YouVersion Logo
Search Icon

ယေရမိမြည်တမ်း 4

4
ဇိ​အုန်​မြို့​ကို​ပြစ်​ဒဏ်​ပေး​ခြင်း
1ရွှေ​သည် အ​လွန်​သမ်း​ညို​သည်​တ​ကား။ အ​ကောင်း​ဆုံး​သော ရွှေ​သည် အ​လွန်​ဖောက်​ပြန်​သည်​တ​ကား။ သန့်​ရှင်း​သော ကျောက်​တို့​သည် ခပ်​သိမ်း​သော​လမ်း​ဝ​တို့၌ ဖ​ရို​ဖ​ရဲ ကွဲ​ပြား​လျက်​ရှိ​ကြ၏။ 2အ​မြတ်​ဆုံး​သော ရွှေ​နှင့်​အ​မျှ အ​လွန်​အ​ဖိုး​ထိုက်​သော ဇိ​အုန်​မြို့​သား​တို့​ကို၊ အိုး​ထိန်း​သ​မား​လုပ်​သော​မြေ​အိုး​ကဲ့​သို့ မှတ်​တတ်​သည်​တ​ကား။ 3မြေ​ခွေး​မ​တို့​ပင် မိ​မိ​တို့​သား​ငယ်​တို့​အား နို့​သီး​ကို​ပေး၍ နို့​တိုက်​တတ်၏။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​မူ​ကား၊ တော၌​နေ​သော ကု​လား​အုတ်​ငှက်​ကဲ့​သို့ ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။ 4နို့​စို့​က​လေး​သည် နို့​ငတ်​သော​ကြောင့်၊ လျှာ​သည် အာ​ခေါင်၌ ကပ်​လျက်​ရှိ၏။ သူ​ငယ်​တို့​သည် မုန့်​ကို​တောင်း၍ အ​ဘယ်​သူ​မျှ​မ​ပေး။ 5ကောင်း​မွန်​စွာ စား​တတ်​သော သူ​တို့​သည် ကိုး​ကွယ်​ရာ​မ​ရှိ၊ လမ်း၌​နေ​ကြ၏။ နီ​မောင်း​သော အိပ်​ရာ​ပေါ်​မှာ ပျော်​မွေ့​ဖူး​သော သူ​တို့​သည် နောက်​ချေး​ပုံ​ကို ဖက်​ရ​ကြ၏။ 6အ​ဘယ်​သူ​မျှ အား​မ​ထုတ်​ဘဲ ချက်​ချင်း​ပျက်​စီး​ခြင်း​သို့​ရောက်​သော၊ သော​ဒုံ​မြို့​ခံ​ရ​သော အ​ပြစ်​ဒဏ်​ထက်၊ ငါ၏​လူ​မျိုး သ​တို့​သ​မီး​ခံ​ရ​သော အ​ပြစ်​ဒဏ်​သည် သာ၍​ကြီး​ပေ၏။#က၊ ၁၉:၂၄။ 7သူ၏​မှူး​မတ်​တို့​သည် မိုး​ပွင့်​ထက်​သန့်​ရှင်း၍၊ နို့​ရည်​ထက်​လည်း ဖြူ​ကြ၏။ သူ​တို့​အ​သား​သည် ကျောက်​နီ​ထက် နီ၏။ သွေး​ကြော​လည်း နီ​လာ​နှင့်​တူ၏။ 8ယ​ခု​မူ​ကား၊ သူ​တို့​အ​ဆင်း​သည် မှောင်​မိုက်​ထက်​မည်း​သည်​ဖြစ်၍ လမ်း၌​မ​ထင်​ရှား။ သူ​တို့​အ​ရေ​သည် အ​ရိုး၌​ကပ်၍ ထင်း​ကဲ့​သို့ သွေ့​ခြောက်​လေ၏။ 9ဓား​ဖြင့်​သေ​သော​သူ​သည်၊ ငတ်​မွတ်၍ သေ​သော​သူ​ထက်​သာ၍ မင်္ဂ​လာ​ရှိ၏။ ငတ်​မွတ်၍ သေ​သော​သူ​သည် အ​သီး​အ​နှံ​ပြတ်​ခြင်း​အား​ဖြင့် ထိုး​ဖောက်၍ ပိန်​ကြုံ​ရ၏။ 10စိတ်​ကြင်​နာ​တတ်​သော မိန်း​မ​တို့​သည် မိ​မိ​တို့​သား​ကို​ပင် ပြုတ်​ရ​ကြ၏။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် ပျက်​စီး​သော​ကာ​လ၌ မိ​မိ​တို့​သား​ကို​ပင် စား​ရ​ကြ၏။#တ​ရား၊ ၂၈:၅၇။ ယေ​ဇ၊ ၅:၁၀။ 11ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို စုံ​လင်​စေ​တော်​မူ​ပြီ။ ပြင်း​စွာ​သော အ​မျက်​တော်​အ​ရှိန်​ကို လွှတ်​တော်​မူ​ပြီ။ ဇိ​အုန်​မြို့​ကို မီး​ရှို့၍ မြို့​ရိုး​အ​မြစ်​တိုင်​အောင် လောင်​စေ​တော်​မူ​ပြီ။ 12ရန်​ပြု​သော​သူ​နှင့် စစ်​တိုက်​သော​သူ​သည် ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​အ​တွင်း​သို့ ဝင်​နိုင်​သည်​ဟု၊ လော​ကီ​ရှင်​ဘု​ရင်​နှင့် လော​ကီ​သ​တ္တ​ဝါ တစ်​စုံ​တစ်​ယောက်​မျှ မ​ယုံ​ကြ။
13ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ ဖြောင့်​မတ်​သော​သူ​တို့​ကို သတ်​တတ်​သော မြို့​သား​ပ​ရော​ဖက်​တို့၏​ဒု​စ​ရိုက်​များ​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့၏ အ​ပြစ်​များ​ကြောင့် ဤ​အ​မှု​သည် ရောက်​လေ​ပြီ။ 14ထို​သူ​တို့​သည် အ​ရူး​ကဲ့​သို့​လမ်း၌​လှည့်​လည်၍၊ လူ​အ​သွေး​နှင့် လူး​သော​ကြောင့်၊ သူ​တို့​အ​ဝတ်​ကို အ​ဘယ်​သူ​မျှ မ​ထိ​ဝံ့။ 15သွား​ကြ။ မ​စင်​ကြယ်​သော​သူ​တို့၊ သွား​ကြ၊ သွား​ကြ။ မ​ထိ​ကြ​နှင့်​ဟု သူ​တစ်​ပါး​တို့​သည် ဟစ်​တတ်​ကြ၏။ အ​ဝေး​သို့​ပြေး၍ အ​ရပ်​ရပ်​သို့​လှည့်​လည်​ရ​သော​အ​ခါ သာ​သ​နာ​ပ​လူ​တို့​က၊ သူ​တို့​သည် မ​တည်း​မ​နေ​ရ​ဟု ဆို​တတ်​ကြ၏။ 16ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ သူ​တို့​ကို ကွဲ​ပြား​စေ​တော်​မူ​ပြီ။ သူ​တို့​အ​မှု​ကို ကြည့်​ရှု​တော်​မ​မူ။ သူ​တစ်​ပါး​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို မ​ရို​သေ၊ အ​သက်​ကြီး​သူ​တို့​ကို အား​မ​နာ​ဘဲ​နေ​ကြ၏။ 17ငါ​တို့​သည်​ရှိ​စဉ်​တွင် မ​စ​မည့်​သူ​ကို မျှော်​လင့်၍ မ​မြင်​ရ​ကြ။ မ​ကယ်​တင်​နိုင်​သော​လူ​မျိုး​ကို ကင်း​စင်​ပေါ်​မှာ အ​ကျိုး​မ​ရှိ​ဘဲ စောင့်​ကြ​ပြီ။ 18ငါ​တို့​သည် လမ်း၌​မ​သွား​ရ​မည်​အ​ကြောင်း ငါ​တို့​ခြေ​ရာ​ကို လိုက်​ရှာ​ကြ၏။ ငါ​တို့​သည် ဆုံး​ချိန်​နီး​ပြီ။ အ​သက်​ရှင်​ရ​သော​ကာ​လ စေ့​ပြီ။ ဆုံး​ချိန်​ရောက်​လေ​ပြီ။ 19ငါ​တို့​ကို​လိုက်၍ ရှာ​သော​သူ​တို့​သည် မိုး​ကောင်း​ကင်​ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ တောင်​ရိုး​ပေါ်​မှာ လိုက်​ရှာ​ကြ၏။ တော၌​လည်း ချောင်း​မြောင်း​ကြ၏။ 20ငါ​တို့ ထွက်​သက်​ဝင်​သက်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​အ​ရှင်​ကို သူ​တို့​သည် မြေ​တွင်း၌ ဖမ်း​မိ​ကြ​ပြီ။ ထို​အ​ရှင်၏ ဘုန်း​တော်​ကို​ခို​လှုံ၍၊ ငါ​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု အ​ထက်​က​ဆို​တတ်​ကြ၏။
21ဥ​ဇ​ပြည်၌​နေ​သော ဧ​ဒုံ​သ​တို့​သ​မီး၊ ဝမ်း​မြောက်​ရွှင်​လန်း​လော့။ ဖ​လား​တော်​သည် သင်​ရှိ​ရာ​သို့ ကူး​သွား​လိမ့်​မည်။ သင်​သည်​ယစ်​မူး၍ အ​ဝတ်​အ​ချည်း​စည်း ရှိ​ရ​လိမ့်​မည်။ 22အို ဇိ​အုန်​သ​တို့​သ​မီး၊ သင်​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကုန်​ပြီ။ သင်​သည် နောက်​တစ်​ဖန် သိမ်း​သွား​ခြင်း​ကို​မ​ခံ​ရ။ အို ဧ​ဒုံ​သ​တို့​သ​မီး၊ သင်​ပြု​သော ဒု​စ​ရိုက်​ကို​စစ်​ကြော၍ သင်၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in