ယောဟန် 16
16
1သင်တို့၏ယုံကြည်ခြင်းကို မစွန့်လွှတ်ရန် ဤအကြောင်းအရာများကို ငါပြောပြီ။ 2လူတို့သည် သင်တို့ကို ဂျူးဝတ်ပြုဆောင်များမှ ထုတ်ပယ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူများက ထိုသို့သတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူသည့်အချိန်ကာလ ရောက်လာလိမ့်မည်။ 3ဤသို့ပြုကြခြင်းမှာ သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဖြစ်၏။ 4ဤအကြောင်းအရာများကို သင်တို့အား ယခု ငါပြောပြီ။ သို့မှသာ ဤအရာများဖြစ်ပျက်လာသောအခါ သင်တို့အား ငါပြောနှင့်ပြီးဖြစ်ကြောင်းကို သင်တို့သတိရကြလိမ့်မည်။ ယခင်က သင်တို့ကို ငါမပြောဘဲ နေခဲ့သည်မှာ ငါသည် သင်တို့နှင့်အတူ ရှိနေသေးသောကြောင့် ဖြစ်၏။
သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်
5ယခုမှာမူ ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားမည်။ သို့ရာတွင် ‘အဘယ်အရပ်သို့ သွားမည်နည်း’ ဟု သင်တို့မမေးကြ။ 6ထိုသို့ မမေးသည့်အပြင် ဤအကြောင်းအရာများကို ငါပြောသောကြောင့် သင်တို့အလွန်ဝမ်းနည်းပူဆွေးကြ၏။ 7သင်တို့အား ငါအမှန်ဆို၏။ ထိုသို့ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ ငါမသွားလျှင် ကူညီမစမည့်အရှင်သည် ကြွလာမည်မဟုတ်။ ငါသွားလျှင် ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
8ထိုအရှင်ကြွလာသောအခါ လောကီသားတို့အား အပြစ်ကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ တရားစီရင်ခြင်းကိုလည်းကောင်း ရှင်းလင်းစွာ ဖော်ပြတော်မူလိမ့်မည်။ 9အပြစ်အကြောင်းကို ဖော်ပြရခြင်းမှာ ငါ့ကို မယုံကြည်သောကြောင့်ဖြစ်၏။ 10ဖြောင့်မတ်ခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ ငါသည် ခမည်းတော်ထံသို့ သွားရမည်ဖြစ်၍ သင်တို့သည် ငါ့ကို ပြန်လည်မြင်ရမည်မဟုတ်သောကြောင့်ဖြစ်၏။ 11တရားစီရင်တော်မူခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ လောကကို အုပ်စိုးသောမင်းသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့်ပင်။
12ငါသည် သင်တို့ကို ပြောစရာများစွာရှိသော်လည်း ယခုအချိန်တွင် သင်တို့မခံယူနိုင်ကြ။ 13သမ္မာတရားကို ဖော်ပြသည့်ဝိညာဉ်တော် ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအလုံးစုံကို သွန်သင်ပြသတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိအလိုအလျောက် ဟောပြောတော်မူမည်မဟုတ်။ မိမိကြားသိရသည့် အကြောင်းအရာတို့ကို သင်တို့အား ဟောပြောတော်မူလိမ့်မည်။ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုလည်း ဖော်ပြတော်မူလိမ့်မည်။ 14ထိုဝိညာဉ်တော်သည် ငါ့ထံမှ ရရှိသောသမ္မာတရားကို သင်တို့အား ဖော်ပြပေးခြင်းအားဖြင့် ငါ့ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ 15ခမည်းတော်နှင့် သက်ဆိုင်သမျှသောအရာတို့သည် ငါနှင့် သက်ဆိုင်၏။ ထို့ကြောင့် ‘ဝိညာဉ်တော်သည် ငါ့ထံမှ ရရှိသောသမ္မာတရားကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်’ ဟု ငါပြောဆိုခဲ့၏။
ဝမ်းနည်းခြင်းမှ ဝမ်းမြောက်ခြင်းသို့ ပြောင်းလဲခြင်း
16မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
17တပည့်တော်တချို့က “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ လည်းကောင်း၊ ‘ငါသည် ခမည်းတော်ထံသို့ သွားမည်’ ဟူ၍ လည်းကောင်း ငါတို့ကို မိန့်တော်မူသောစကားတို့မှာ မည်သို့သောအဓိပ္ပာယ် ဖြစ်မည်နည်း။ 18ထို့ပြင် ‘မကြာမီ အချိန်တွင်’ ဟူသော စကား၏အဓိပ္ပာယ်မှာ မည်သို့နည်း။ ယေရှုမိန့်တော်မူသောစကားတို့သည် မည်သည့်အရာကို ဆိုလိုကြောင်း ငါတို့မသိ” ဟု အချင်းချင်းပြောဆိုကြ၏။
