မဿဲ 5
5
တောင်ပေါ်ဒေသနာ
1တစ်နေ့၌ ယေရှုသည် လူထုပရိသတ်များကို မြင်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြ၏။ 2ထိုအခါ ကိုယ်တော်သည် သူတို့ကို စတင်၍ သွန်သင်တော်မူ၏။
မင်္ဂလာတရားတော်
3ယေရှုက
“စိတ်အားငယ်၍ ဘုရားသခင်ကို လိုအပ်ကြောင်းသိမြင်သောသူတို့#5:3 မူရင်းဂရိကျမ်းတွင် “စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူ” ဟု ပါရှိသည်။သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
4ငိုကြွေးမြည်တမ်းသောသူတို့သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
5စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကမ္ဘာလောကတစ်ခုလုံးကို အမွေခံကြရမည်ဖြစ်သောကြောင့်ပင်။
6ဖြောင့်မတ်ခြင်းကို ငတ်မွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အလိုဆန္ဒပြည့်စုံကြရမည်ဖြစ်သောကြောင့်ပင်။
7သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သနားကြင်နာခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
8စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်ကို တွေ့မြင်ကြရမည်ဖြစ်သောကြောင့်ပင်။
9ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
10ဖြောင့်မတ်စွာလုပ်ဆောင်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
11ငါ့ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မဟုတ်မမှန်ဘဲအမျိုးမျိုးစွပ်စွဲပြောဆိုခြင်းတို့ကို ခံရသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ 12ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
ဆားနှင့် အလင်းအကြောင်း သွန်သင်တော်မူခြင်း
13သင်တို့သည် ဤလောက၏ဆား ဖြစ်ကြ၏။ သို့ရာတွင် ဆားသည် အငန်ဓာတ်ပျောက်ဆုံးလျှင် ငန်သောအရသာကို မည်သို့ပြန်ရနိုင်မည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့ဘဲ အပြင်သို့ ပစ်လိုက်သဖြင့် လူတို့၏နင်းခြေခြင်းကို ခံရရုံသာ ရှိပေမည်။
14သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌ တည်သောမြို့ကို ဖုံးကွယ်ထား၍ မရနိုင်။ 15မည်သူမျှ ဆီမီးခွက်ကို ထွန်း၍ တောင်းအောက်၌ ထားလေ့မရှိ။ အိမ်သူအိမ်သားတို့ အလင်းရောင်ရစေရန် ဆီမီးတိုင်ပေါ်တွင် တင်ထားလေ့ရှိကြ၏။ 16ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ပညတ်တရားအကြောင်း သွန်သင်တော်မူခြင်း
17ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန် လာသည်မဟုတ်။ ထိုကျမ်းများတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် ငါလာ၏။ 18သင်တို့အား ငါအမှန် ဆိုရလျှင် ကောင်းကင်နှင့်မြေကြီး မကွယ်ပျောက်မချင်း ဘုရားသခင်၏ ပညတ်ကျမ်းထဲ၌ရှိသည့် အသေးငယ်ဆုံးသော အက္ခရာတစ်လုံးမျှ မကွယ်ပျောက်ရ။ ထိုကျမ်းတွင် ဖော်ပြသမျှသောအရာတို့သည် ဖြစ်လာရမည်။ 19အသေးနုပ်ဆုံးသောပညတ်တော်ကို ချိုးဖောက်၍ သူတစ်ပါးကို ထိုနည်းတူ ချိုးဖောက်ရန် သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အသေးနုပ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာ၍ သူတစ်ပါးကို သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။
20သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
အမျက်ဒေါသအကြောင်း သွန်သင်တော်မူခြင်း
21‘လူ့အသက်ကို မသတ်နှင့်။ လူ့အသက်ကို သတ်သောသူသည် အပြစ်စီရင်ခံရလိမ့်မည်’#5:21 ထွ ၂၀:၁၃၊ တရား ၅:၁၇။ ဟု ဘိုးဘေးတို့ကို ပညတ်ထားကြောင်း သင်တို့ကြားကြရ၏။ 22သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည်#5:22 အချို့လက်ရေးမူကျမ်းများတွင် “အကြောင်းမရှိဘဲ အမျက်ဒေါသထွက်သူသည်” ဟု ဖော်ပြထားသည်။ အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
23ထို့ကြောင့် သင်သည် ယဇ်ပလ္လင်ရှေ့တွင် ပူဇော်စရာကို ဆက်သသောအခါ တစ်စုံတစ်ဦး၌ သင့်အား မကျေနပ်စရာအကြောင်းရှိသည်ကို သတိရမိလျှင် 24ထိုပူဇော်စရာကို ယဇ်ပလ္လင်ရှေ့တွင် ချထား၍ ထိုသူထံသို့ သွားလော့။ သူနှင့် ပြန်လည်သင့်မြတ်ရန် ဦးစွာလုပ်ဆောင်ပြီးနောက် ပြန်လာ၍ ပူဇော်စရာကို ဘုရားသခင်ထံ ဆက်သလော့။
25သင်သည် တရားလိုနှင့်အတူ တရားရုံးသို့ သွားသောအခါ ထိုသူနှင့် အမှုကျေအေးစေရန် လမ်း၌ပင် အလျင်အမြန်လုပ်ဆောင်လော့။ ထိုသို့မဟုတ်လျှင် တရားလိုသည် သင့်ကို တရားသူကြီးလက်သို့ အပ်လိမ့်မည်။ ထိုတရားသူကြီးသည်လည်း အရာရှိထံသို့အပ်သဖြင့် သင်သည် ထောင်ချခံရလိမ့်မည်။ 26ထိုသို့ဖြစ်လျှင် သင်ဆပ်ရမည့်ငွေကို အကုန်အစင်မဆပ်သရွေ့#5:26 မူရင်းဂရိကျမ်းတွင် “နောက်ဆုံးကွတ်ရန်တေးကို သင်ပြန်မဆပ်သရွေ့” ဟု တွေ့ရှိရသည်။ “ကွတ်ရန်တေး” သည် ရောမကြေးဒင်္ဂါးတစ်မျိုးဖြစ်သည်။ ထိုကြေးဒင်္ဂါးတစ်ပြားသည် ဒေနာရိ ခြောက်ဆယ့်လေးပုံတစ်ပုံနှင့် ညီမျှပြီး တန်ဖိုးအလွန်နည်းသော ကြေးဒင်္ဂါးဖြစ်သည်။ ထောင်မှ လုံးဝလွတ်နိုင်မည်မဟုတ်။
သူတစ်ပါးသားမယားကို ပြစ်မှားခြင်းအကြောင်း သွန်သင်တော်မူခြင်း
27‘သူတစ်ပါးသားမယားကို မပြစ်မှားနှင့်’#5:27 ထွ ၂၀:၁၄၊ တရား ၅:၁၈။ ဟူသော ပညတ်တော်ကို သင်တို့ကြားရပြီ။ 28သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။ 29ထို့ကြောင့် သင်၏ လက်ယာမျက်စိသည် ထိုတဏှာစိတ်ကို ဖြစ်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ ခန္ဓာတစ်ခုလုံး ငရဲသို့ ချခံရခြင်းထက် အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် ပို၍ ကောင်း၏။ 30ထိုနည်းတူ လက်ယာလက်သည် သင့်ကို အပြစ်ကျူးလွန်စေပါက ဖြတ်၍ လွှင့်ပစ်လော့။ ခန္ဓာတစ်ခုလုံး ငရဲသို့ ချခံရခြင်းထက် အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် ပို၍ ကောင်း၏။
ကွာရှင်းခြင်းအကြောင်း သွန်သင်တော်မူခြင်း
31‘မိမိဇနီးမယားကို ကွာရှင်းလိုသူသည် ကွာရှင်းစာချုပ်ကို ပေးရမည်’#5:31 တရား ၂၄:၁။ ဟု ပညတ်ကျမ်းတွင် ဖော်ပြထားသည်ကို သင်တို့ ကြားရပြီ။ 32သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူသည် အိမ်ထောင်ရေးဖောက်ပြန်မှုမရှိသော်လည်း ခင်ပွန်းဖြစ်သူက ထိုဇနီးကို ကွာရှင်းလျှင် သူသည် မိမိဇနီးကို အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်စေရာရောက်၏။ ကွာရှင်းထားသောအမျိုးသမီးကို လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
