ဆာလံ 33
33
ထောမနာသီချင်း
1ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်းအကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏။ 2စောင်းတီး၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့။ 3ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။ 4အကြောင်းမူကား၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏။ 5ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင်ခြင်းကိုနှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။
6ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက်အားဖြင့် မိုးကောင်းကင် တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။ 7သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲသောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏။ 8ထာဝရဘုရားကို မြေကြီးတစ်ပြင်လုံး ကြောက်ရွံ့စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။ 9အကြောင်းမူကား၊ ထာဝရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။
10ထာဝရဘုရားသည် တစ်ပါးအမျိုးသားတို့၏တိုင်ပင်ခြင်းကိုပယ်တော်မူ၏။ လူစုတို့၏ကြံစည်ခြင်းကိုလည်း ဖျက်ဆီးတော်မူ၏။ 11ထာဝရဘုရား၏ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏အကြံအစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင်တည်ကြလိမ့်မည်။ 12ထာဝရဘုရားသည် အကြင်အမျိုး၏ဘုရားဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဖို့ ရွေးကောက်တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည်မင်္ဂလာရှိ၏။
13ထာဝရဘုရားသည် ကောင်းကင်ဘုံကကြည့်ရှု၍၊ လူသားအပေါင်းတို့ကို မြင်တော်မူ၏။ 14ကျိန်းဝပ်တော်မူရာ အရပ်ကကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏။ 15သူတို့၏စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း၍၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏။ 16ရှင်ဘုရင်မည်သည်ကား၊ များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အားကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက်။ 17မြင်းသော်လည်း ဘေးလွတ်ခြင်းအမှုကို မတတ်နိုင်။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်မယူနိုင်။ 18ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊ 19သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။ 20ငါတို့၏ဝိညာဉ်သည် ထာဝရဘုရားကို မျှော်လင့်လျက်နေ၏။ ထိုဘုရားသည် ငါတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။ 21သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့်၊ ငါတို့သည် ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။ 22အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကိုးစားသည်နှင့်အညီ၊ အကျွန်ုပ်တို့အပေါ်မှာ ကရုဏာတော် သက်ရောက်ပါစေသော။
Currently Selected:
ဆာလံ 33: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.