YouVersion Logo
Search Icon

Luke 6

6
1တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်ယေရှုနှင့် တပည့်တော်များသည် စပါးခင်းများကို ဖြတ်သန်းသွားကြရာ တပည့်တော်များက စပါးနှံများကို ခူးယူ၍ အခွံများကို လက်ဖြင့်ပွတ်တိုက်ဖယ်ရှားပြီး စားကြသည်ကိုမြင်သဖြင့် 2ဖာရိရှဲအချို့က ကိုယ်တော်နှင့် တပည့်တော်တို့အား “သင်တို့သည် ဥပုသ်နေ့၌ ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း” ဟုဆိုကြလေ၏။ 3ထိုအခါ ကိုယ်တော်က “ကျမ်းစာ၌ ဒါဝိဒ်မှစ၍ သူ၏အပေါင်းအပါတို့ ဆာလောင်ကြသောအခါ မည်ကဲ့သို့ ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ 4ဒါဝိဒ်သည် ဘုရားရှင်၏အိမ်တော်ထဲသို့ဝင်၍ ပုရောဟိတ်များမှတစ်ပါး အခြားမည်သူမျှစားခွင့်မရှိသော သီးသန့်ဆက်ကပ်ထားသည့်မုန့်များကို သူကိုယ်တိုင်စားယုံမျှမက သူ၏အပေါင်းအပါတို့ကိုလည်း ပေးခဲ့၏” ဟုမိန့်ဆိုပြီးနောက် ဆက်လက်၍ ကိုယ်တော်က 5“လူ့သားတော်ဖြစ်သည့် ငါသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏” ဟုမိန့်ဆို၍ နိဂုံးချုပ်လေ၏။ 6အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် ဓမ္မာရုံ၌ ဟောပြောသွန်သင်နေစဉ် လက်ယာလက်သေနေသူတစ်ဦးရှိနေလေ၏။ 7ဖာရိရှဲနှင့် ကျမ်းတတ်ဆရာအချို့သည်လည်း ကိုယ်တော်ယေရှုကို စွပ်စွဲစရာအကြောင်းပြချက် ရှာတွေ့နိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ တစ်စုံတစ်ယောက်ကို ကျန်းမာစေမည်လောဆိုသည်ကို အနီးကပ်စောင့်ကြည့်နေကြ၏။ 8သို့သော် ထိုသူတို့၏တွေးတောကြံစည်သမျှကို သိတော်မူသဖြင့် ကိုယ်တော်က ထိုလက်ယာလက်သေနေသူအား “ထ၍ လူအားလုံးရှေ့၌ မတ်တပ်ရပ်လော့” ဟုမိန့်တော်မူသောကြောင့် ထိုသူသည် ထ၍ မတ်တပ်ရပ်လေ၏။ 9ထို့နောက် ကိုယ်တော်က လူတို့အား “ဥပုသ်နေ့၌ မည်သူ့ကိုမျှ အန္တရာယ်မပြုဘဲ ကောင်းသောအရာကိုသာပြုခြင်းသည် ပညတ်တော်နှင့်ညီသည်ကို ငါတို့သိကြ၏။ ထိုသို့ပင် သတ်ဖြတ်ခြင်းကို ရှောင်ရှား၍ အသက်ကို ကယ်တင်ခြင်းသည် ပညတ်တော်နှင့်ညီသည်ကိုလည်း ငါတို့သိကြ၏။ ဤသည်ကို သင်တို့လက်ခံကြသည်မဟုတ်လော” ဟုမေးတော်မူလျှင် 10မည်သူမျှ ပြန်လည်ဖြေကြားခြင်းမပြုကြပေ။ ထို့ကြောင့် ကိုယ်တော်သည် ဘေးပတ်ဝန်းကျင်ရှိလူတို့ကို လှည့်၍ကြည့်ရှုတော်မူပြီး လက်ယာလက်သေနေသူအား “သင်၏လက်ကို ဆန့်ထုတ်လော့” ဟုမိန့်ဆိုရာ ထိုသူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်ယာလက်မှာ အခြားတစ်ဖက်ကဲ့သို့ပင် အကောင်းပကတိအတိုင်း ဖြစ်သွားလေ၏။ 11ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် ဒေါသအမျက်ထွက်၍ ကိုယ်တော်အား မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြလေ၏။ 12တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် တောင်ပေါ်သို့ သွားရောက်၍ တစ်ညလုံး ဘုရားရှင်ထံ ဝတ်ပြုဆုတောင်းလျက်နေတော်မူ၏။ 13မိုးလင်းသောအခါ တပည့်တော်များကို အထံတော်သို့ ခေါ်ယူစုဝေးစေပြီး ထိုသူတို့ထဲမှ တစ်ဆယ့်နှစ်ဦးအား သာဝကများအဖြစ် ရွေးထုတ်တော်မူ၏။ 14ထိုသူတို့မှာ ပေတရုဟု ကိုယ်တော်အမည်ပေးခဲ့သော ရှိမုန်နှင့် သူ၏ညီဖြစ်သူ အန္ဒြေ၊
ယာကုပ်၊
ယောဟန်၊
ဖိလိပ္ပု၊
ဗာသောလမဲ၊ 15မဿဲ၊
သောမ၊
အာလဖဲ၏သား ယာကုပ်၊
မျိုးချစ်ပုဂ္ဂိုလ်ဟုခေါ်ကြသော ရှိမုန်၊ 16ယာကုပ်၏သား ယုဒနှင့်
နောင်တွင် ကိုယ်တော်ယေရှုအား သစ္စာဖောက်မည့်သူ ယုဒရှကာရုတ် တို့ဖြစ်ကြ၏။ 17ထို့နောက် ကိုယ်တော်သည် သာဝကများနှင့်အတူ တောင်ပေါ်မှ ကြွဆင်းလာ၍ မြေပြန့်အရပ်တွင် ရပ်တော်မူလေ၏။ ထိုနေရာ၌ တပည့်တော်များစွာနှင့်အတူ ယုဒပြည်၊ ဂျေရုဆလင်မြို့၊ တုရုနှင့်ဇိဒုန်မြို့ ကမ်းနားတစ်လျှောက်လုံးရှိ မြို့များစွာတို့မှ လူထုပရိသတ်များစွာတို့သည်လည်း ရောက်ရှိနေကြ၏။ 18ထိုသူတို့သည် ကိုယ်တော်၏ဟောပြောသွန်သင်ချက်များကို နာယူရန်နှင့် မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေခြင်းကိုခံယူရန် လာရောက်ကြခြင်းဖြစ်၏။ မကောင်းဆိုးဝါး ပူးကပ်ခံနေရသူများသည်လည်း အကောင်းပကတိအတိုင်း ဖြစ်ကြလေ၏။ 19ကိုယ်တော်ထံမှ တန်ခိုးတော်များထွက်ပြီး အနာရောဂါအားလုံးကို ပျောက်ကင်းစေသောကြောင့် လူတိုင်းသည်လည်း ကိုယ်တော်ယေရှုအား တို့ထိနိုင်ရန် ကြိုးစားကြ၏။ 20ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံ မျက်နှာမူလျှက် သူတို့အား
“ယခုဆင်းရဲချို့တဲ့သောသင်တို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ဘုရားရှင်၏သာသနာတော်သည် သင်တို့အတွက်ဖြစ်၏။ 21ယခုဆာလောင်ငတ်မွတ်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလိမ့်မည်။
ယခုငိုကြွေးနေကြသောသင်တို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား သင်တို့သည် ရယ်မောကြရလိမ့်မည်။ 22လူ့သားတော်ကြောင့် သင်တို့ကို မုန်းတီးသောအခါ၌လည်းကောင်း၊
