မဿဲ 18
18
ကောင်းကင်နိုင်ငံတော်၌ အကြီးမြတ်ဆုံးသူ
1ထိုအချိန်တွင် တပည့်တော်တို့သည် ယေရှုထံတော်သို့ချဉ်းကပ်၍ “ကောင်းကင်နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း” ဟု မေးလျှောက်ကြ၏။
2ယေရှုသည် ကလေးငယ်တစ်ဦးကို ခေါ်၍ သူတို့ အလယ်တွင်ထားလျက် 3“ငါအမှန်ဆိုရလျှင် သင်တို့သည် ပြောင်းလဲ၍ ကလေးငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။ 4ဤကလေးငယ်ကဲ့သို့ နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတွင် အကြီးမြတ်ဆုံးဖြစ်၏။
5ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလည်းလက်ခံ၏။ 6ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်အား မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။
7ဤလောက၌ အပြစ်ကျူးလွန်စေရန် ဖြားယောင်းသွေးဆောင်သောအရာများရှိ၏။ လောကီသားတို့သည်လည်း ထိုဖြားယောင်းသွေးဆောင်ရာသို့ လိုက်ပါသောကြောင့် အမင်္ဂလာရှိကြ၏။ ဖြားယောင်းသွေးဆောင်ခြင်းတို့သည် ရှောင်လွှဲမရသောအရာများဖြစ်၏။ သို့ရာတွင် အပြစ်ကျူးလွန်စရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။ 8ထို့ကြောင့်သင်၏ လက်၊ သို့မဟုတ် ခြေတို့သည် သင့်ကို အပြစ်ကျူးလွန်စေပါက ဖြတ်၍ လွှင့်ပစ်လော့။ ခြေလက်အစုံနှင့် ထာဝရမီးထဲသို့ ချခံရခြင်းထက် လက်တစ်ဖက်၊ သို့မဟုတ် ခြေတစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။ 9သင်၏ မျက်စိသည် သင့်ကို အပြစ်ကျူးလွန်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ မျက်စိနှစ်ဖက်နှင့် ငရဲမီးထဲသို့ ချခံရခြင်းထက် မျက်စိတစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။
10ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ပျောက်သောသိုး ပုံဥပမာ
11လူသား#18:11 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသောဂုဏ်ပုဒ်ဖြစ်သည်။သည် ပျောက်သောသူကို ကယ်တင်ရန် ကြွလာခြင်းဖြစ်၏။#18:11 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်ငယ်မပါဝင်ပါ။ 12လူတစ်ယောက်တွင် သိုးအကောင်တစ်ရာရှိ၏။ ထိုသိုးများအနက် တစ်ကောင်သည် လမ်းမှား၍ပျောက်ဆုံးပါက သူသည် မည်သို့ပြုမည်ဟု သင်တို့ထင်ကြသနည်း။ သူသည် သိုးကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်တွင် ချန်ထားပြီးလျှင် လမ်းမှား၍ ပျောက်သောသိုးကို ရှာဖွေမည်မဟုတ်လော။ 13တွေ့ရှိသောအခါ မပျောက်ဆုံးသော သိုးကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်ရသည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်ရသည်ဟု ငါအမှန်ဆို၏။ 14ထိုကဲ့သို့ပင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤကလေးငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