19ယေရှုသည် တပည့်တော်တို့ မေးခွန်းမေးလျှောက်လိုကြောင်းကို သိတော်မူသောအခါ “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟု သင်တို့ကို ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆို နေကြသလော။ 20သင်တို့အား ငါအမှန်ဆိုရလျှင် ငါ၌ ဖြစ်ပျက်လာမည့်အရာကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ သို့သော် လောကီသားတို့မှာမူ ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့သည် ဝမ်းနည်းပူဆွေးကြသော်လည်း ထိုဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ 21အမျိုးသမီးတစ်ဦးသည် သားဖွားချိန်၌ ဝေဒနာပြင်းစွာခံစားရ၏။ သို့သော် မီးဖွားပြီးသောအခါ လူ့လောကထဲသို့ လူတစ်ယောက် မွေးဖွားလာသည့်အတွက် ဝမ်းမြောက်သဖြင့် မိမိခံစားခဲ့ရသောဝေဒနာကို မေ့လျော့တတ်၏။ 22ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။ 23ထိုအချိန်၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့ကို မေးမြန်းကြလိမ့်မည်မဟုတ်။ ငါအမှန်ဆိုရလျှင် သင်တို့သည် ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ တောင်းသမျှကို ခမည်းတော်သည် ပေးတော်မူလိမ့်မည်။ 24ယခုအချိန်ထိ သင်တို့သည် ငါ့နာမကို အမှီပြု၍ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝဝမ်းမြောက်နိုင်ရန် တောင်းကြလော့။ တောင်းလျှင် တောင်းသည့်အတိုင်း ရကြလိမ့်မည်။
25ဤအကြောင်းအရာများကို ပုံဆောင်တင်စား၍ ငါဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်တင်စားရန် မလိုဘဲ ခမည်းတော်၏အကြောင်းမှန်သမျှကို ရှင်းလင်းစွာ ငါဖော်ပြမည့်အချိန် ရောက်လာလိမ့်မည်။ 26ထိုအချိန်၌ သင်တို့သည် ငါ့နာမကို အမှီပြု၍ တောင်းကြလိမ့်မည်။ သို့ရာတွင် ငါသည် ခမည်းတော်ထံ သင်တို့ကိုယ်စား တောင်းပေးမည်ဟု မဆို။ 27သင်တို့သည် ငါ့ကို ချစ်၍ ငါသည် ဘုရားသခင်#16:27 “ဘုရားသခင်” အချို့လက်ရေးမူကျမ်းများတွင် “ခမည်းတော်” ဟု ဖော်ပြထားသည်။ထံမှ လာကြောင်းကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တိုင် သင်တို့ကို ချစ်တော်မူ၏။ 28ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
29ထိုအခါ တပည့်တော်တို့က “ကိုယ်တော်သည် ယခုတွင် ပုံဥပမာမဆောင်ဘဲ ရှင်းလင်းစွာ မိန့်တော်မူ၏။ 30ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော့်ကို မေးလျှောက်ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့် သခင်သည် ဘုရားသခင်ထံမှ ကြွလာကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
31ယေရှုက “သင်တို့ ယခုယုံကြပြီလော။ 32သင်တို့သည် ငါ့ကို တစ်ယောက်တည်း စွန့်ပစ်ပြီးလျှင် မိမိအိမ်မိမိ တကွဲတပြားထွက်ပြေးကြမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအချိန်သည် ယခုပင် ရောက်လေပြီ။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းမဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။ 33ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
Tällä hetkellä valittuna:
ယောဟန် 16: BCB
Korostus
Jaa
Kopioi
Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.