ပစ်ပယ်ခံရသောအခါ၌လည်းကောင်း၊ စော်ကားပြောဆိုခံရပြီး
ရိုင်းစိုင်းစွာပြောဆိုခြင်း ခံရလျှင်လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။ 23ထိုသို့ဖြစ်ပါက ဝမ်းသာအားရ ကခုန်ကြလော့။ အကြောင်းမူကား ရွှေမြို့တော်၌ သင်တို့ရရှိမည့်ဆုလာဘ်သည် ကြီးမားလှသောကြောင့်ဖြစ်၏။ ရှေးယခင်ကပင် ထိုသူတို့၏ဘိုးဘေးတို့သည်လည်း အရိယာသူတော်စင်တို့ကို ထိုနည်းတူပင် ပြုမူခဲ့ကြသောကြောင့် ဖြစ်၏” ဟုမိန့်တော်မူ၏။ 24တဖန် ကိုယ်တော်က
“သို့သော် ချမ်းသာသောသူတို့၊ သင်တို့သည် ပြည့်စုံကြွယ်ဝသောဘဝကို
နေထိုင်ခဲ့ရသည်ဖြစ်၍ သင်တို့မှာမူကား အမင်္ဂလာရှိကြ၏။ 25ယခုတွင် ဝလင်စွာ စားသောက်နေထိုင်ရသောသင်တို့သည် အမင်္ဂလာရှိကြ၏။
အကြောင်းမူကား သင်တို့သည် ဆာလောင်မွတ်သိပ်မှုကို ကြုံရလိမ့်မည်။
ယခုတွင် ရယ်မောနေသောသင်တို့သည် အမင်္ဂလာရှိကြ၏။
အကြောင်းမူကား သင်တို့သည် ဝမ်းနည်းပူဆွေးလျှက် ငိုကြွေးကြရလိမ့်မည်။ 26လူအပေါင်းတို့သည် သင်တို့အကြောင်းကို ချီးမွမ်းပြောဆိုကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။
အကြောင်းမူကား ထိုသူတို့၏ဘိုးဘေးတို့သည်လည်း အယောင်ဆောင်အရိယာသူတော်စင်တို့ကို ထိုကဲ့သို့ပင် ချီးမွမ်းပြောဆိုခဲ့ကြသောကြောင့်ဖြစ်သည်”
ဟုမိန့်တော်မူ၏။ 27ကိုယ်တော်က ဆက်လက်၍ “သို့ရာတွင် ယခုကြားနာနေကြသောသင်တို့ကို ငါဆိုမည်။ ရန်သူအပေါ်မေတ္တာထားကြလော့။ မိမိကို မုန်းတီးနေသူများအား သူတို့၏ကောင်းကျိုးကို ပြုပေးကြလော့။ 28သင်တို့ကိုကျိန်ဆဲသောသူကိုလည်း ဘုရားရှင်ကောင်းကျိုးမင်္ဂလာပေးသနားရန် တောင်းလျှောက်ကြလော့။ သင်တို့ကို ရက်စက်သောသူအပေါင်းတို့အားလည်း ဆုတောင်းပေးကြလော့။ 29တစ်စုံတစ်ဦးက သင်၏ပါးတစ်ဖက်ကိုရိုက်ရင် ကျန်ပါးတစ်ဖက်ကိုပါ ရိုက်ခွင့်ပေးလော့။ တစ်စုံတစ်ဦးက သင်၏ဝတ်ရုံကို တောင်းလျှင် သင်၏အတွင်းဝတ်အင်္ကျီကိုပါ ပေးကြလော့။ 30သင့်ထံမှ တစ်စုံတစ်ခု တောင်းခံလာသူအပေါင်းတို့အားလည်း ပေးကမ်းကြလော့။ တစ်စုံတစ်ဦးမှ သင်၏ပစ္စည်းတို့ကို ယူထားပါက ထိုသူထံမှပြန်၍ မတောင်းကြနှင့်။ 31မိမိကို ပြုမူဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးအပေါ် ပြုမူဆက်ဆံကြလော့။ 32မိမိကိုမေတ္တာထားသူကိုသာ ပြန်လည်မေတ္တာထားမည်ဆိုလျှင် ဘုရားရှင်က သင်၏လုပ်ရပ်ကို မည်သို့ချီးမွမ်းနိုင်မည်နည်း။ အကြောင်းမူကား အပြစ်ဒုစရိုက်သားများပင်လျှင် သူတို့ကိုမေတ္တာထားသောသူများကို