Luke 2
2
1ထိုအချိန်ကာလfတွင် ရောမဧကရာဇ် ဩဂုတ္တုသည် ရောမအင်ပါယာ အုပ်စိုးမှုအောက်တွင် နေထိုင်သူတိုင်းကို သန်းခေါင်စာရင်း ကောက်ခံရမည်ဟု အမိန့်ထုတ်ပြန်လေ၏။ 2ဤသို့ပထမဦးဆုံး သန်းခေါင်စာရင်း စတင်ကောက်ယူချိန်၌ ကုရေနိသည် ဆီးရီးယားပြည်၏ဘုရင်ခံ ဖြစ်လေ၏။ 3လူတိုင်းသည် သူတို့၏ မွေးရပ်ဌာနေသို့ ပြန်၍ သန်းခေါင်စာရင်းဝင်ရန် သွားရောက်ကြရမည်ဖြစ်သဖြင့် 4ယောသပ်သည်လည်း ဘုရင်ဒါဝိဒ်၏မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်သောကြောင့် ဂါလိလဲပြည် နာဇရက်မြို့မှထွက်ခွာ၍ ဘုရင်ဒါဝိဒ်၏ဇာတိမြို့ဖြစ်သော ယုဒပြည်ရှိ ဗက်လင်မြို့သို့ သန်းခေါင်စာရင်းသွင်းရန် သွားရောက်လေ၏။ 5ထိုသို့သွားရာတွင် ယောသပ်သည် သူနှင့် စေ့စပ်ထားသောမာရိနှင့်အတူ သွားခဲ့၏။ မာရိသည်လည်း ကိုယ်ဝန်ဆောင်လျက်ရှိ၏။ 6သူတို့နှစ်ဦး ဗက်လင်မြို့၌ ရှိနေစဉ် မာရိသည် မီးဖွားရန် အချိန်ကျရောက်လာ၍ 7သူမသည် သားဦးယောကျ်ားလေးအား ဖွားမြင်လေ၏။ ထိုအချိန်၌ သူတို့အတွက် ဧည့်သည်များတည်းခိုရာအခန်း၌ တည်းခိုစရာနေရာလွတ် မရှိတော့သဖြင့် သူမသည် ကလေးအား အနှီးဖြင့်ပတ်ကာ နွားစားခွက်တွင် သိပ်ထားရလေ၏။ 8ထိုအရပ်တွင် သိုးကျောင်းသားတစ်ချို့သည် ဗက်လင်မြို့အနီးရှိ စားကျက်ကွင်းများတွင် ၎င်းတို့၏သိုးများအား ညအခါ၌ စောင့်ကြပ်နေကြလေ၏။ 9ရုတ်တရက် ဘုရားရှင်၏နတ်ဒေဝါတစ်ပါးသည် သူတို့၏ရှေ့တွင် ပေါ်လာပြီး သူတို့၏ပတ်လည်၌ ဘုရားရှင်၏ဘုန်းတန်ခိုးတော်အားဖြင့် ထွန်းလင်းတောက်ပနေသဖြင့် သိုးကျောင်းသားတို့သည်လည်း လွန်စွာထိတ်လန့်သွားကြလေ၏။ 10ထို့နောက် နတ်ဒေဝါက သူတို့အား “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်ဖွယ်ရာဖြစ်စေမည့် မင်္ဂလာသတင်းကောင်းကို သင်တို့ထံ ငါဆောင်ယူလာ၏။ 11ယနေ့ညတွင် ကယ်တင်ရှင်မေရှိယgသည် ဒါဝိဒ်၏မြို့၌ သင်တို့အတွက် ဖွားမြင်တော်မူပြီ။ 12သင်တို့အတွက် နိမိတ်လက္ခဏာမူကား ဗက်လင်မြို့၌ အနှီးဖြင့်ပတ်၍ နွားစားခွက်ထဲ၌ သိပ်ထားသောကလေးငယ်ကိုမြင်လျှင် သင်တို့သည် သူ့ကိုသိကြလိမ့်မည်” ဟုဆိုလေ၏။ 13ထိုချက်ချင်းတွင် ထိုနတ်ဒေဝါနှင့်အတူ ရွှေမြို့တော်မှ နတ်ဒေဝါများစွာတို့သည်လည်း ပေါ်လာ၍ ဘုရားရှင်ကို ချီးမွမ်းကာ 14“ရွှေမြို့တော်၌ ရှိတော်မူသော ဘုရားရှင်ကို ဘုန်းကြီးတော်မူစေသတည်း။
