်ပါ။ သို့ရာတွင် သူတို့​ကို မာရ်နတ်​၏ လက်​မှ လွတ်ကင်း​ရန်​ကိုသာ အကျွန်ုပ်​တောင်းလျှောက်ပါ၏။ 16အကျွန်ုပ်​သည် ဤ​လောက​နှင့် မသက်ဆိုင်​သကဲ့သို့ သူတို့​သည်လည်း ဤ​လောက​နှင့် မသက်ဆိုင်ကြပါ။ 17ကိုယ်တော်​၏ သမ္မာတရား​အားဖြင့် သူတို့​ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်​၏ နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်ပါ၏။ 18ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​သို့ စေလွှတ်​သကဲ့သို့ အကျွန်ုပ်​သည်လည်း သူတို့​ကို ဤ​လောက​သို့ စေလွှတ်ပါ၏။ 19သူတို့​သည်လည်း သမ္မာတရား​အားဖြင့် သန့်ရှင်းလာ​စေရန် အကျွန်ုပ်​သည် သူတို့​အတွက် မိမိကိုယ်​ကို သန့်ရှင်းသော​ယဇ်​အဖြစ် ဆက်ကပ်ပါ၏။
20အကျွန်ုပ်​သည် ဤ​တပည့်တော်တို့​အတွက်​သာ ဆုတောင်းသည်​မဟုတ်ပါ။ သူတို့​၏ ဟောပြောခြင်း​အားဖြင့် နောင်​တွင် အကျွန်ုပ်​ကို ယုံကြည်လာကြ​မည့် သူတို့​အတွက်​လည်း ဆုတောင်းပါ၏။ 21အို အဖ… အကျွန်ုပ်​နှင့် ကိုယ်တော်​သည် တစ်သားတည်း​ဖြစ်သကဲ့သို့ သူတို့​သည် တစ်သားတည်း​ဖြစ်​ရန် ဆုတောင်းပါ၏။ ကိုယ်တော်​သည် အကျွန်ုပ်​၌ တည်တော်မူ​၍ အကျွန်ုပ်​သည်လည်း ကိုယ်တော်​၌ တည်​သကဲ့သို့ သူတို့​ကို အကျွန်ုပ်တို့​၌ တည်စေတော်မူပါ။ ဤသည်​မှာ အကျွန်ုပ်​အား ကိုယ်တော်​စေလွှတ်တော်မူကြောင်း​ကို လောကီသားတို့ ယုံကြည်လာ​နိုင်စေရန်​ဖြစ်၏။
22အကျွန်ုပ်တို့​သည် တစ်သားတည်း​ဖြစ်​သကဲ့သို့ သူတို့​သည်လည်း တစ်သားတည်း​ဖြစ်​စေရန် အကျွန်ုပ်​အား ကိုယ်တော်​ပေးတော်မူသော​ဘုန်းအသရေ​ကို သူတို့​အား ပေးပါပြီ။ 23အကျွန်ုပ်​သည် သူတို့​၌ တည်​၍ ကိုယ်တော်​သည်လည်း အကျွန်ုပ်​၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာ​တစ်သားတည်း​ဖြစ်ခြင်း​အားဖြင့် အဖ​သည် အကျွန်ုပ်​ကို စေလွှတ်တော်မူကြောင်း​နှင့် အကျွန်ုပ်​ကို ချစ်တော်မူ​သကဲ့သို့ သူတို့​ကို ချစ်တော်မူကြောင်း​ကို လောကီသားတို့​သိကြပါ​လိမ့်မည်။ 24အို အဖ… အကျွန်ုပ်​အား ကိုယ်တော်​ပေးအပ်တော်မူသော​သူတို့​ကို အကျွန်ုပ်​ရှိမည့်​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိစေ​လိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်​မရှိမီ​ကပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို ချစ်​၍ ပေးတော်မူသော ဘုန်းအသရေ​ကို သူတို့​တွေ့မြင်ပါ​လိမ့်မည်။
25တရားမျှတတော်မူသော​အဖ… လောကီသားတို့​သည် ကိုယ်တော်​ကို မသိကြ​သော်လည်း အကျွန်ုပ်​သိပါ၏။ ကိုယ်တော်​သည် အကျွန်ုပ်​အား စေလွှတ်တော်မူကြောင်း​ကို ဤ​တပည့်တော်တို့​သိကြပါ၏။ 26ကိုယ်တော်​အကြောင်း​ကို သူတို့​ထံ၌ အကျွန်ုပ်​ဖော်ပြခဲ့ပါပြီ။ ဆက်လက်​၍လည်း ဖော်ပြ​ပါမည်။ သို့မှသာ အကျွန်ုပ်​အပေါ် ထားသော ကိုယ်တော်​၏​ချစ်ခြင်းမေတ္တာ​သည် သူတို့​၌ တည်​၍ အကျွန်ုပ်​သည်လည်း သူတို့​၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။

Tällä hetkellä valittuna:

ယောဟန် 17: BCB

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään