ဆာလံ 75
75
တရားစီရင်တော်မူသောဘုရားသခင်
1အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဖွယ်သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။
2ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံသောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။ 3မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည်ဖြစ်၍၊ မြေကြီးတည်သောတိုင်တို့ကို ငါထောက်ခံရ၏။ 4မိုက်သောအကျင့်ကို မကျင့်ကြနှင့်ဟု မိုက်သောသူတို့အားလည်းကောင်း၊ ဦးချိုကို မမြှောက်ကြနှင့်။ 5သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည်ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့အားလည်းကောင်း ငါပြောထား၏။ 6အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှကျေးဇူးမပြုနိုင်။ 7ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တစ်ယောက်ကိုနှိမ့်ချ၍၊ တစ်ယောက်ကို ချီးမြှောက်တော်မူ၏။ 8ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့် ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကိုလည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍သောက်ရကြ၏။ 9ငါမူကား အစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး၏ဘုရားသခင်ကို ထောမနာသီချင်းဆိုပါမည်။ 10မတရားသောသူတို့၏ ဦးချိုအပေါင်းကို ငါချိုးမည်။ တရားသောသူ၏ ဦးချိုတို့မူကား၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။
Currently Selected:
ဆာလံ 75: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.