ဤကမ္ဘာမြေပေါ်ရှိ ဘုရားရှင်အား ဆည်းကပ်သော လူအားလုံးအပေါ်၌လည်း ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း”
ဟုဆိုကြလေ၏။ 15ထို့နောက် နတ်ဒေဝါတို့ ရွှေမြို့တော်သို့ ပြန်သွားပြီးနောက် သိုးကျောင်းသားတို့သည် “ငါတို့အား ဘုရားရှင်ဟောကြားတော်မူသောအရာကိုကြည့်ရှုရန် ဗက်လင်မြို့သို့ သွားကြအံ့” ဟုအချင်းချင်းပြောဆိုကြလေ၏။ 16ထို့နောက် သူတို့သည် ထိုနေရာသို့ အလျင်အမြန် သွားကြသောအခါ ယောသပ်၊ မာရိတို့နှင့်အတူ နွားစားခွက်၌ သိပ်ထားသော ကလေးငယ်ကို တွေ့ကြရလေ၏။ 17သိုးကျောင်းသားတို့သည်လည်း ကလေးငယ်ယေရှုအား တွေ့သောအခါ နတ်ဒေဝါများက ပြောပြခဲ့သည့် ကလေးငယ်နှင့် ပတ်သက်သည့် အကြောင်းအရာတို့ကို နေရာအနှံ့အပြားရှိ လူတို့အား ပြောပြကြလေ၏။ 18သိုးကျောင်းသားများ ပြောပြသည့် အကြောင်းအရာများကို ကြားကြရသော လူအပေါင်းတို့သည်လည်း အံ့ဩကြကုန်၏။ 19မာရိမူကား ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအားလုံးတို့ကို အောက်မေ့သတိရလျှက် ထိုအရာတို့သည် မည်ကဲ့သို့အဓိပ္ပါယ်ရှိသည်ကို ထပ်ခါထပ်ခါ တွေးတောနေခဲ့လေ၏။ 20ထို့နောက် သိုးကျောင်းသားတို့သည်လည်း စားကျက်ကွင်းများဆီသို့ ပြန်သွားကြပြီး သူတို့မြင်ခဲ့ကြားခဲ့ရသည့် အကြောင်းအရာများအတွက် ဘုရားရှင်ကို ရိုသေလေးမြတ်စွာ ချီးမွမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချင်းအရာတို့သည် နတ်ဒေဝါများက သူတို့အား ပြောကြားခဲ့သည့်အတိုင်းပင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းကြောင့်ဖြစ်၏။ 21ကလေးငယ်ဖွားမြင်ပြီး ရှစ်ရက်မြောက်သောနေ့၌ မောရှေ၏ပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း ကလေးငယ်အား အရေဖျားလှီးမင်္ဂလာပြုလုပ်ဆောင်ရွက်ပေးရန် အချိန်ကျသောအခါ မာရိနှင့် ယောသပ်တို့သည် ကလေးငယ်အား သူမ၏ဝမ်းထဲ၌ ပဋိသန္ဓေမတည်မီကပင် နတ်ဒေဝါက မိန့်မှာခဲ့သည့်အတိုင်း ယေရှုဟု အမည်ပေးကြလေ၏။ 22ထို့နောက် မောရှေ၏ပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း သန့်စင်ခြင်းမင်္ဂလာကို ဆောင်ရွက်ရသော နေ့ရက်များပြီးသောအခါ မာရိနှင့် ယောသပ်တို့သည် ကလေးငယ်ယေရှုကို ဘုရားရှင်ထံတော်၌ ဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကြ၏။ 23သူတို့ ဤသို့လာရောက်ရခြင်းမှာ ပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း “သားဦးယောကျ်ားတိုင်းကို ဘုရားရှင်ထံ ဆက်ကပ်အပ်နှံရမည်” နှင့် 24“ချိုးငှက်တစ်စုံ သို့မဟုတ် ခိုငှက်ငယ် နှစ်ကောင်ဖြင့် ပူဇော်ရမည်” ဆိုသည့်အတိုင်း ဆက်ကပ်ပူဇော်ရန် ဖြစ်၏။ 25ထိုအချိန်တွင် ဂျေရုဆလင်မြို့ ၌ ရှုမောင်အမည်ရှိ လူတစ်ဦးရှိလေသည်။ သူသည် ဘုရားရှင်ကို ကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်၏။ ဘုရားရှင်သည် အစ္စရေးလူမျိုးတို့အား ခွန်အားပေး၍ ကယ်တင်ပေးမည်ကို စောင့်မျှော်နေသူတစ်ဦးလည်း ဖြစ်သည့်အတွက် ဉာဏ်အလင်းတော်သည် သူ့ထံသို့ ဆင်းသက်၍ 26သူ့အား “သင်သည် ကယ်တင်ရှင်မေရှိယကို မဖူးမြင်ရဘဲ သေရလိမ့်မည်မဟုတ်” ဟုမိန့်တော်မူ၏။ 27ထို့နောက် မာရိနှင့် ယောသပ်တို့သည်လည်း ပညတ်တော်အရ ဆက်ကပ်ပူဇော်ခြင်းအမှုကိုပြုရန် ဗိမာန်တော်ထဲသို့ ကလေးငယ်ယေရှုကို ခေါ်ဆောင်လာသည့်အချိန်၌ ရှုမောင်သည်လည်း ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် ဗိမာန်တော်အတွင်းသို့ ဝင်ရောက်လာလေ၏။ 28ထိုအခါ ရှုမောင်သည် ကလေးငယ်ယေရှုကို သူ၏လက်ထဲ၌ ပွေ့ချီ၍ ဘုရားရှင်၏ဂုဏ်တော်ကို ဤသို့ချီးမွမ်းလေ၏။ 29“အရှင်ဘုရား၊ သင်ပေးအပ်တော်မူသော ကတိတော်အတိုင်းယခုသင်၏အစေခံသည် ငြိမ်းချမ်းစွာသေခြင်းအခွင့်ကို ရပါပြီ။ 30အကြောင်းမူကား လူအများကိုကယ်တင်ရန်အတွက် သင်စေလွှတ်တော်မူသော အရှင်ကို ကျွန်ုပ်မျက်မြင်ကြုံတွေ့ရပြီ ဖြစ်၏။ 31ထို့ပြင် လူသားအပေါင်းတို့သည်လည်း သင်ပြင်ဆင်စေလွှတ်တော်မူသောအရှင်ကို မြင်တွေ့ရမည်ဖြစ်၏။ 32ထိုသူသည် အရှင်ဘုရားအား လူမျိုးခြားတို့ထံ ထင်ရှားပေါ်လွင်စေမည့် အလင်းရောင်ဖြစ်ပြီး သင်၏လူမျိုးဖြစ်သော အစ္စရေးတို့အတွက် ဘုန်းအသရေကို ဆောင်ယူလာမည့်သူဖြစ်ပါ၏” ဟူ၍ဖြစ်သည်။ 33မာရိနှင့် ယောသပ်တို့သည်လည်း ရှုမောင်ပြောပြသည့် ကလေးငယ်ယေရှု၏အကြောင်းကို ကြားကြရသဖြင့် အံဩနေကြလေ၏။ 34ထို့နောက် ရှုမောင်သည် သူတို့အား ကောင်းကြီးပေးပြီးနောက် မာရိအား “ဘုရားရှင်သည် သင်၏ကလေးငယ်ကို အစ္စရေးလူမျိုးများအကြား၌ အပြစ်ပေးခံရသူနှင့် ကယ်တင်ခြင်းခံရသူတို့ကို ခွဲခြားရန် ရွေးချယ်ထားတော်မူ၏။ သူသည် ဘုရားရှင်ထံမှ နိမိတ်လက္ခဏာတစ်ခုဖြစ်သော်လည်း လူများစွာတို့က သူ့ကိုဆန့်ကျင်ခြင်းကို ခံရပေလိမ့်မည်။ 35ဤသည်ကား များစွာသောလူတို့၏စိတ်နှလုံးထဲမှ တွေးတောကြံစည်မှုများ ထွက်ပေါ်လာမည့်အကြောင်းတည်း။ ထို့ပြင် လူတို့သည် သူ့အပေါ်၌ ဆိုးရွားစွာပြုမူကြခြင်းကြောင့် ချွန်ထက်သည့်ဓါးတစ်လက်သည် သင့်နှလုံးသားကို ထိုးစိုက်ဝင်သကဲ့သို့ သင်သည်လည်း ပြင်းထန်စွာဝမ်းနည်းပူဆွေးရလိမ့်မည်” ဟုဆိုလေ၏။ 36ထိုနေရာ၌ အာရှာမျိုးနွယ်ဝင် ဖနွေလ၏သမီးဖြစ်သူ အရိယာသူတော်စင်အန္နလည်း ရှိနေခဲ့၏။ သူမသည် အိမ်ထောင်ပြုခဲ့ပြီး ခင်ပွန်းနှင့်အတူ ခုနှစ်နှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီးနောက် 37ယခု သူမသည် မုဆိုးမတစ်ဦးဖြစ်၍ အသက်မှာလည်း ရှစ်ဆယ့်လေးနှစ်ရှိပြီ ဖြစ်သောကြောင့် အိုမင်းလျှက်ရှိ၏။ သူမသည် ဗိမာန်တော်မှ အဘယ်သောအခါမျှ မခွာဘဲ ဘုရားဝတ်ပြုဆုတောင်းခြင်း၊ အစာရှောင်ဥပုသ်စောင့်ခြင်းတို့ကို နေ့ညမပြတ် ဆောင်ရွက်သူတစ်ဦးဖြစ်၏။ 38သူမသည်လည်း ထိုတစ်ချိန်တည်းမှာပင် ဗိမာန်တော်ဝန်းအတွင်းသို့ ရောက်လာပြီးလျှင် ကလေးငယ်ယေရှုကို မြင်သောအခါ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်း၍ ဂျေရုဆလင်မြို့၌ ရွေးနှုတ်ကယ်တင်တော်မူခြင်းကို စောင့်မျှော်နေခဲ့ကြသော လူအပေါင်းတို့အား ကလေးငယ်၏အကြောင်းကို ပြောကြားလေ၏။ 39ထို့နောက် မာရိနှင့် ယောသပ်တို့သည် ဘုရားရှင်၏ ပညတ်တော်များကိုကျေပွန်စွာ ဆောင်ရွက်ပြီးနောက် သူတို့၏နေရပ်မြို့ဖြစ်သော ဂါလိလဲပြည်ရှိ နာဇရက်မြို့သို့ ပြန်ခဲ့ကြ၏။ 40ထို့့နောက်တွင် ကလေးငယ်သည်လည်း ကြီးပြင်းလာ၍ ကြံ့ခိုင်သန်စွမ်း၍ ဉာဏ်ပညာပြည့်စုံကာ ဘုရားရှင်၏ကောင်းကြီးပေးခြင်းကို ခံစားရလေ၏။ 41နှစ်စဉ်နှစ်တိုင်း မာရိနှင့် ယောသပ်တို့သည် ပသခါပွဲတော်ဆင်နွှဲရန်အတွက် ဂျေရုဆလင်မြို့သို့ သွားလေ့ရှိကြ၏။ 42ကိုယ်တော်ယေရှု အသက်တစ်ဆယ့်နှစ်နှစ်အရွယ်တွင် သူတို့အားလုံးသည် ပသခါပွဲတော်ဆင်နွှဲရန်အတွက် ထိုမြို့သို့ သွားခဲ့ကြလေ၏။ 