ယောဟန် 5
5
ခြေမသန်သောသူတစ်ဦးကို ကျန်းမာစေတော်မူခြင်း
1ထို့နောက် ဂျူးလူမျိုးတို့၏ ပွဲတော်တစ်ခုရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။ 2ဂျေရုဆလင်မြို့၊ သိုးတံခါးအနီး၌ ဟေဗြဲဘာသာဖြင့် ဗေသေသဒဟု ခေါ်သည့် ရေကန်တစ်ကန်ရှိ၏။ ထိုရေကန်၌ မုခ်ငါးခုရှိ၏။ 3ထိုမုခ်များအောက်တွင် ဖျားနာသူ၊ မျက်စိမမြင်သူ၊ ခြေမသန်သူ၊ လေဖြတ်သူ စသည့်လူနာအမြောက်အမြားတို့သည် လဲလျောင်းနေကြ၏။ (သူတို့သည် ရေလှုပ်ရှားချိန်ကို စောင့်နေကြခြင်းဖြစ်၏။ 4ထိုသို့ စောင့်နေရခြင်းမှာ ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးသည် အချိန်တန်လျှင် ရေကန်သို့ဆင်း၍ ရေကို လှုပ်ရှားစေတတ်သောကြောင့်ဖြစ်၏။ ရေလှုပ်ရှားပြီးနောက် ရေထဲသို့ အဦးဆုံးဆင်းနိုင်သူသည် မိမိခံစားရသမျှသော ရောဂါများမှ ကင်းလွတ်တတ်၏။)#5:4 အချို့လက်ရေးမူကျမ်းများတွင် ကွင်းထဲမှကျမ်းပိုဒ် မပါဝင်ပါ။ 5သုံးဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်နေသောသူတစ်ဦးသည်လည်း ထိုနေရာ၌ရှိ၏။ 6ယေရှုသည် ထိုသူ လဲလျောင်းနေသည်ကို မြင်၍ နာမကျန်းဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းကို သိတော်မူလျှင် “သင်ကျန်းမာလိုသလော” ဟု မေးတော်မူ၏။
7ထိုသူက “သခင်… ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကို ရေကန်ထဲသို့ ချပေးမည့်သူ တစ်ဦးမျှမရှိပါ။ အကျွန်ုပ်သွားမည်ပြုစဉ် အခြားသူတစ်ဦးသည် အကျွန်ုပ်ထက်အလျင် ဆင်းတတ်ပါ၏” ဟု လျှောက်လေ၏။
8ယေရှုက “ထလော့။ သင့်အိပ်ရာကို ယူ၍ လမ်းလျှောက်လော့” ဟု မိန့်တော်မူ၏။
9ထိုအခါ သူသည် ချက်ချင်းပင် အကောင်းပကတိဖြစ်လာ၍ အိပ်ရာကို ယူလျက် လမ်းလျှောက်လေ၏။ ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ 10ထို့ကြောင့် ဂျူးခေါင်းဆောင်တို့က ရောဂါပျောက်ကင်းသွားသောသူအား “ယနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထို့ကြောင့် သင်၏ အိပ်ရာကို သယ်ယူခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်မကိုက်ညီပါ” ဟု ပြောကြ၏။
11သို့သော် ထိုသူက “ကျွန်ုပ်ကို ကျန်းမာစေသောသူက ‘ထလော့။ သင့်အိပ်ရာကို ယူ၍ လမ်းလျှောက်လော့’ ဟု ပြောပါသည်” ဟူ၍ ဖြေလေ၏။
12ထိုသူတို့ကလည်း “သင့်အား ‘ထလော့။ သင့်အိပ်ရာကို ယူ၍ လမ်းလျှောက်လော့’ ဟု ပြောသူသည် မည်သူနည်း” ဟု မေးကြ၏။
13သို့သော် မည်သူဖြစ်ကြောင်းကို သူသည် မသိ။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် လူအုပ်ထဲသို့ မထင်မရှား ကြွသွားတော်မူသောကြောင့်ဖြစ်၏။ 14ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌ တွေ့မြင်တော်မူသဖြင့် “ယခု သင်ကျန်းမာပြီ။ နောက်ထပ် အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ ဆိုးရွားသောဘေးဒုက္ခသည် သင့်အပေါ်ကျရောက်လိမ့်မည်” ဟု မိန့်တော်မူ၏။ 15ထိုသူသည် မိမိကိုကျန်းမာစေသူမှာ ယေရှုဖြစ်ကြောင်း ဂျူးခေါင်းဆောင်တို့ကို သွား၍ ပြောလေ၏။
ဘုရားသားတော်ဖြစ်ကြောင်း ကြွေးကြော်တော်မူခြင်း
16ဤသို့သောအခြင်းအရာများကို ဥပုသ်နေ့၌ ယေရှုပြုတော်မူသောကြောင့် ဂျူးခေါင်းဆောင်တို့သည် ယေရှုကို လိုက်လံနှောင့်ယှက်ကြ၏။#5:16 မူရင်းဂရိကျမ်းတွင် “ညှဉ်းပန်းနှိပ်စက်” ဟု ပါရှိသည်။ 17သို့သော် ယေရှုက “ငါ့ခမည်းတော်သည် အစဉ် အလုပ်လုပ်တော်မူသကဲ့သို့ ငါသည်လည်း လုပ်၏” ဟု ပြန်ပြောတော်မူ၏။ 18ထိုအခါ ဂျူးခေါင်းဆောင်တို့က ယေရှုကို သတ်ရန် ပို၍အားထုတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်စည်းကမ်းကို ချိုးဖောက်သည်သာမက ဘုရားသခင်ကိုလည်း ခမည်းတော်ဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားနှင့် တန်းတူထားတော်မူသောကြောင့်ဖြစ်၏။
19ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သားတော်သည် မည်သည့်အမှုကိုမျှ မိမိအလိုအလျောက် မပြုနိုင်။ ခမည်းတော်ပြုတော်မူသောအမှုကို မြင်၍သာ ပြု၏။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်သည်လည်း ပြု၏။ 20ခမည်းတော်သည် သားတော်ကို ချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှကို သားတော်အား ပြတော်မူ၏။ ဤလူကို ကျန်းမာစေခြင်းအမှုကဲ့သို့သော အမှုများထက် ပို၍ ကြီးမြတ်သော အမှုများကို ခမည်းတော်သည် သားတော်အား ပြတော်မူလိမ့်မည်။ ထိုအခါ သင်တို့သည် အမှန်ပင်အံ့အားသင့်ကြလိမ့်မည်။ 21ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။ 22-23လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသကဲ့သို့ သားတော်ကိုလည်း ရိုသေရန် ခမည်းတော်သည် မည်သူ့ကိုမျှ တရားစီရင်တော်မမူဘဲ ထိုတရားစီရင်ပိုင်ခွင့်ရှိသမျှကို သားတော်အား ပေးအပ်တော်မူ၏။ သားတော်ကို မရိုသေသောသူသည် သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသေသောသူဖြစ်၏။
24သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
25သင်တို့အား ငါအမှန်ဆို၏။ သေသောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားသည့်အချိန် ကျရောက်လာလိမ့်မည်။ စင်စစ် ထိုအချိန်သည် ယခုပင် ရောက်လျက်ရှိ၏။ သားတော်၏ အသံကို ကြားသောသူတို့သည် အသက်ရှင်လိမ့်မည်။ 26အဘယ်ကြောင့်ဆိုသော် ခမည်းတော်သည် မိမိ၌ အသက်ပေးပိုင်သောတန်ခိုးရှိတော်မူသည့်အတိုင်း ထိုအသက်ပေးပိုင်သောတန်ခိုးကို သားတော်အားလည်း ပေးတော်မူသောကြောင့်ဖြစ်၏။ 27ထို့ပြင် သားတော်သည် လူသား#5:27 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။ဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အား ပေးအပ်တော်မူ၏။ 28ဤအရာကို မအံ့သြကြနှင့်။ သေလွန်သောသူရှိသမျှသည် ဘုရားသခင်၏သားတော်အသံကို ကြား၍ သင်္ချိုင်းဂူများမှ ထမြောက်မည့်အချိန် ရောက်လာလိမ့်မည်။ 29ကောင်းမှုပြုသောသူတို့သည် သေရာမှ ထမြောက်၍ ပြန်ရှင်လိမ့်မည်။ မကောင်းမှုပြုသောသူတို့သည် သေရာမှထမြောက်၍ အပြစ်စီရင်ခြင်းခံရလိမ့်မည်။
30ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဆန္ဒအလျောက် မပြုနိုင်။ ခမည်းတော်မိန့်တော်မူသည့်အတိုင်း ငါတရားစီရင်၏။ ငါ့တရားစီရင်ခြင်းသည် တရားမျှတ၏။ ငါသည် မိမိအလိုအတိုင်း မဆောင်ရွက်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်အတိုင်းဆောင်ရွက်သောကြောင့် ငါ့တရားစီရင်ခြင်းသည် မှန်ကန်၏။