ပြန်လည်၍မေတ္တာထားတတ်ကြ၏။ 33သင့်အပေါ် ကောင်းသောသူများကိုသာ သင်သည် ပြန်လည်ကောင်းနိုင်မည်ဆိုပါမူ ဘုရားရှင်ထံမှ ဆုလာဘ်ကိုရရှိရန် မမျှော်လင့်ကြနှင့်။ အကြောင်းမူကား အပြစ်ဒုစရိုက်သားများပင်လျှင် ထိုကဲ့သို့ လုပ်နိုင်ကြ၏။ 34ပြန်လည်ရရှိမည်ဟု မျှော်လင့်လျှက် သူတစ်ပါးအား သင်တို့ချေးငှားလျှင် ဘုရားရှင်သည် သင်တို့အား ချီးမွမ်းလိမ့်မည်ဟု ထင်ကြသလော။ အပြစ်ဒုစရိုက်သားများပင်လျှင် ပေးသောပမာဏအတိုင်း ပြန်ရရှိဖို့ရန် သူတို့အချင်းချင်း ချေးငှားတတ်ကြ၏။ 35ထို့ကြောင့် သင်တို့သည် ရန်သူများကို မေတ္တာထား၍ သူတို့အတွက် ကောင်းကျိုးကိုပြုကြလော့။ ပြန်လည်ရရှိရန် မျှော်လင့်ချက်မထားဘဲ ချေးငှားကြလော့။ ဘုရားရှင်သည် ကျေးဇူးမသိသူများနှင့် ဆိုးယုတ်သောသူတို့ကိုပင် မေတ္တာထားတော်မူသည်ဖြစ်၍ သင်တို့ ထိုသို့ပြုလျှင်ကား အကျိုးကျေးဇူးကြီးစွာရ၍ အမြင့်မြတ်ဆုံးသောဘုရားရှင်၏သားသမီးများ ဖြစ်ကြပေလိမ့်မည်။ 36သင်တို့၏အဖဘုရားရှင်သည် သင်တို့အပေါ် မဟာကရုဏာမေတ္တာတော်နှင့်ပြည့်စုံသည်ဖြစ်သည့်နည်းတူ သင်တို့သည်လည်း အခြားသူများအပေါ် မေတ္တာကရုဏာနှင့်ပြည့်စုံကြလော့” ဟုမိန့်တော်မူ၏။ 37တဖန် ကိုယ်တော်က “ထို့ပြင် သူတစ်ပါးအား စီရင်ခြင်းမပြုကြနှင့်၊ သို့မှသာ သင်တို့သည်လည်း စီရင်ခြင်းခံရမည်မဟုတ်။ သူတစ်ပါးကို ပြစ်တင်ဝေဖန်ခြင်းမပြုကြနှင့်၊ သို့မှသာ သင်တို့သည်လည်း ပြစ်တင်ဝေဖန်ခြင်းခံရမည်မဟုတ်။ သူတစ်ပါးကို ခွင့်လွှတ်ကြလော့၊ ထိုမှသာ သင်တို့သည်လည်း ခွင့်လွှတ်ခြင်းခံရလိမ့်မည်။ 38သူတစ်ပါးကို ပေးကမ်းကြလော့။ ထိုသို့ပြုလျှင် သင်တို့ကိုလည်း ပေးကမ်းလိမ့်မည်။ သင်တို့ပေးကမ်းသည့်အတိုင်း အလျှံပယ်သိပ်လျက်၊ ခါလျက်၊ ပြည့်လျှံအောင် သင်တို့အိတ်ထဲသို့ ထည့်ပေးကြလိမ့်မည်။ သင်တို့ပေးကမ်းသည့်စံနှုန်းအတိုင်း သင်တို့ကိုလည်း ပြန်လည်ပေးအပ်ခြင်းခံရလိမ့်မည်” ဟုမိန့်တော်မူ၏။ 39ထို့နောက် ကိုယ်တော်သည် ထိုသူတို့အား ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူသည်မှာ “မျက်မမြင်တစ်ဦးက အခြားမျက်မမြင်တစ်ဦးကို ဦးဆောင်လမ်းပြနိုင်လိမ့်မည်လော။ နှစ်ဦးစလုံးပင် ချောက်ထဲသို့ ပြုတ်ကျသွားနိုင်သည်မဟုတ်ပါလော။ 40ဆရာထက်ပို၍ သာလွန်သောတပည့်ဟူ၍မရှိ။ သို့သော် ပြည့်စုံစွာသင်ယူတတ်မြောက်သောသူတိုင်းသည်ကား မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။ 