Luke 5
5
1တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် ဂင်္နေသရက်အိုင်နားတွင် ရပ်နေတော်မူနေစဉ် လူထုပရိသတ်တို့သည် ဘုရားရှင်၏နှုတ်ကပတ်တော်ကို ကြားနာရန် ကိုယ်တော်၏ပတ်လည်၌ စုဝေးရောက်ရှိလာကြ၏ 2ထို့နောက် ကိုယ်တော်သည် ကမ်းစပ်တွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည်လည်း လှေပေါ်မှဆင်း၍ ငါးဖမ်းပိုက်ကွန်များကို ဆေးကြောနေကြ၏။ 3ထိုအခါ ကိုယ်တော်ယေရှုသည် ထိုလှေနှစ်စင်းအနက် ရှိမုန်၏လှေပေါ်သို့ တက်၍ လှေကို ကမ်းခြေမှ အနည်းငယ်ခွာရန် တောင်းဆိုတော်မူ၏။ ထို့နောက် သူသည် လှေပေါ်၌ ထိုင်ကာ လူတို့အား ဟောပြောသွန်သင်တော်မူ၏။ 4ဟောပြောသွန်သင်ပြီးသောအခါ ကိုယ်တော်သည် ရှိမုန်အား “လှေကို ရေနက်ရာဘက်သို့ လှော်ခတ်၍ သင်၏ငါးဖမ်းပိုက်ကို ချလိုက်ပါ” ဟုမိန့်တော်မူ၏။ 5ရှိမုန်ကလည်း “ကိုယ်တော်၊ အကျွန်ုပ်တို့ တစ်ညလုံး ပင်ပင်ပန်းပန်း ကြိုးစား၍ ငါးဖမ်းခဲ့သော်လည်း ငါးတစ်ကောင်တစ်လေမှ မရခဲ့ပါ။ သို့ရာတွင် ကိုယ်တော်စေခိုင်းသည့်အတွက် အကျွန်ုပ် ငါးဖမ်းပိုက်ကို ထပ်၍ ချလိုက်ပါမည်” ဟုဖြေလေ၏။ 6ထိုသို့ဖြင့် ငါးဖမ်းပိုက်များကို ချလိုက်သောအခါ သူတို့သည် ငါးဖမ်းပိုက်များ ကွဲလုမတတ် ငါးများစွာကို ဖမ်းမိကြ၏။ 7ထို့ကြောင့် သူတို့သည် အခြားလှေပေါ်တွင်ရှိသော တံငါသည် အပေါင်းအပါတို့ကို သူတို့အား ကူညီနိုင်ရန်အတွက် အချက်ပြ၍ လှမ်းခေါ်လိုက်လေ၏။ ထိုသူတို့ ရောက်လာကြပြီး လှေနှစ်စင်းလုံးတွင် ငါးများကို ထည့်ကြရာ သူတို့၏လှေများသည်လည်း နစ်မြုပ်လုနီးပါး ဖြစ်သွားလေ၏။ 8ဤအဖြစ်အပျက်ကို မြင်တွေ့သောအခါ ရှိမုန်ပေတရုသည် ကိုယ်တော်ယေရှု၏ခြေရင်း၌ ဒူးထောက်ရှိခိုးကာ “ကိုယ်တော်၊ အကျွန်ုပ်သည် အပြစ်ဒုစရိုက်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ကို စွန့်ခွာသွားတော်မူပါ” ဟုလျှောက်တင်လေ၏။ 9ဤသို့ဆိုရခြင်းမှာ ရှိမုန်နှင့်တကွ သူ၏အပေါင်းအပါတို့ဖြစ်သော ဇေဗေဒဲ၏သားနှစ်ဦးဖြစ်သူ ယာကုပ်နှင့်ယောဟန်တို့အားလုံးသည် သူတို့ဖမ်းမိသော ငါးအရေအတွက်မှာ များပြားလှသဖြင့် အံ့ဩမဆုံးဖြစ်ကြသောကြောင့်ဖြစ်၏။ 10ကိုယ်တော်ကလည်း ရှိမုန်အား “ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ယခုမှစ၍ ငါးတို့ကိုဖမ်းမည့်အစား လူတို့ကို စုဝေး၍ ငါ၏နောက်လိုက်တပည့်တော်များဖြစ်စေရန် လုပ်ဆောင်ရမည်” ဟုမိန့်တော်မူ၏။ 11ထို့နောက် သူတို့သည်လည်း လှေများကို ကမ်းပေါ်သို့ ဆွဲတင်ပြီးနောက် ရှိသမျှတို့ကို စွန့်လွှတ်ထားခဲ့ပြီး ကိုယ်တော်၏နောက်တော်သို့ လိုက်ကြလေသည်။ 12တစ်ခါက ကိုယ်တော်ယေရှုသည် မြို့တစ်မြို့ ၌ ရှိတော်မူစဉ် ထိုနေရာ၌ အနာကြီးရောဂါစွဲကပ်နေသူ အမျိုးသားတစ်ဦး ရှိလေ၏။ သူသည် ကိုယ်တော်ကို မြင်သည်နှင့် ရှေ့မှောက်၌ ပျပ်ဝပ်၍ “ကိုယ်တော်၊ ကိုယ်တော်သာ အလိုရှိလျှင် အနာရောဂါကို ပျောက်ကင်းစေနိုင်ပါ၏။ ထို့ကြောင့် အကျွန်ုပ်၏ရောဂါကို ပျောက်ကင်းစေတော်မူပါ” ဟုတောင်းလျှောက်လေသည်။ 13ထို့ကြောင့် ကိုယ်တော်သည် ထိုသူအား လက်တော်နှင့်တို့ထိ၍ “ငါအလိုရှိ၏။ ပျောက်ကင်းစေ” ဟုမိန့်တော်မူသည်နှင့်ချက်ချင်းပင် ထိုသူ၏ရောဂါမှာ ပျောက်ကင်းသွားလေ၏။ 14ထို့နောက် ကိုယ်တော်က သူ့အား ဤကဲ့သို့ရောဂါပျောက်ကင်းသွားသည်ကို မည်သူ့ကိုမျှ မပြောပြရန် မိန့်မှာပြီးနောက် “ပုရောဟိတ်ထံသို့ သွားကာ သင့်ခန္ဓာကိုယ်ကို ပြသလော့။ ပြီးလျှင် သင်၏ရောဂါပျောက်ကင်းမှုကို လူတို့၌ သက်သေဖြစ်စေရန် မောရှေပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း ပူဇော်ခြင်းအမှုကို ဆောင်ရွက်လော့” ဟုမိန့်တော်မူ၏။ 15သို့သော်လည်း ကိုယ်တော်၏ဂုဏ်သတင်းသည် နေရာဒေသအရပ်ရပ်သို့ ပိုမိုပျံ့နှံ့သွားသဖြင့် လူအစုအဝေးတို့သည်လည်း ကိုယ်တော်၏ဟောပြောသွန်သင်ချက်များကို နားထောင်ရန်နှင့် နာမကျန်းခြင်းမှ ပျောက်ကင်းစေခြင်းရရန် စုရုံးလာကြ၏။ 16သို့သော် ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်တွင် တစ်ကိုယ်တည်း သွားရောက်ဆုတောင်းလေ့ရှိတော်မူ၏။ 17တစ်နေ့သ၌ ကိုယ်တော်သည် ဟောပြောသွန်သင်တော်မူနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်တို့ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည်လည်း အနီးအပါး၌ ထိုင်လျှက်ရှိကြ၏။ ထိုအချိန်၌ ဘုရားရှင်သည်လည်း ကိုယ်တော်အား လူတို့၏အနာရောဂါများ ပျောက်ကင်းစေခြင်းငှာ တန်ခိုးတော်ကို ပေးအပ်ထားတော်မူသဖြင့် 18လူအချို့သည် လေဖြတ်နေသူတစ်ဦးအား ဖျာပေါ် တွင် တင်ဆောင်ကာ အိမ်အတွင်းသို့ သယ်ယူ၍ ကိုယ်တော်၏ရှေ့တော်၌ ချထားရန် ကြိုးပမ်းကြလေ၏။ 19သို့သော် လူထုပရိသတ်များစွာရှိနေသောကြောင့် အိမ်ထဲသို့ ဝင်စရာလမ်းရှာမတွေ့သဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်ကာ အမိုးကိုခွါ၍ လူများ၏အလယ်တွင်ရှိသော ကိုယ်တော်၏ရှေ့မှောက်သို့ ဖျာလိပ်နှင့်တကွ လျှောချလိုက်ကြ၏။ 20ထိုသူတို့၏ ဤမျှယုံကြည်ချက်ကြီးမားပုံကို