ယေရှုအတွက် သက်သေများ
31ငါသည် ကိုယ့်အကြောင်းကိုယ် သက်သေခံလျှင် ငါ၏ သက်သေသည် မခိုင်လုံပါ။ 32သို့ရာတွင် ငါ့အကြောင်းကို သက်သေခံသည့် အခြားတစ်ဦးရှိ၏။ သူ၏သက်သေ မှန်ကန်ကြောင်းကို ငါသိ၏။ 33သင်တို့သည် နှစ်ခြင်းဆရာယောဟန်ထံသို့ လူလွှတ်၍ မေးမြန်းစေကြ၏။ သူသည် ငါ့အကြောင်းကို မှန်ကန်စွာ သက်သေခံ၏။ 34လူတို့၏သက်သေကို ငါမလိုအပ်သော်လည်း သင်တို့ကယ်တင်ခြင်းရရန် ဤစကားကို ငါပြောရ၏။ 35ယောဟန်သည် မီးစာဖြင့် ထွန်းညှိထား၍ လင်းထိန်နေသော ဆီမီးခွက်သဖွယ်ဖြစ်ပြီး သင်တို့သည် သူ၏ သတင်းစကား#5:35 မူရင်းဂရိကျမ်းတွင် “သူ၏အလင်း” ဟု ပါရှိသည်။ကြောင့် ခဏတာစိတ်အားထက်သန်ကြ၏။ 36သို့သော် ယောဟန်၏ သက်သေထက် ကြီးမြတ်သော သက်သေသည် ငါ၌ ရှိ၏။ ခမည်းတော်သည် ငါ့အား ထိုအမှုတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ပေးအပ်တော်မူ၏။ ထိုအမှုတို့ကပင် ငါ့ကို ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြ၏။ 37ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏။ သင်တို့သည် ခမည်းတော်၏ အသံတော်ကိုလည်း မည်သည့်အခါမျှမကြားကြ။ ပုံသဏ္ဌာန်တော်ကိုလည်း မမြင်ကြ။ 38ခမည်းတော် စေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်သောကြောင့် သူ၏နှုတ်ကပတ်တရားတော်သည်လည်း သင်တို့စိတ်နှလုံးတွင် မတည်။
39သင်တို့သည် ကျမ်းစာက ထာဝရအသက်ပေးသည်ဟု ထင်မှတ်၍ ကျမ်းစာကို လေ့လာတတ်ကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်း သက်သေခံ၏။ 40သို့သော် သင်တို့သည် ထိုထာဝရအသက်ကို ရရန် ငါ့ထံသို့ မချဉ်းကပ်လိုကြပေ။
41လူတို့၏ဂုဏ်ပြုချီးမြှောက်ခြင်းကို ငါမခံလို။ 42အဘယ်ကြောင့်ဆိုသော် သင်တို့ အထဲ၌ ဘုရားသခင်ကိုချစ်သောစိတ် မရှိကြောင်း ငါသိမြင်သောကြောင့်ဖြစ်၏။ 43ငါသည် ခမည်းတော်၏ အခွင့်နှင့်#5:43 မူရင်းဂရိကျမ်းတွင် “အမည်နာမတော်ဖြင့်” ဟု ပါရှိသည်။ လာသော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးသည် ကိုယ်ပိုင်အခွင့်#5:43 မူရင်းဂရိကျမ်းတွင် “အမည်နာမဖြင့်” ဟု ပါရှိသည်။နှင့် လာပါက သင်တို့သည် ထိုသူကို လက်ခံကြလိမ့်မည်။ 44သင်တို့သည် အချင်းချင်းဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်၏ ဂုဏ်ပြုချီးမြှောက်ခြင်းကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေသည်မှာ အံ့ဩစရာမရှိ။
45ခမည်းတော် ရှေ့မှောက်တွင် ငါသည် သင်တို့အား ပြစ်တင်စွပ်စွဲလိမ့်မည်ဟု မထင်ကြနှင့်။ သင်တို့ကို ပြစ်တင်စွပ်စွဲမည့်သူမှာ သင်တို့ ကိုးစားသော မောရှေပင်ဖြစ်၏။ 46မောရှေသည် ငါ့အကြောင်းကို ရေးသား၏။ ထို့ကြောင့် သင်တို့သည် မောရှေကို ယုံကြည်လျှင် ငါ့ကိုလည်း ယုံကြည်ကြလိမ့်မည်။ 47သို့ဖြစ်၍ မောရှေ၏ ရေးသားချက်ကို သင်တို့မယုံကြည်လျှင် ငါ့စကားကို မည်သို့ ယုံကြည်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
Actualmente seleccionado:
ယောဟန် 5: BCB
Destacar
Compartir
Copiar
¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.