ကမ္ဘာဦးကျမ်း 3

3
စုံစမ်းနှောင့်ယှက်ခြင်းနှင့်ကျရှုံးခြင်း
1မြွေ​သည် ထာဝရအရှင်​ဘုရားသခင် ဖန်ဆင်း​တော်မူ​သော တောရိုင်းတိရစ္ဆာန်​အားလုံး​တို့​ထက် လိမ္မာပါးနပ်​၏​။ မြွေ​က မိန်းမ​အား “​ဥယျာဉ်​ထဲ​ရှိ မည်သည့်​အပင်​၏​အသီး​ကို​မျှ မ​စား​ရ​ဟူ၍ ဘုရားသခင်​သည် အမှန်ပင်​မိန့်​တော်မူ​သလော​”​ဟု မေး​လေ​၏​။ 2မိန်းမ​က​လည်း “​ဥယျာဉ်​ထဲ​ရှိ​အပင်​တို့​၏​အသီး​ကို ငါ​တို့​စား​ခွင့်​ရှိ​၏​။ 3သို့သော် ဥယျာဉ်​အလယ်​ရှိ​အပင်​၏​အသီး​ကို​မူ ဘုရားသခင်​က ‘​သင်​တို့​သည် ထို​အသီး​ကို​မ​စား​ရ​၊ မ​ထိ​ရ​။ ထိမိ​၊ စား​မိ​လျှင် သေ​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မြွေ​အား​ဆို​လေ​၏​။
4မြွေ​က​လည်း “​သင်​တို့​သည် မုချ​သေ​ရ​မည်​မ​ဟုတ်​။ 5ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​တို့​သည် မျက်စိ​ပွင့်လင်း​၍ အကောင်း​အဆိုး​ကို​သိ​ကာ ဘုရားသခင်​ကဲ့သို့​ဖြစ်​မည်​ကို ဘုရားသခင်​သိ​တော်မူ​သောကြောင့်​ဖြစ်​၏​”​ဟု မိန်းမ​အား​ဆို​လေ​၏​။ 6ထို​အပင်​မှာ စားချင်စဖွယ်​ကောင်း​၍ အမြင်​အားဖြင့်​လည်း​တင့်တယ်​ပြီး ပညာတိုးပွား​စေရန်​လည်း နှစ်လိုဖွယ်​ကောင်း​သော​အပင်​ဖြစ်​သည်​ကို မိန်းမ​သည်​မြင်​လျှင် ထို​အပင်​၏​အသီး​ကို ဆွတ်ယူ​၍​စား​လေ​၏​။ မိမိ​နှင့်အတူ​ရှိ​သော​ခင်ပွန်း​အား​လည်း​ပေး​၍ သူ​သည်​လည်း စား​လေ​၏​။ 7ထိုအခါ ထို​သူ​နှစ်ဦးစလုံး​သည် မျက်စိ​ပွင့်လင်း​၍ မိမိ​တို့​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ကို သိသွား​သဖြင့် သူ​တို့​သည် သဖန်း​ရွက်​များ​ကို​သီချုပ်​လျက် မိမိ​တို့​အတွက် ခါးဝတ်တန်ဆာ​ကို ပြုလုပ်​ကြ​၏​။
အပြစ်၏အကျိုးဆက်များ
8နေအေး​သော​အချိန်​တွင် ဥယျာဉ်​၌ ထာဝရအရှင်​ဘုရားသခင် ကြွ​တော်မူ​သော​အသံ​ကို လူ​လင်မယား​သည် ကြား​လျှင် ထာဝရအရှင်​ဘုရားသခင် ရှေ့​တော်​မှ​လွတ်​ရန် ဥယျာဉ်​ရှိ​သစ်ပင်​များ​ကြားတွင် ပုန်းကွယ်​လျက်​နေ​ကြ​၏​။ 9ထာဝရအရှင်​ဘုရားသခင်​က လူ​ကို​ခေါ်​၍ “​သင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​၏​။ 10လူ​က​လည်း “​ဥယျာဉ်​၌ ကိုယ်တော်​၏​အသံ​ကို​ကြား​၍ အကျွန်ုပ်​မှာ အဝတ်မပါ​အချည်းစည်း​ဖြစ်​သောကြောင့် ကြောက်​၍ ပုန်းကွယ်​နေ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။ 11ဘုရားသခင်​က​လည်း “​သင့်​မှာ​အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ဟု မည်သူ​ပြော​သနည်း​။ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​မှ​အသီး​ကို သင်​စား​ပြီ​လော​”​ဟု မေး​တော်မူ​၏​။ 12လူ​က​လည်း “​အကျွန်ုပ်​နှင့်အတူ​နေ​စေရန် ကိုယ်တော်​ပေး​ထား​သော​မိန်းမ​သည် ထို​အပင်​မှ​အသီး​ကို အကျွန်ုပ်​အား​ပေး​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။ 13ထာဝရအရှင်​ဘုရားသခင်​က​လည်း မိန်းမ​အား “​သင်​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​”​ဟု မိန့်​တော်မူ​လျှင် မိန်းမ​က “​မြွေ​သည် အကျွန်ုပ်​ကို​လှည့်စား​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”#၂ကော 11:3။​ဟု လျှောက်​လေ​၏​။ 14ထိုအခါ ထာဝရအရှင်​ဘုရားသခင်​က မြွေ​အား “​သင် ဤသို့​ပြု​သောကြောင့် တိရစ္ဆာန်အယဉ်​နှင့် တိရစ္ဆာန်အရိုင်း​အပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် ဝမ်းဗိုက်​ဖြင့်​တွားသွား​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေမှုန့်​ကို​စား​ရ​မည်​။ 15ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 16မိန်းမ​အား​လည်း “​သင်​သန္ဓေတည်​သောအခါ ငါ​သည် သင့်​ကို ပင်ပန်းခက်ခဲမှု အများအပြား​ကြုံတွေ့​စေ​မည်​။ သင်​သည် နာကျင်ခက်ခဲ​စွာ​သားဖွား​ရ​မည်​။ သင်​၏​အလိုဆန္ဒ​သည် သင်​၏​ခင်ပွန်း​အတွက်​ဖြစ်​လိမ့်မည်​။ သူ​သည် သင့်​ကို​အုပ်စိုး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
17ထို့နောက် အာဒံ​အား “​သင်​သည် မိမိ​မယား​၏​စကား​ကို​နားထောင်​၍ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​၏​အသီး​ကို​စား​သောကြောင့် မြေ​သည် သင့်​အတွက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေ​၏​အသီး​ကို ပင်ပန်းခက်ခဲ​စွာ​လုပ်ကိုင်​စားသောက်​ရ​မည်​။ 18မြေ​သည် သင့်​အဖို့ ဆူးပင်​နှင့် ဆူးလေပင်​တို့​ကို​ပေါက်​စေ​မည်​။ သင်​သည် လယ်ယာ​မှ​ထွက်​သော​အပင်​ကို စား​ရ​မည်​။ 19သင့်​ကို မြေ​မှ​ဖြစ်လာ​စေ​သည်​ဖြစ်၍ သင်​သည် မြေ​သို့​မ​ပြန်​မီ​တိုင်အောင် သင်​၏​နဖူး​မှ​ချွေး​နှင့်​ရင်း​၍ အစာ​ကို​စား​ရ​မည်​။ အကြောင်းမူကား သင်​သည် မြေမှုန့်​ဖြစ်​သောကြောင့် မြေမှုန့်​သို့​ပြန်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
20လူ​သည် မိမိ​မယား​၏​အမည်​ကို ဧဝ#3:20 “ဇီဝအသက်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။ အကြောင်းမူကား သူ​သည် အသက်ရှင်​သော​သူ​အပေါင်း​တို့​၏​မိခင်​ဖြစ်​၏​။ 21ထာဝရအရှင်​ဘုရားသခင်​သည် အာဒံ​နှင့် သူ​၏​မယား​အတွက် သားရေ​ဝတ်ရုံ​ကို​လုပ်​၍ သူ​တို့​အား​ဝတ်ဆင်​ပေး​တော်မူ​၏​။
22ထို့နောက် ထာဝရအရှင်​ဘုရားသခင်​က “​ကြည့်ရှု​လော့​။ လူ​သည် အကောင်း​အဆိုး​ကို​သိ​ခြင်း​အရာ​၌ ငါ​တို့​ထဲမှ​တစ်ပါးပါး​ကဲ့သို့​ဖြစ်လာ​ပြီ​။ ယခုမှာ သူ​သည် လက်​ကို​ဆန့်​ပြီး အသက်​ပင်​၏​အသီး​ကို​ယူ​စား​၍ ထာဝရ​အသက်ရှင်​ခွင့် မ​ရ​သင့်​”​ဟု မိန့်​တော်မူ​၏​။ 23ထို့ကြောင့် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို ဧဒင်​ဥယျာဉ်​ထဲမှ​နှင်ထုတ်​၍ မြေ​မှ​ဖြစ်လာ​သော​လူ​ကို ထို​မြေ​ကို​ပင် ထွန်ယက်​လုပ်ကိုင်​စေ​၏​။ 24ထိုသို့ လူ​ကို​နှင်ထုတ်​ပြီးလျှင် အသက်​ပင်​သို့​သွား​ရာ​လမ်း​ကို​စောင့်ရှောက်​စေရန် ခေရုဗိမ်#3:24 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​နှင့်တကွ အဘက်ဘက်​လည်​နေ​သော​မီးလျှံ​ဓား​ကို ဧဒင်​ဥယျာဉ်​အရှေ့ဘက်​၌ ထား​တော်မူ​၏​။

اکنون انتخاب شده:

ကမ္ဘာဦးကျမ်း 3: MSBU

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید