YouVersion Logo
Search Icon

ယေရမိ 18

18
အိုး​ထိန်း​သမားနှင့်အိုးမြေ
1ယေ​ရ​မိ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ 2သင်​သည် ထ၍ အိုး​ထိန်း​သ​မား​အိမ်​သို့ သွား​လော့။ ထို​အ​ရပ်၌ ငါ့​စ​ကား​ကို ငါ​ကြား​စေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 3ငါ​သည်​သွား၍၊ အိုး​ထိန်း​စက်​နှင့် လုပ်​လျက်​ရှိ​သော အိုး​ထိန်း​သ​မား​ကို​တွေ့၏။ 4အိုး​မြေ​ဖြင့် လုပ်​သော​အိုး​သည်၊ အိုး​ထိန်း​သ​မား​လက်၌​ပျက်​စီး​သော​ကြောင့်၊ သူ​သည် အ​လို​အ​လျောက်​အ​သစ်​ပြု​ပြင်၍၊ အ​ခြား​သော​အိုး​ကို လုပ်​ပြန်​လေ၏။ 5ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ 6အို ဣ​သ​ရေ​လ​အ​မျိုး၊ အိုး​ထိန်း​သ​မား​ပြု​သ​ကဲ့​သို့ သင်​တို့​ကို​ငါ​မ​ပြု​နိုင်​သ​လော။ အို ဣ​သ​ရေ​လ​အ​မျိုး၊ အိုး​မြေ​သည် အိုး​ထိန်း​သ​မား​လက်၌​ရှိ​သ​ကဲ့​သို့ သင်​တို့​သည် ငါ့​လက်၌​ရှိ​ကြ၏။ 7အ​ကြင်​တိုင်း​နိုင်​ငံ​ကို နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​ခြင်း​ငှာ ငါ​အ​မိန့်​တော်​ရှိ၏။ 8ငါ့​အ​မိန့်​တော်​နှင့် ဆိုင်​သော ထို​တိုင်း​နိုင်​ငံ​သည် မိ​မိ​ဒု​စ​ရိုက်​ကို စွန့်​ပစ်​လျှင်၊ ငါ​ကြံ​စည်​သော​ဘေး​ဒဏ်​ကို ငါ​နောင်​တ​ရ​မည်။ 9အ​ကြင်​တိုင်း​နိုင်​ငံ​ကို တည်​ထောင်​ပြု​စု​ခြင်း​ငှာ ငါ​အ​မိန့်​တော်​ရှိ၏။ 10ထို​တိုင်း​နိုင်​ငံ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ ငါ့​မျက်​မှောက်၌ ဒု​စ​ရိုက်​ကို​ပြု​လျှင်၊ သူ၏​အ​ကျိုး​အ​လို​ငှာ ပြု​စု​မည်​ဟူ​သော စ​ကား၌​ပါ​သော​ကျေး​ဇူး​ကို ငါ​နောင်​တ​ရ​မည်။
11ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​အ​ဖို့ ဘေး​ဒဏ်​ကို ငါ​ပြင်​ဆင်၏။ သင်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ငါ​ကြံ​စည်၏။ သို့​ဖြစ်၍၊ ဆိုး​သော​လမ်း​မှ အ​သီး​အ​သီး ပြန်​လာ​ကြ​လော့။ သင်​တို့​လိုက်​သော​လမ်း​နှင့် သင်​တို့​ကျင့်​သော အ​ကျင့်​ကို ဖြောင့်​စေ​ကြ​လော့​ဟု၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ဆင့်​ဆို​လော့။ 12သူ​တို့​က​လည်း၊ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ကိုယ်​အ​လို​သို့ လိုက်​မည်။ ငါ​တို့၌ ဆိုး​သော​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​ရှိ​သည်​အ​တိုင်း၊ အ​သီး​အ​သီး​ပြု​မည်​ဟု ဆို​ကြ၏။
ဣ​သ​ရေ​လ​တို့၏ရွံရှာဖွယ်အမှု
13သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​ကြား​ဖူး​သ​နည်း​ဟု သာ​သ​နာ​ပ​လူ​တို့​တွင် မေး​ကြ​လော့။ ဣ​သ​ရေ​လ​သ​တို့​သ​မီး​က​ညာ​သည် အ​လွန်​စက်​ဆုပ် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​လေ​ပြီ။ 14လွင်​ပြင်၌​ရှိ​သော ကျောက်​ကို မ​စွန့်၊ လေ​ဗ​နုန်​တောင်၏​မိုး​ပွင့်​ကို အ​ဘယ်​သူ စွန့်​မည်​နည်း။ အ​ခြား​တစ်​ပါး​သော​အ​ရပ်​မှ​စီး​လာ၍ ချမ်း​ဧ​သော မြစ်​ရေ​သည် ခန်း​ခြောက်​လိမ့်​မည်​လော။ 15ငါ၏​လူ​တို့​သည် ငါ့​ကို​မေ့​လျော့၍၊ အ​ချည်း​နှီး​သော​အ​ရာ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ရှေး​ကာ​လ​မှ​စ၍ လိုက်​ဖူး​သော လမ်း​တို့၌ လဲ​တတ်​သော​ကြောင့်၊ အ​ခြား​သော​လမ်း၊ မြေ​မ​ဖို့​သော​လမ်း​သို့ လိုက်​ကြ​ပြီ​တ​ကား။ 16ထို​သို့​ပြု၍ မိ​မိ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ်၊ အ​စဉ်​ကဲ့​ရဲ့​သံ​ကြား​ရာ​အ​ရပ် ဖြစ်​စေ​သ​ဖြင့်၊ လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည်​အံ့​ဩ၍၊ မိ​မိ​တို့​ခေါင်း​ကို ညိတ်​ကြ​လိမ့်​မည်။ 17ငါ​သည် အ​ရှေ့​လေ​ကဲ့​သို့ သူ​တို့​ကို ရန်​သူ​ရှေ့​မှာ လွင့်​စေ​မည်။ ဘေး​ရောက်​သော​ကာ​လ၌ သူ​တို့​အား မျက်​နှာ​ကို​မ​ပြ၊ ကျော​ကို​ပြ​မည်။
ယေ​ရ​မိ​အ​ပေါ်​ကြံ​စည်​ခြင်း
18သူ​တို့​က​လည်း လာ​ကြ။ ယေ​ရ​မိ​တစ်​ဖက်၌ ကြံ​စည်​ကြ​ကုန်​အံ့။ ယဇ်​ပု​ရော​ဟိတ်​သည် တ​ရား​အ​မှု၌​လည်း​ကောင်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​ကြံ​ပေး​ခြင်း​အ​မှု၌​လည်း​ကောင်း၊ ပ​ရော​ဖက်​သည် ဟော​ပြော​ခြင်း​အ​မှု၌​လည်း​ကောင်း အ​ရှုံး​မ​ခံ​ရ။ လာ​ကြ။ ယေ​ရ​မိ​ကို လျှာ​နှင့်​ရိုက်​ကြ​ကုန်​အံ့။ သူ၏​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ကုန်​အံ့​ဟု​ဆို​ကြ၏။
19အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​နှင့် ရန်​တွေ့​သော​သူ​တို့၏​စ​ကား​ကို မှတ်​တော်​မူ​ပါ။ 20ကျေး​ဇူး​ပြု​သော​အ​တွက် အ​ပြစ်​ပေး​သင့်​ပါ​မည်​လော။ သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ဖို့ တွင်း​ကို တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သည် သူ​တို့ အ​ကျိုး​အ​လို​ငှာ လျှောက်၍၊ သူ​တို့​မှ​အ​မျက်​တော်​ကို လွှဲ​ခြင်း​ငှာ၊ ရှေ့​တော်၌ ရပ်​နေ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ 21ထို​ကြောင့်၊ သူ​တို့​ကို ဓား​ဘေး​သို့​လည်း​ကောင်း၊ သူ​တို့​သား​သ​မီး​များ​ကို မွတ်​သိပ်​ခြင်း​သို့​လည်း​ကောင်း အပ်​တော်​မူ​ပါ။ သူ​တို့​မိန်း​မ​တို့​သည် သား​များ​ဆုံး၍ မု​ဆိုး​မ​ဖြစ်​ကြ​ပါ​စေ​သော။ လူ​ကြီး​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ၍၊ လူ​ပျို​တို့​လည်း စစ်​တိုက်​ပွဲ၌ ဓား​ဖြင့် ဆုံး​ကြ​ပါ​စေ​သော။ 22စစ်​တိုက်​သော ရန်​သူ​များ​ကို သူ​တို့​ရှိ​ရာ​သို့ ချက်​ချင်း​ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​အိမ်​သား​များ အော်​ဟစ်​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​ကို ထောင်​ခြင်း​ငှာ တွင်း​ကို​တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သွား​ရာ​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။ 23အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ၊ သူ​တို့ ကြံ​စည်​သ​မျှ​ကို ကိုယ်​တော်​သိ​တော်​မူ၏။ သူ​တို့​ကို အ​ပြစ်​မှ လွှတ်​တော်​မ​မူ​ပါ​နှင့်။ မျက်​မှောက်​တော်၌ သူ​တို့​အ​ပြစ်​ကို ချေ​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်၌ ဆုံး​ရှုံး​ကြ​ပါ​စေ​သော။ အ​မျက်​တော်​ထွက်​သော​အ​ခါ၊ သူ​တို့​ကို စီ​ရင်​တော်​မူ​ပါ။

Currently Selected:

ယေရမိ 18: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in