တရားဟောရာ 30
30
ဘုရားသခင်၏ကတိတော်
1သင့်ရှေ့၌ ငါထား၍ အထက်ဆိုခဲ့ပြီးသမျှသော အရာတည်းဟူသော ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့သည် သင့်အပေါ်မှာရောက်၍၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှင်ထုတ်တော်မူရာ အပြည်ပြည်တို့၌ ထိုအရာတို့ကိုအောက်မေ့လျက်၊ 2သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ယနေ့ ငါမှာထားသမျှအတိုင်း၊ သင်နှင့်သားသမီးတို့သည် စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့ နားထောင်လျှင်၊ 3သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်ခံရသော သိမ်းသွားခြင်းအမှုကို ကုန်စေမည်အကြောင်း၊ သင့်ကိုသနားသဖြင့် တစ်ဖန်ပြန်လာ၍၊ အထက်က အရပ်ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့်မည်။ 4သင်၏လူအချို့တို့သည် မိုးကောင်းကင်အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ်မှ သင်၏ဘုရားသခင် ထာဝရဘုရား သိမ်းယူဆောင်ခဲ့တော်မူလိမ့်မည်။ 5ဘိုးဘေးတို့ ဝင်စားသောပြည်သို့ တစ်ဖန်ဆောင်ခဲ့တော်မူသဖြင့်၊ သင်သည် ဝင်စားရလိမ့်မည်။ ထိုအခါကျေးဇူးပြုတော်မူပြန်သဖြင့်၊ ဘိုးဘေးများတို့ထက် သင့်ကိုသာ၍ များစေတော်မူလိမ့်မည်။ 6သင်သည် အသက်ရှင်မည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်စေခြင်းငှာ၊ သင့်နှလုံးနှင့် သင့်အမျိုး၏ နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည်။ 7သင်၏ရန်သူတည်းဟူသော သင့်ကိုမုန်း၍ ညှဉ်းဆဲသောသူတို့အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို သက်ရောက်စေတော်မူလိမ့်မည်။ 8သင်သည်ပြန်လာလျက် ထာဝရဘုရား၏စကားတော်ကို နားထောင်၍၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည်။ 9သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကိုနားထောင်၍၊ 10ဤပညတ္တိကျမ်းစာ၌ ရေးထားသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက်လျှင်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာလျှင်လည်းကောင်း၊ သင်ပြုလေရာရာ၌ အောင်မည်အကြောင်းနှင့် သင်၏သားသမီး၊ တိရစ္ဆာန်၊ အသီးအနှံတိုးပွားများပြားမည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့၌ အားရဝမ်းမြောက်သကဲ့သို့ သင်၌အားရဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
11ယနေ့ငါမှာထားသော ပညတ်တရားတော်သည် သင်နားမလည်နိုင်သော တရားမဟုတ်။ 12သင်နှင့်ဝေးသည်မဟုတ်။ တရားတော်ကိုငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ကောင်းကင်သို့ အဘယ်သူတက်၍ ငါတို့ထံသို့ ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာကောင်းကင်၌ ရှိသည်မဟုတ်။#ရော၊ ၁၀:၆-၈။ 13တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ပင်လယ်ကို အဘယ်သူကူး၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာ၊ ပင်လယ်တစ်ဖက်၌ ရှိသည်မဟုတ်။ 14တရားတော်သည် သင်စောင့်ရှောက်ဖို့ရာ သင်နှင့်အလွန်နီး၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏နှလုံး၌လည်းကောင်းရှိ၏။ 15ကြည့်ပါတော့၊ အသက်ရှင်ခြင်းချမ်းသာနှင့် သေခြင်းဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ငါထား၏။ 16သင်သည် အသက်ရှင်၍ တိုးပွားမည်အကြောင်းနှင့် သင်ဝင်စားလတ္တံ့သောပြည်၌၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူမည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်သဖြင့် နောက်တော်သို့လိုက်၍၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားတော်တို့ကို စောင့်ရှောက်လော့ဟု ငါမှာထား၏။ 17သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့်၊ သင်သည် နားမထောင်ဘဲ သူတစ်ပါး သွေးဆောင်ရာသို့ လိုက်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင်၊ 18ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတ္တံ့သောပြည်၌ အသက်တာမရှည်၊ ဧကန်အမှန် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ယနေ့ငါသတိပေး၏။ 19အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။
20သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်၍ စကားတော်ကို နားထောင်သဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည် အကြောင်းနှင့်လည်းကောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည်အကြောင်းနှင့် ယှဉ်သောအသက်တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟောပြော၏။#က၊ ၁၂:၇၊ ၂၆:၃၊ ၂၈:၁၃။
Currently Selected:
တရားဟောရာ 30: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.