ဆာလံ 68
68
အောင်ပွဲခံအမျိုးသားသီချင်း
1ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသောသူတို့သည် အထံတော်က ပြေးကြပါစေသော။ 2မီးခိုးလွှင့်သကဲ့သို့ သူတို့ကိုလွှင့်တော်မူပါ။ ဖယောင်းသည် မီးရှေ့မှာအရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။ 3ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသောစိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာ ကြပါစေသော။ 4ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်း ဆိုကြလော့။ သဲကန္တာရတစ်လျောက်စီး၍ ကြွတော်မူသောအရှင်ဖို့ လမ်းကိုပြင်ကြလော့။ ထိုအရှင်၏နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။ 5ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏အဘဖြစ်၍၊ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ 6ဘုရားသခင်သည် ပေါက်ဖော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသောသူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သောသူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
7အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာကြွ၍၊ တော၌ချီတော်မူသောအခါ၊ 8ဘုရားသခင်၏မျက်နှာတော်ကြောင့်၊ မြေကြီးလှုပ်၍ မိုးကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။#ထွ၊ ၁၉:၁၈။ 9အိုဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။ 10ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသောသူတို့အဖို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။ 11ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။ 12စစ်အင်္ဂါဗိုလ်ခြေသခင် ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။ 13သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့လည်းကောင်း၊ နီသောရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့လည်းကောင်း၊ ဖြစ်ကြလိမ့်မည်။ 14အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုးပွင့်ကဲ့သို့ ဖြစ်လေ၏။
15ဘုရားသခင်၏တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သောထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊ 16သင်တို့သည် မြင့်သောတောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှာ အလိုရှိတော်မူသောတောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသောတောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။ 17ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။ 18ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကိုဖမ်းသွားတော်မူ၍၊ ထာဝရအရှင်ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဖို့မက၊ ပုန်ကန်သော လူတို့အဖို့ ဆုလာဘ်များကို ခံရတော်မူပြီ။#ဧ၊ ၄:၈။ 19ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတစ်ပါးညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။ 20ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သောဘုရားဖြစ်တော်မူ၏။ ဘုရားရှင် ထာဝရဘုရားသည် သေခြင်းသို့ ရောက်သောလမ်းကိုလည်း အစိုးပိုင်တော်မူ၏။ 21ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကိုလည်းကောင်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကိုလည်းကောင်း ဧကန်အမှန် နှိပ်စက်တော်မူမည်။ 22သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသောပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။ 23ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကိုနင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
24အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။ 25ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကိုတီးသော အပျိုတို့သည် လိုက်သွားကြပါ၏။ 26ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းချီးပေးကြလော့။ 27အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ၊ နဿလိမင်းများ ပါကြ၏။ 28အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။ 29ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဖို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။ 30ကျူတောသားရဲကိုလည်းကောင်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏နွားပျိုတို့ကိုလည်းကောင်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကိုနှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။ 31အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံတော်သို့ အလျင်အမြန် ဆန့်ရပါစေသော။ 32မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။ 33အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသောအသံဖြစ်၏။ 34ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုးလျက်၊ တန်ခိုးတော်လည်း မိုးတိမ်တို့တွင် ထင်ရှားလျက်ရှိသတည်း။ 35အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကိုပေးတော်မူသော ဘုရားပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Currently Selected:
ဆာလံ 68: JBMLE
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.