သုတ္တံ 14
14
1ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။ 2ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ 3မိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ 4နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကိုရတတ်၏။ 5သစ္စာရှိသောသက်သေသည် မုသားမသုံးတတ်။ သစ္စာပျက်သောသက်သေမူကား၊ မုသားကိုသုံးတတ်၏။ 6မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍မတွေ့ရာ။ ဉာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။ 7မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာအတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွားလော့။ 8ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း။ မိုက်သောသူ၏မိုက်ခြင်းမူကား၊ ပရိယာယ်တည်း။ 9မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီလေးစားပြုကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြုကြ၏။ 10စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။ 11မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သောသူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ 12လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။#သု၊ ၁၆:၂၅။ 13လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ 14စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေ၊ သူတော်ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့် ဝလိမ့်မည်။ 15ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ 16ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့်တတ်၏။
17စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတစ်ပါး မုန်းလိမ့်မည်။ 18ဉာဏ်တိမ်သောသူသည် မိုက်ခြင်းကို အမွေခံတတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။ 19လူဆိုးတို့သည် သူတော်ကောင်းရှေ့၌လည်းကောင်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ်တံခါးဝ၌လည်းကောင်း ဦးချတတ်ကြ၏။ 20ဆင်းရဲသောသူသည် မိမိအိမ်နီးချင်းမုန်းခြင်းကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာသော အဆွေခင်ပွန်းရှိလိမ့်မည်။ 21မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူကို သနားသောသူမူကား၊ မင်္ဂလာရှိ၏။ 22မကောင်းသောအကြံကို ကြံတတ်သောသူတို့သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ်သောသူတို့မူကား၊ ကရုဏာအကျိုးနှင့် သစ္စာအကျိုးကိုခံရကြလိမ့်မည်။ 23ကြိုးစား၍ လုပ်လေရာရာ၌ ကျေးဇူးရှိ၏။ စကားများခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။ 24ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ 25မှန်သောသက်သေသည် သူ့အသက်ကို ကယ်တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသားကို သုံးတတ်၏။ 26ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီးသော ကိုးစားရာအခွင့်ကို ဖြစ်စေတတ်၏။ သားတော်တို့သည်လည်း၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။ 27ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ 28ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော်တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်းခြင်းရှိ၏။ 29စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ 30ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်း ဖြစ်၏။ 31ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ ဘုရားကိုရိုသေသောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ 32မတရားသောသူသည် မတရားသဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မျှော်လင့်စရာရှိ၏။ 33ဉာဏ်ရှိသောသူ၏နှလုံး၌ ပညာကျိန်းဝပ်တတ်၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ 34ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများတို့ကို ရှုတ်ချတတ်၏။ 35ပညာရှိသောကျွန်အား ရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သောကျွန်မူကား၊ အမျက်တော်ကို ခံရမည်။
Currently Selected:
သုတ္တံ 14: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.