41သင်သည် ဖုန်မှုန့်လောက်မျှရှိသည့် သင်၏မိတ်ဆွေ၏သေးငယ်သောအမှားတစ်စုံတစ်ရာကို သတိမူလျက် သင့်မျက်လုံးထဲမှ သစ်တုံးလောက်မျှရှိသည့် အမှိုက်စကဲ့သို့သော သင်၏ကြီးလေးသောအမှားကိုမူ သတိမမူဘဲ မနေသင့်ပေ။ 42သင်၏ကြီးလေးသောအမှားများကို ဖြေရှင်းခြင်းမပြုရသေးဘဲ သင်၏မိတ်ဆွေအား ‘မိတ်ဆွေ၊ သင်၏သေးငယ်သောအမှားများကို အကျွန်ုပ်ပြုပြင်ပေးပါရစေ’ ဟုဆိုခြင်းသည် မှား၏။ ထိုသို့ပြုလျှင် သင်သည် သူတော်ကောင်းယောင်ဆောင်သောသူဖြစ်လိမ့်မည်။ ဦးစွာပထမ သင်၏အမှားများကို ပြင်ဆင်သင့်၏။ ပြီးမှသာ သင့်မိတ်ဆွေ၏သေးငယ်သောအမှားများကို ပြင်ဆင်ရန် သင်ကူညီပေးနိုင်လိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။ 43တဖန် ကိုယ်တော်က “ကောင်းမွန်သောအပင်ဟူသည် မကောင်းသောအသီးကို မသီးသကဲ့သို့ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို သီးမည်မဟုတ်။ 44အသီးကိုကြည့်၍ အပင်၏အကြောင်းကို သိနိုင်၏။ အကြောင်းမူကား ဆူးပင်မှ သဖန်းသီးကို မဆွတ်ခူးရနိုင်သကဲ့သို့ ချုံပုတ်မှလည်း စပျစ်သီးကို ခူးဆွတ်မရနိုင်။ 45ထိုနည်းတူစွာ ကောင်းသောသူ၌ ကောင်းမွန်သောအတွေးများသာရှိသဖြင့် သူသည် ကောင်းသောစကားကိုသာဆို၏။ မကောင်းသောသူသည်ကား သူ၏စိတ်၌ မကောင်းသောအတွေးများသာရှိသဖြင့် မကောင်းသောအမှုအရာများကိုသာ ပြုတတ်၏။ ထို့ကြောင့် လူ၏ပြောဆိုသောစကားသည် သူ၏စိတ်နှလုံးရှိအတွေးအခေါ်များကို ဖော်ပြနေ၏” ဟုမိန့်တော်မူ၏။ 46ကိုယ်တော်က ဆက်လက်၍ “သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့အား ‘အရှင်၊’ ‘အရှင်’ ဟုခေါ်နေကြသနည်း။ 47ငါ့ထံလာ၍ ငါ့စကားကို ကြားနာ၍ လိုက်နာကျင့်သုံးသောသူသည် မည်သူနှင့်တူသည်ကို သင်တို့အား ငါပြောပြမည်။ 48ထိုသူသည် မြေကိုနက်စွာတူး၍ ကျောက်ခံမြေပေါ်မှာ အိမ်ဆောက်သောသူနှင့်တူ၏။ ထို့နောက် ရေလွှမ်းမိုး၍ လှိုင်းလုံးများ ရိုက်ခတ်သော်လည်း ထိုအိမ်သည် ကောင်းမွန်သောအုတ်မြစ်ချထားသဖြင့် ပြိုလဲခြင်းမရှိဘဲ ကြံ့ကြံ့ခံနိုင်၏။ 49သို့သော် ငါ့စကားကို ကြားနာသော်လည်း မလိုက်နာသောသူမူကား အုတ်မြစ်မချဘဲ မြေပေါ်၌အိမ်ဆောက်သောသူနှင့်တူ၏။ မြစ်ရေလွှမ်းမိုး၍ ထိုအိမ်ကို ရိုက်ခတ်သောအခါ ချက်ချင်းပြိုလဲ၍ ကုန်စင်စွာပျက်စီးသွားလေ၏” ဟုမိန့်တော်မူ၏။

Currently Selected:

Luke 6: mtpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in