တိတု 2
2
စင်ကြယ်သောဩဝါဒ
1သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။- 2အသက်ကြီးရင့်သော ယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣန္ဒြေစောင့် သောသူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း၊- 3ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကြူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊- 4ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှာ၊ အသက်ပျိုသော မိန်းမတို့သည် ကိုယ်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊- 5ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှာ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊- 6ထိုနည်းတူ၊ အသက်ပျိုသောယောက်ျားတို့သည်လည်း၊ ဣန္ဒြေစောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။
7အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့။ ဆုံးမဩဝါဒပေးသောအခါ၊ မိစ္ဆာဒိဋ္ဌိနှင့်ကင်းခြင်း၊ တည်ကြည်ခြင်း၊- 8အပြစ်တင်ဖွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍၊ တစ်ဖက်၌ နေသောသူသည်၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့် မရနိုင်သောကြောင့်၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။
9အစေခံကျွန်တို့သည်၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်ခြင်းငှာ၊ မိမိတို့သခင်၏ အုပ်စိုးခြင်းကို ဝန်ခံ၍၊ ငြင်းခုံခြင်းမရှိဘဲ၊ အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်းနှင့်၊- 10တိတ်ဆိတ်စွာ ခိုးယူခြင်းကိုမပြုဘဲ၊ ခပ်သိမ်းသော သစ္စာကို ထင်ရှားစွာပြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။
11-13အကြောင်းမူကား၊ မင်္ဂလာရှိသော မျှော်လင့်ရာကိုလည်းကောင်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကိုလည်းကောင်း၊ ငါတို့သည် မျှော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ်ထွန်းလျက်ရှိ၏။- 14ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကို ရွေးနုတ်ခြင်းငှာလည်းကောင်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကို မိမိအဖို့ စင်ကြယ်စေခြင်းငှာလည်းကောင်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲတော်မူပြီ။- 15ဤတရားစကားကိုဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွပြုလော့။ အဘယ်သူမျှ သင့်ကို မထီမဲ့မြင် မပြုစေနှင့်။
Currently Selected:
တိတု 2: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.