ကတိသစ္စာအကြောင်း သွန်သင်တော်မူခြင်း
33ထို့ပြင် ‘မဟုတ်မမှန်ဘဲမကျိန်ဆိုရ။ ကတိသစ္စာပြုသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ ဆောင်ရွက်ရမည်’#5:33 တော ၃၀:၂။ ဟု ဘိုးဘေးတို့အား ပြောခဲ့သည်ကိုလည်း သင်တို့ကြားရပြီ။ 34သို့သော် သင်တို့ကို ငါပြောဆိုသည်မှာ လုံးဝ မကျိန်ဆိုရ။ ကောင်းကင်ဘုံသည် ဘုရားသခင်၏ရာဇပလ္လင်တော် ဖြစ်သောကြောင့် ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ဆိုရ။ 35မြေကြီးသည် ဘုရားသခင်၏ ခြေတင်ရာခုံဖြစ်သောကြောင့် မြေကြီးကို တိုင်တည်၍ မကျိန်ဆိုရ။ ဂျေရုဆလင်မြို့သည် ကြီးမြတ်သောဘုရင်၏ မြို့တော်ဖြစ်သောကြောင့် ထိုမြို့ကို တိုင်တည်၍လည်း မကျိန်ဆိုရ။ 36သင်သည် ဆံချည်တစ်မျှင်ကိုပင် ဖြူစေရန်၊ နက်စေရန် မစွမ်းဆောင်နိုင်သောကြောင့် သင်၏ ဦးခေါင်းကို တိုင်တည်၍ မကျိန်ဆိုရ။ 37သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်၏၊’ မဟုတ်သည်ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထိုစကားတို့ထက် ပိုသောစကားသည် မာရ်နတ်ထံမှ လာသောစကား ဖြစ်၏။
လက်တုံ့ပြန်ခြင်းအကြောင်း သွန်သင်တော်မူခြင်း
38‘မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား’#5:38 ထွ ၂၁:၂၄၊ ဝတ် ၂၄:၂၀၊ တရား ၁၉:၂၁။ ဟူသောပညတ်တော်ကို သင်တို့ကြားရပြီ။ 39သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။ 40သင့်ကို တရားစွဲ၍ သင်၏အတွင်းအင်္ကျီကို ရယူလိုသောသူအား ဝတ်ရုံကိုပါ ပေးလော့။ 41တစ်စုံတစ်ဦးသည် သင့်ကို အတင်းအကျပ်ပြု၍ ခရီးတစ်မိုင်သွားစေလျှင် ထိုသူနှင့်အတူ ခရီးနှစ်မိုင်သွားလော့။ 42တောင်းသောသူကို ပေးကမ်းလော့။ ချေးငှားလိုသူကိုလည်း မငြင်းပယ်နှင့်။
ရန်သူကို ချစ်ရန် သွန်သင်တော်မူခြင်း
43‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။#5:43 ဝတ် ၁၉:၁၈။ ရန်သူကို မုန်းလော့’ ဟူသည့် ပညတ်တော်ကို သင်တို့ကြားရပြီ။ 44သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ရန်သူကို ချစ်၍ သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများအတွက် ဆုတောင်းမေတ္တာပို့လော့။ 45ထိုသို့ ပြုလျှင် သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကောင်းသောသူနှင့် မကောင်းသောသူ အပေါ်တွင် နေကို ထွက်ပေါ်စေတော်မူသောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူ အပေါ်၌ မိုးကို ရွာစေတော်မူ၏။ 46သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။ 47ထို့ပြင် သင်တို့၏ မိတ်ဆွေများ#5:47 မူရင်းဂရိကျမ်းတွင် “ညီအစ်ကို” ဟု ပါရှိသည်။ကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။ 48ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ပြီးပြည့်စုံတော်မူသကဲ့သို့ သင်တို့သည်လည်း ပြီးပြည့်စုံသောသူများ ဖြစ်ကြလော့။
Actualmente seleccionado:
မဿဲ 5: BCB
Destacar
Compartir
Copiar
¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.