ပြစ်မှားသောညီအစ်ကိုမောင်နှမတစ်ဦးကို တည့်မတ်ပေးခြင်း
15သင်၏ညီအစ်ကိုမောင်နှမ#18:15 မူရင်းဂရိကျမ်းတွင် ပါရှိသော “အဒဲလ်ဖွေ” မှာ ညီအစ်ကို တစ်မျိုးတည်းအတွက်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမ နှစ်မျိုးလုံးအတွက် ရည်ညွှန်းနိုင်သည်။ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်နှင့်အညီ ဤကျမ်းချက်ပါ ယင်းစကားလုံးမှာ ယေရှုကို ယုံကြည်သည့် ညီအစ်ကိုမောင်နှမကဲ့သို့သော အမျိုးသား၊ အမျိုးသမီး နှစ်မျိုးလုံးကို ရည်ညွှန်းသည်။တစ်ဦးသည် သင့်ကို ပြစ်မှားလျှင် သူ့ထံသို့ သွား၍ သူ၏အပြစ်ကို နှစ်ကိုယ်ကြားဖော်ပြလော့။ ထိုသူသည် သင့်စကားကို နားထောင်လျှင် သင်သည် ထိုသူကို ပြန်ရရှိပြီ။ 16ထိုသို့မဟုတ်ဘဲ သင့်စကားကို နားမထောင်ပါက သင်နှင့်အတူ အသိသက်သေတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကိုခေါ်၍ နောက်တစ်ကြိမ်သွားလော့။ သို့မှသာ အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်နိုင်မည်ဖြစ်၏။ 17ထိုသူသည် သူတို့၏ စကားကို နားမထောင်ဘဲနေလျှင် ဤအမှုကို အသင်းတော်သို့ တင်ပြလော့။ ထိုသူသည် အသင်းတော်၏ဆုံးဖြတ်ချက်ကိုပင်လျှင် နားမထောင်ပါက ဘုရားသခင်ကို မကိုးကွယ်သောသူနှင့် အကျင့်ပျက်သောအခွန်ကောက်သူကဲ့သို့ သူ့အား သတ်မှတ်လော့။
18ငါအမှန်ဆိုရလျှင် ကမ္ဘာလောကတွင် သင်တို့တားမြစ်#18:18 မူရင်းဂရိကျမ်းတွင် “ချည်နှောင်” ဟု ဖော်ပြထားသည်။သမျှသည် ကောင်းကင်ဘုံ၌လည်း တားမြစ်ခံရမည်။ ကမ္ဘာလောကတွင် သင်တို့ခွင့်ပြု#18:18 မူရင်းဂရိကျမ်းတွင် “ဖြေလွှတ်” ဟု ဖော်ပြထားသည်။သမျှသည် ကောင်းကင်ဘုံ၌လည်း ခွင့်ပြုခံရမည်။
19တစ်ဖန် ငါအမှန်ဆိုရလျှင် လောကတွင် သင်တို့ထဲမှ လူနှစ်ဦးတို့သဘောတူ၍ ဆုတောင်းလျှင် တောင်းသမျှသောဆုကို ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်သည် ပေးသနားတော်မူလိမ့်မည်။ 20လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
ခွင့်မလွှတ်သည့်ကြွေးတင်သူ ပုံဥပမာ
21ထိုအခါ ပေတရုသည် ယေရှုထံသို့ ချဉ်းကပ်၍ “သခင်… အကျွန်ုပ်ကို အပြစ်ကျူးလွန်သောညီအစ်ကိုအား အကြိမ်မည်မျှ ခွင့်လွှတ်ရမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော” ဟု မေးလျှောက်လေ၏။
22ယေရှုက “ခုနစ်ကြိမ်သာ ခွင့်လွှတ်ရမည်ဟု ငါမဆိုပါ။ အကြိမ်ပေါင်း ခုနစ်ဆယ့် ခုနစ်လီတိုင်အောင် ခွင့်လွှတ်ရမည်ဟု ငါဆို၏။
23ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိကျွန်များနှင့် ငွေစာရင်းရှင်းလိုသောဘုရင်တစ်ပါး၏ အဖြစ်နှင့် တူ၏။ 24သူသည် စာရင်းရှင်းတမ်းပြုစဉ်တွင် ငွေကြေးသန်းပေါင်းများစွာ#18:24 မူရင်းဂရိကျမ်းတွင် “တာလန် တစ်သောင်း” ဟု ပါရှိသည်။ တစ်တာလန်၏ တန်ဖိုးသည် အလုပ်သမားတစ်ဦး၏ ၁၅ နှစ် လုပ်အားခထက်ပင် ပိုသည်။ ကြွေးတင်သူတစ်ဦးကို သူ့ထံ ခေါ်လာကြ၏။ 25ထိုသူသည် အကြွေးမဆပ်နိုင်သဖြင့် သူ၏သခင်က ထိုသူမှစ၍ ဇနီး၊ သားသမီးများနှင့် ဥစ္စာပစ္စည်းများကို ရောင်းချ၍ ဆပ်ပေးရန် အမိန့်ပေးလေ၏။
26ထိုအခါ ထိုကျွန်သည် သခင်ရှေ့တွင် ဒူးထောက်လျက် ‘ကျွန်ုပ်ကို သည်းခံတော်မူပါ။ ရှိသမျှအကြွေးကို ကျွန်ုပ်ပြန်ဆပ်ပါမည်’ ဟု လျှောက်၏။ 27သခင်သည် သူ့အားသနားသဖြင့် ကြွေးရှိသမျှကို ပယ်ဖျက်၍ ကင်းလွတ်ခွင့်ပေးလိုက်၏။
28သို့သော် ထိုကျွန်သည် ထွက်သွားပြီးနောက် သူ့အား ငွေဒင်္ဂါးပြားတစ်ရာ#18:28 မူရင်းဂရိကျမ်းတွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိတစ်ပြား၏ တန်ဖိုးသည် လုပ်သားတစ်ဦး၏တစ်နေ့တာလုပ်အားခနှင့် ညီမျှသည်။ အကြွေးတင်နေသော ကျွန်ဖော်ချင်းတစ်ဦးကို တွေ့လျှင် ထိုသူ၏ လည်ကိုညှစ်၍ ‘သင်ချေးယူထားသောအကြွေးကို ဆပ်လော့’ ဟု ဆိုလေ၏။
29ထိုကျွန်ဖော်ချင်းသည် ဒူးထောက်၍ ‘ကျွန်ုပ်ကို သည်းခံပေးပါ။ အကြွေးရှိသမျှကို ကျွန်ုပ်ဆပ်ပါမည်’ ဟု တောင်းပန်၏။ 30သို့သော် ကြွေးရှင်သည်လက်မခံဘဲ ထိုအကြွေးမဆပ်မီတိုင်အောင် သူ့ကို ထောင်ထဲတွင် ထည့်ထား၏။
31ထိုအဖြစ်အပျက်ကို အခြားသောကျွန်ဖော်ချင်းတို့သည် တွေ့မြင်သော် အလွန်နာကြည်းသဖြင့် မိမိတို့သခင်ထံ သွား၍ ဖြစ်ပျက်သမျှကို လျှောက်ကြ၏။ 32ထိုအခါ သခင်သည် ထိုကျွန်ကိုခေါ်၍ ‘ဆိုးယုတ်သောကျွန်… သင်သည်ငါ့ကို အသနားခံတောင်းပန်သောကြောင့် ငါသည် သင့်အကြွေးရှိသမျှကို ချေဖျက်ခဲ့၏။ 33ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း သင့်ကျွန်ဖော်ချင်းကို သနားသင့်သည်မဟုတ်လော’ ဟု ဆိုလေ၏။ 34သခင်သည် သူ့အား အမျက်ထွက်၍ ရှိသမျှအကြွေးကို မဆပ်မီတိုင်အောင် နှိပ်စက်ခံစေရန် ထောင်ထဲတွင်ထည့်ထားလေ၏။
35ထိုနည်းတူ သင်တို့တစ်ဦးချင်းသည် မိမိညီအစ်ကိုမောင်နှမကို စိတ်ရင်းအမှန်ဖြင့် ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော်သည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူမည်မဟုတ်” ဟု မိန့်တော်မူ၏။
Valgt i Øjeblikket:
မဿဲ 18: BCB
Markering
Del
Kopiér
Vil du have dine markeringer gemt på tværs af alle dine enheder? Tilmeld dig eller log ind
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.