မြင်သောအခါ ကိုယ်တော်က လေဖြတ်နေသူအား “မိတ်ဆွေ၊ သင်၏အပြစ်ဒုစရိုက်တို့ကို ခွင့်လွှတ်လိုက်ပြီ” ဟုမိန့်တော်မူ၏။ 21ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် “ဤသူသည် မိမိကိုယ်ကို မည်သူဟုထင်၍ ဤကဲ့သို့သော ဘုရားရှင်ကို စော်ကားသည့်စကားမျိုးကို ဆိုရသနည်း။ သူ့ကိုယ်သူ ဘုရားရှင်ဟုထင်နေသလော။ အကြောင်းမူကား ဘုရားရှင်မှလွဲ၍ အပြစ်များကို ခွင့်လွှတ်နိုင်သူဟူ၍ အဘယ်သူမျှမရှိ” ဟုတွေးတောကြလေ၏။ 22ကိုယ်တော်သည် ထိုသူတို့ မည်ကဲ့သို့ တွေးထင်နေသည်ကို သိတော်မူသဖြင့် “အဘယ်ကြောင့် သင်တို့စိတ်နှလုံး၌ ထိုသို့တွေးတောနေကြသနည်း။ 23‘သင်၏အပြစ်ဒုစရိုက်များကို ခွင့်လွှတ်လိုက်ပြီ’ ဟုဆိုရန်နှင့် ‘ထ၍ လမ်းလျှောက်လော့’ ဟုဆိုရန် မည်သည်က ပို၍လွယ်ကူသနည်း။ 24သို့သော် လူ့သားတော်ဖြစ်သည့် ငါသည် ဤကမ္ဘာလောကတွင် အပြစ်ဒုစရိုက်များကို ခွင့်လွှတ်နိုင်သည့် အခွင့်အာဏာရှိကြောင်း သင်တို့သိစေရန်” ဟုထိုသူတို့အား မိန့်တော်မူပြီးလျှင်၊ လေဖြတ်နေသူအား “သင့်အား ငါဆိုမည်။ ထလော့၊ သင်၏ဖျာကို ယူ၍ အိမ်ကိုပြန်လော့” ဟုမိန့်တော်မူ၏။ 25ဤသို့မိန့်ဆိုလိုက်သည်နှင့် ချက်ချင်း ထိုသူသည် လူအများရှေ့တွင် မတ်တပ်ထရပ်လိုက်ပြီး သူလဲလျောင်းနေခဲ့သောဖျာကို ကောက်ယူသိမ်းဆည်းပြီးနောက် ဘုရားရှင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကာ အိမ်သို့ပြန်သွားလေ၏။ 26လူထုပရိသတ်တို့သည်လည်း အံ့သြကြောက်ရွံ့ကြလျှက် “ထူးဆန်းအံ့ဩဖွယ်အမှုအရာတို့ကို ယနေ့ပင် ငါတို့တွေ့မြင်ရလေပြီ” ဟုပြောဆိုကြပြီး ဘုရားရှင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလေ၏။ 27ထိုအဖြစ်အပျက်များပြီးသောအခါ ကိုယ်တော်ယေရှုသည် ထိုနေရာမှ ထွက်ခွာလာလေရာ လေဝိအမည်ရှိသော အခွန်ကောက်တစ်ဦးသည် အခွန်ကောက်သည့် တဲထဲတွင် ထိုင်နေသည်ကို မြင်တော်မူသဖြင့် ထိုသူအား “ငါ၏တပည့်တော်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူ၏။ 28ထိုအခါ လေဝိသည် ထ၍ ရှိသမျှတို့ကို စွန့်ကာ ကိုယ်တော်၏နောက်တော်သို့ လိုက်ခဲ့လေ၏။ 29ထိုနောက်တွင် လေဝိသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲဖြင့် သူ၏အိမ်တွင် ကိုယ်တော်နှင့် တပည့်တော်တို့အား ဧည့်ခံသဖြင့် အခွန်ကောက်သူများနှင့် အခြားသောဧည့်သည်တော်များသည်လည်း ညစာစားပွဲသို့ စုဝေးရောက်ရှိလာကြပြီး အတူတကွစားသောက်ကြလေ၏။ 30ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်၏တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤအခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများဟု ငါတို့သတ်မှတ်ထားသူများနှင့်အတူတကွ စားသောက်နေကြသနည်း” ဟုစောဒကတက်ကြလေ၏။ 31ကိုယ်တော်က သူတို့ကို ဖြေကြားသည်မှာ “ကျန်းမာသူသည် ဆေးဆရာကို လိုမည်မဟုတ်။ နာမကျန်းသူသာ ဆေးဆရာကို လိုအပ်၏။ 32ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။ 33ထို့နောက် လူအချို့ကလည်း ကိုယ်တော်ယေရှုအား “ရေနှစ်မင်္ဂလာဆရာယောဟန်နှင့် သူ၏တပည့်တို့သည် အစာရှောင်ဆုတောင်းခြင်းကို မကြာခဏပြုလုပ်လေ့ရှိကြ၏။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုသို့ပင် ပြုလုပ်လေ့ရှိကြ၏။ သို့သော်ငြား ကိုယ်တော်၏နောက်လိုက်တပည့်တို့မှာမူကား စားလျက်သောက်လျက်နေကြပြီး အဘယ်ကြောင့် အခြားသူများကဲ့သို့ အစာမရှောင်ကြသနည်း” ဟုမေးခွန်းထုတ်ကြလေ၏။ 34ကိုယ်တော်ကလည်း “မင်္ဂလာပွဲသို့ လာသောဧည့်မိတ်ဆွေတို့သည် သတို့သားနှင့်အတူ ရှိနေသည့်အချိန်၌ အစာရှောင်ကြမည်လော။ မည်သူမျှ ရှောင်ကြမည်မဟုတ်။ 35သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန်ကျလာသည့်အခါမူကား သူတို့သည် မစားမသောက်ဘဲနေလျက် အစာရှောင်ကြလိမ့်မည်” ဟုမိန့်တော်မူလေ၏။ 36ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာဖြင့်မိန့်ဆိုသည်မှာ “အဝတ်အသစ်မှပိတ်စကို ဆုတ်ဖြဲ၍ အဝတ်ဟောင်း၏အပေါက်အပြဲကို ဖာထေးသောသူဟူ၍မရှိ။ ထိုသို့ပြုလျှင် အဝတ်အသစ်ကို ဆုတ်ဖြဲရသည်သာမက ဖာထေးလိုက်သော ပိတ်စအသစ်သည်လည်း အဝတ်ဟောင်းနှင့် လိုက်ဖက်မည်မဟုတ်။ 37ထိုနည်းတူပင် စပျစ်ရည်အသစ်ကို သားရေဘူးအဟောင်း၌ ထည့်သောသူဟူ၍မရှိ။ ထိုသို့ပြုလျှင် စပျစ်ရည်အသစ်သည် သားရေဘူးကို ပေါက်ပြဲစေသဖြင့် စပျစ်ရည်များယိုထွက်ကာ သားရေဘူးသည်လည်း ပျက်စီးရလိမ့်မည်။ 38ထို့ကြောင့် စပျစ်ရည်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ရ၏။ 39ထို့အပြင် စပျစ်ရည်အဟောင်းကို သောက်ပြီးသောသူသည် အဟောင်းနှင့်သာ ကျေနပ်နေမည်ဖြစ်၏။ သူတို့သည် ‘စပျစ်ရည်အဟောင်းသည်သာ ကောင်း၏’ ဟုဆိုလျက် စပျစ်ရည်အသစ်ကို သောက်လိုစိတ်မရှိတတ်” ဟုမိန့်တော်မူ၏။
Currently Selected:
Luke 5: mtpv-rv
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the Musselmani Burmese Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.