43ပသခါပွဲတော်kနေ့ရက်များပြီးသောအခါ ကလေးငယ်ယေရှုသည် ဂျေရုဆလင်မြို့တွင် ကျန်နေခဲ့သည်ကို ယေရှု၏မိခင်နှင့် ယောသပ်တို့သည် မသိရှိခဲ့ကြဘဲ ပြန်လာခဲ့ကြလေ၏။ 44ကလေးငယ်ယေရှုသည် သူတို့နှင့်အတူ အိမ်ပြန်ရာ ခရီးသွားလူအုပ်ထဲတွင် လိုက်ပါလာခဲ့သည်ဟု တွေးထင်ခဲ့ကြပြီး တစ်ရက်ကြာတိုင် ခရီးဆက်ခဲ့ကြလေ၏။ ထို့နောက်တွင်မှ သူတို့သည် ကလေးငယ်ယေရှုအား ဆွေမျိုးများနှင့် မိတ်ဆွေများအကြားတွင် ရှာဖွေကြလေ၏။ 45သူ့ကို မတွေ့ကြသောအခါ ယေရှုကို ဂျေရုဆလင်မြို့ ၌ ရှာဖွေရန် ပြန်လာခဲ့ကြလေ၏။ 46သုံးရက်ခန့်ကြာသော် သူတို့သည် ကလေးငယ်ယေရှုကို ဗိမာန်တော်၌ ဂျူးဘာသာရေးဆရာများအလယ်၌ ထိုင်နေသည်ကို တွေ့ရှိကြ၏။ သူသည် ထိုသူတို့ပြောဆိုသည်တို့ကို နားထောင်ကာ မေးခွန်းများ ပြန်၍မေးနေလေ၏။ 47ကလေးငယ်ယေရှု၏စကားတို့ကို ကြားရသော လူတိုင်းသည် သူ၏ထိုးထွင်းသိမြင်မှုနှင့် ဖြေဆိုချက်များကို အံ့ဩနေကြလေ၏။ 48မာရိနှင့် ယောသပ်တို့သည်လည်း ကလေးငယ်ယေရှုအား တွေ့သောအခါ အံ့ဩကြလျှက် မာရိက “သား၊ ငါတို့အပေါ် အဘယ်ကြောင့် ဤသို့ပြုရသနည်း။ ငါတို့သည် စိုးရိမ်ပူပန်စွာဖြင့် သင့်ကိုရှာဖွေခဲ့ရ၏” ဟုဆိုလေ၏။ 49ထိုအခါ ကလေးငယ်ယေရှုက “အဘယ်ကြောင့် အကျွန်ုပ်ကို လိုက်လံရှာဖွေနေသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ဖမည်းတော်၏အိမ်တော်၌ ရှိနေမည်ကို မသိကြသလော” ဟုပြန်ဖြေလေ၏။ 50သို့သော်လည်း သူတို့သည် ကလေးငယ်ယေရှုပြောလိုသည့်အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ 51ထိုနောက် ကလေးငယ်ယေရှုသည် မာရိနှင့် ယောသပ်တို့နှင့်အတူ နာဇရက်မြို့သို့ ပြန်ကြပြီး သူတို့စကားကို နာခံလျက်နေတော်မူ၏။ သို့သော် သူ၏မိခင်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သူမ၏စိတ်နှလုံး၌ တွေးတော၍နေလေ၏။ 52ပြီးနောက် ယေရှုသည် ကြီးပြင်းလာသောအခါ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်း၍ ဉာဏ်ပညာနှင့် ပြည့်စုံလျက် ဘုရားရှင်နှင့် လူအပေါင်းတို့၏နှစ်သက်ခြင်းကိုလည်းခံရလေ၏။
Actualmente seleccionado:
Luke 2: TPV-RV
Destacar
Compartir
Copiar

¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.