တရားဟောရာ 14
14
မပြုအပ်သောအထိမ်းအမှတ်
1သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား၏သားဖြစ်ကြ၏။ သေသောသူအတွက် အသားကိုမခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကိုမရိတ်ရ။#ဝတ်၊ ၁၉:၂၈၊ ၂၁:၅။ 2သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော်ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။#ထွ၊ ၁၉:၅-၆၊ တရား၊ ၄:၂၀၊ ၇:၆၊ ၂၆:၁၈၊ တိ၊ ၂:၁၄၊ ၁ ပေ၊ ၂:၉။
စားရသော၊ မစားရသောတိရစ္ဆာန်
(ဝတ်၊ ၁၁:၁-၄၇)
3စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင်တို့မစားရ။ 4စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊ 5သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရအစရှိသော၊ 6ခွာကွဲပြား၍ စားမြုံ့ပြန်သောသားများကို စားရသောအခွင့်ရှိ၏။ 7သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုတ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။ 8ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ 9ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယက်နှင့်အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။ 10အယက်နှင့်အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။ 11စင်ကြယ်သောငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။ 12မစားရသောငှက်ဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊ 13ဒါဟ၊ စွန်၊ လင်းတကြမ်းမျိုး၊ 14ကျီးမျိုးရှိသမျှ၊ 15ကုလားအုတ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊ 16ဇီးကွက်၊ ဣဗိတ်၊ ငှက်ကျား၊ 17ဝံပို၊ ဝံလို၊ ကြိုးကြာ၊ 18တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊ 19အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသားကို မစားရ။ 20စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
21အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့၌ တည်းခိုသော တစ်ပါးအမျိုးသားစားစရာဖို့ ပေးရမည်။ သို့မဟုတ် တစ်ကျွန်းတစ်နိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။#ထွ၊ ၂၃:၁၉၊ ၃၄:၂၆။
ဆယ်ဖို့တစ်ဖို့ဆိုင်ရာပညတ်
22လယ်ယာ၌ တစ်နှစ်တစ်နှစ်တွင်သိမ်းရသော အသီးအနှံဆယ်ဖို့တစ်ဖို့ကို အမှန်ခွဲထားရမည်။#ဝတ်၊ ၂၇:၃၀-၃၃။ တော၊ ၁၈:၂၁။ 23သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဖွားသော သားငယ်ဆယ်ဖို့တစ်ဖို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။ 24သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်ချီးပေးတော်မူသောအခါ၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်၍ မသွားနိုင်လျှင်၊ 25ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့သွား၍၊ 26စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။ 27သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသားဟူမူကား၊ သင်တို့နှင့်ရော၍၊ အဖို့မရှိ၊ အမွေကိုမခံရသောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊ 28တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။ 29သင်တို့နှင့်ရော၍ အဖို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ရှိသော တစ်ပါးအမျိုးသား၊ မိဘမရှိသောသူငယ်၊ မုဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။
Currently Selected:
တရားဟောရာ 14: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.