ဟေရှာယ 44
44
တစ်ဆူတည်းသောဘုရား
1ယခုမူကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလ၊ နားထောင်လော့။ 2သင့်ကို ဖန်ဆင်းတော်မူသောဘုရား၊ ဖွားစကပင် သင့်ကိုပြုပြင်၍၊ နောင်၌လည်း မစလတ္တံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။ 3အကြောင်းမူကား၊ ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကိုလည်းကောင်း၊ သင်၏အနွယ်အပေါ်မှာ ငါ့ကောင်းချီးမင်္ဂလာကိုလည်းကောင်း ငါသွန်းလောင်းမည်။ 4သူတို့သည်လည်း ရေမြောင်းအနားမှာ မိုးမခပင်ကဲ့သို့၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။ 5တစ်ယောက်က၊ ငါသည် ထာဝရဘုရား၏လူ ဖြစ်သည်ဟု ဆိုလိမ့်မည်။ တစ်ယောက်သည်လည်း၊ ယာကုပ်အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ တစ်ယောက်သည်လည်း၊ ထာဝရဘုရား၏လူဟူ၍ မိမိလက်တွင် စာတန်းထိုးလျက်၊ ဣသရေလအမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။
6ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနုတ်သော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။#ဟေရှာ၊ ၄၈:၁၂။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။ 7ရှေးလူမျိုးကို ငါခန့်ထားသည်မှစ၍၊ ငါကဲ့သို့ အဘယ်သူသည် ဤအမှုတို့ကို ငါ့အဖို့ခေါ်၍ ထုတ်ဖော် စီရင်နိုင်မည်နည်း။ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတ္တံ့သောအမှုတို့ကို သူတို့အား ဖော်ပြကြစေ။ 8မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည် မဟုတ်လော။ သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတစ်ပါး အခြားသောမူလအမြစ်မရှိ။ တစ်စုံတစ်ဦးကိုမျှ ငါမသိ။
ရုပ်တုကိုးကွယ်မှုကိုပြက်ရယ်ပြုခြင်း
9ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ သူတို့နှမြောသော အရာတို့သည် အကျိုးကို မပေးနိုင်ကြ။ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏။ 10ဘုရားကို လုပ်သောသူ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း။ 11ထိုသူ၏ အပေါင်းအဖော်ရှိသမျှတို့သည် ရှက်ကြလိမ့်မည်။ လုပ်သောသူတို့သည် လူသက်သက်ဖြစ်ကြ၏။ ရှိသမျှတို့သည် စုဝေး၍ ထကြစေ။ တစ်ပြိုင်နက် ထိတ်လန့်ရှက်ကြောက်ကြလိမ့်မည်။
12ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှာ မီးခဲ၌ဖုတ်၍၊ လက်ရုံးအားထုတ်လျက် သံတူနှင့်ထုတတ်၏။ အကယ်၍ မွတ်သိပ်သောအခါ အားလျော့တတ်၏။ ရေမသောက်ရသောအခါ မောတတ်၏။ 13လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား၍၊ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင်၊ အိမ်၌နေစေခြင်းငှာ ကွန်ပါနှင့် ရေးသား၍၊ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ်၏။ 14ကိုယ်အဖို့အလိုငှာ အာရဇ်ပင်တို့ကိုခုတ်၍ ကုပရုပင်၊ သပိတ်ပင်တို့ကိုရွေးယူသဖြင့်၊ တောပင်အမျိုးမျိုးတို့ကို ဆည်းပူးတတ်၏။ အာရဇ်ပင်ကိုစိုက်၍ မိုးရေလည်း မွေးတတ်၏။ 15လူသုံးရန် ထင်းဖြစ်၏။ လူလည်းယူ၍ မီးလှုံတတ်၏။ တစ်ဖန် မီးမွှေး၍ မုန့်ကို ပေါင်းတတ်၏။ တစ်ဖန် ဘုရားကိုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုကိုထုလုပ်၍ ရုပ်တုရှေ့မှာ ပျပ်ဝပ်တတ်၏။ 16ထိုသစ်သားတစ်ပိုင်းနှင့် မီးမွှေးတတ်၏။ တစ်ပိုင်းနှင့် အမဲသားကိုချက်၍ စားတတ်၏။ ဖုတ်ကင်ပြီးမှ ဝစွာစားတတ်၏။ တစ်ဖန် မီးလှုံ၍ အယ်၊ ငါနွေးပြီ။ မီးကိုတွေ့ပြီဟု ဆိုတတ်၏။ 17ကျန်သောအပိုင်းကိုလည်းယူ၍ ရုပ်တုတည်းဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပျပ်ဝပ်၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါဟူ၍ ဆုတောင်းတတ်၏။ 18ထိုသို့သောသူသည် ပညာမရှိ။ ဉာဏ်မရှိ။ မမြင်နိုင်အောင် မျက်စိကိုလည်းကောင်း၊ နားမလည်နိုင်အောင် စိတ်နှလုံးကိုလည်းကောင်း ပိတ်၏။ 19ငါသည် တစ်ပိုင်းနှင့် မီးမွှေးပြီး။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ။ အမဲသားကိုလည်း ကင်၍ စားလေပြီ။ ကြွင်းသော အပိုင်းကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေရမည်လော။ သစ်သားရှေ့မှာ ငါပျပ်ဝပ်ရမည်လောဟု စိတ်နှလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်ပညာ အလျှင်းမရှိပါတကား။ 20သူသည် မီးဖိုပြာကို ကျက်စားတတ်၏။ မိုက်သောစိတ်နှင့် လမ်းလွဲပြီ။ ထိုကြောင့်၊ ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင်။ မိမိလက်ယာလက်၌ မိစ္ဆာဒိဌိပါသလောဟု မအောက်မေ့နိုင်ပါတကား။
ဣသရေလတို့၏ကယ်တင်ရှင်
21အို ယာကုပ်အမျိုး၊ ဤအရာတို့ကို ဆင်ခြင်လော့။ အို ဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။ သင့်ကို ငါဖန်ဆင်းသည်ဖြစ်၍၊ သင်သည် ငါ့ကျွန်ဖြစ်၏။ အို ဣသရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့။ 22သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့လည်းကောင်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ။ ငါ့ထံသို့ပြန်လာလော့။ သင့်ကိုငါ ရွေးနုတ်ပြီ။ 23အို မိုးကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရားပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင်များတို့၊ ကျူးဧသောအသံကို ပေးကြလော့။ ထာဝရဘုရားသည် ယာကုပ်ကို ရွေးနုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။
24သင့်ကို ရွေးနုတ်တော်မူ၍၊ ဖွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မိုးကောင်းကင်ကို ငါတစ်ပါးတည်းကြက်လျက်၊ မြေကြီးကို အဖော်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။ 25ငါသည် မိစ္ဆာဆရာတို့၏ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ်၏။ ပညာရှိတို့ကိုလှန်၍ သူတို့၏ပညာကို မိုက်စေတတ်၏။#၁ကော၊ ၁:၂၀။ 26ငါသည် ငါ့ကျွန်၏စကားကိုတည်စေ၍၊ ငါ့တမန်တို့ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက် ရှိကြလိမ့်မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍လည်းကောင်းဆို၏။ 27ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏မြစ်အပေါင်းကို ငါခန်းခြောက်စေမည် ဟူ၍လည်းကောင်း၊ 28ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်းဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင်လိမ့်မည်ဟူ၍လည်းကောင်း ငါဆို၏။#၆ ရာ၊ ၃၆:၂၃။ ဧဇ၊ ၁:၂။
Currently Selected:
ဟေရှာယ 44: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.