သုတ္တံ 13
13
1ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။ 2လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သောသူမူကား၊ ညှဉ်းဆဲခြင်းအပြစ်၏ အသီးကိုစားရ၏။ 3မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကိုကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်တတ်၏။ 4ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။ 5ဖြောင့်မတ်သောသူသည် မုသားစကားကိုမုန်းတတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဖွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။ 6ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသောသူကို စောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသောသူကို လှဲတတ်၏။ 7အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင်သောသူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန်ဆောင်သောသူလည်းရှိ၏။ 8စည်းစိမ်သည် ရတတ်သောသူ၏ အသက်ကို ရွေးဖို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သောစကားကို မကြားဘဲနေ၏။ 9ဖြောင့်မတ်သောသူ၏အလင်းသည် ရွှင်လန်း၏။ မတရားသောသူ၏မီးခွက်မူကား၊ သေရလိမ့်မည်။ 10မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။ 11လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ်၏။ ကြိုးစားအားထုတ်၍ ဆည်းပူးသောသူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။ 12မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
13နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသောသူမူကား၊ ချမ်းသာရလိမ့်မည်။ 14ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ 15ကောင်းသောဉာဏ်ရှိသောသူသည် မျက်နှာရတတ်၏။ ပြစ်မှားသောသူတို့ လမ်းမူကား၊ ခက်သောလမ်းဖြစ်၏။ 16သမ္မာသတိရှိသောသူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက်သော အပြစ်ကို ထင်ရှားစေတတ်၏။ 17မတရားသောအစေခံသည် မိမိစောင့်သောအမှုကို ဖျက်တတ်၏။ သစ္စာရှိသောသံတမန်မူကား၊ ကျန်းမာခြင်းအကြောင်း ဖြစ်၏။ 18သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။ 19အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သောအရာဖြစ်၏။ 20ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။ 21အပြစ်ရှိသောသူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။ 22သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏။ အပြစ်ရှိသောသူ၏ စည်းစိမ်မူကား၊ ဖြောင့်မတ်သောသူတို့အဖို့ သိုထားလျက်ရှိ၏။ 23ဆင်းရဲသား လယ်လုပ်ခြင်းအားဖြင့် စားစရာပွားများ၏။ သို့ရာတွင်၊ မတရားသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်တတ်၏။ 24ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။ 25ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသောသူမူကား၊ မွတ်သိပ်ခြင်းကိုခံရလိမ့်မည်။
Currently Selected:
သုတ္တံ 13: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.