တရားဟောရာ 5
5
ပညတ်တော်ဆယ်ပါး
(ထွ၊ ၂၀:၁-၁၇)
1တစ်ဖန် မောရှေသည် ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အို ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အားငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။ 2ငါတို့ ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။ 3ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ရှိသမျှသော ငါတို့နှင့် ပြုတော်မူ၏။ 4ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။ 5ထိုအခါ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာရပ်နေ၏။ 6မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ 7ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ 8အထက် မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။#ဝတ်၊ ၂၆:၁၊ တရား၊ ၄:၁၅-၁၈၊ ၂၇:၁၅။ 9ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊#ထွ၊ ၃၄:၆-၇၊ တော၊ ၁၄:၁၈၊ တရား၊ ၇:၉-၁၀။ 10ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကိုပြသောဘုရားဖြစ်၏။ 11သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။#ဝတ်၊ ၁၉:၁၂။ 12သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုစောင့်လော့။#ထွ၊ ၁၆:၂၃-၃၀၊ ၃၁:၁၂-၁၄။ 13ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။#ထွ၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊ ၃၅:၂၊ ဝတ်၊ ၂၃:၃။ 14သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမတို့သည် ငြိမ်ဝပ်စွာနေရကြမည်။ 15သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ ဘုရားသခင်ထာဝရဘုရားမှာထားတော်မူ၏။
16သင်၏ ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။#တရား၊ ၂၇:၁၆၊ မ၊ ၁၅:၄၊ ၁၉:၁၉၊ မာ၊ ၇:၁၀၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ဧ၊ ၆:၂-၃။ 17လူအသက်ကို မသတ်နှင့်။#က၊ ၉:၆၊ ဝတ်၊ ၂၄:၁၇၊ မ၊ ၅:၂၁၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉၊ ယာ၊ ၂:၁၁။ 18သူ့မယားကို မပြစ်မှားနှင့်။#ဝတ်၊ ၂၀:၁၀၊ မ၊ ၅:၂၇၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉၊ ယာ၊ ၂:၁၁။ 19သူ့ဥစ္စာကို မခိုးနှင့်။#ဝတ်၊ ၁၉:၁၁၊ မ၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉။ 20ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။#ထွ၊ ၂၃:၁၊ မ၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀။ 21ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယားကို တပ်မက်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။#ရော၊ ၇:၇၊ ၁၃:၉။
22ထိုစကားတော်ကို ထာဝရဘုရားသည် တောင်ပေါ်မှာမီး၊ မိုးတိမ်၊ ထူထပ်သောမှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သင်တို့စည်းဝေးရာ ပရိသတ်အပေါင်းတို့အားမိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက်တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာရေး၍ ငါ၌အပ်တော်မူ၏။#ဟေဗြဲ၊ ၁၂:၁၈-၁၉။
လူတို့ကြောက်ရွံ့ကြခြင်း
(ထွ၊ ၂၀:၁၈-၂၁)
23သင်တို့သည် မှောင်မိုက်ထဲကစကားသံကို ကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူတို့သည် ငါ့ထံသို့ချဉ်းကပ်၍၊ 24အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော်မူပြီ။ မီးထဲကစကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊ လူသည် အသက်ရှင်သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ။ 25အကျွန်ုပ်တို့သည် အဘယ်ကြောင့် ယခုသေရပါမည်နည်း။ ဤကြီးစွာသောမီးဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံးပါလိမ့်မည်။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသောအသံတော်ကို တစ်ဖန်ကြားရလျှင် သေရပါလိမ့်မည်။ 26အသက်ရှင်တော်မူသော ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသော အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ အဘယ်လူသတ္တဝါသည်ကြား၍ အသက်ရှင်သနည်း။ 27ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားမိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။ 28ထိုသို့သင်တို့သည် ငါ့အားလျှောက်သောစကားကို ထာဝရဘုရား ကြားတော်မူ၏။ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် သင့်အားလျှောက်သော စကားသံကိုငါကြားရပြီ။ လျှောက်လေသမျှသောစကားသည် လျောက်ပတ်ပေ၏။ 29သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံကြပါစေသော။ 30တဲများသို့ပြန်သွားကြလော့ဟု သူတို့အားပြောလော့။ 31သင်မှာမူကား၊ ဤအရပ်၌ ငါ့အနားမှာရပ်နေလော့။ သူတို့အား ငါအပိုင်ပေးသောပြည်၌ သူတို့ကျင့်ဖို့ရာ သင်သည်သူတို့အားသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အားမိန့်တော်မူ၏။ 32သို့ဖြစ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည်ကျင့်အံ့သောငှာ စောင့်နေရကြမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။ 33သင်တို့ဝင်စားလတ္တံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်။
Currently Selected:
တရားဟောရာ 5: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.