YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 3

3
1ရှော​လု​အ​မျိုး​နှင့် ဒါ​ဝိဒ်​အ​မျိုး​တို့​သည် ကြာ​မြင့်​စွာ​စစ်​တိုက်၍၊ ဒါ​ဝိဒ်​သည် အား​တိုး​ပွား​လျက်၊ ရှော​လု​အ​မျိုး​သည် အား​ရွေ့​လျော့​လျက်​ရှိ​ကြ၏။
ဒါ​ဝိဒ်​၏​သား​တော်​များ
(၅​ရာ၊ ၃း၁-၄)
2ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့​တွင် သား​ဦး​ကား၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​တွင်​မြင်​သော​သား အာ​မ​နုန်​တည်း။ 3ဒု​တိ​ယ​သား​ကား၊ နာ​ဗ​လ​မ​ယား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တွင်​မြင်​သော​သား ခိ​လပ်​တည်း။ တ​တိ​ယ​သား​ကား၊ ဂေ​ရှု​ရိ​ရှင်​ဘု​ရင်​တာ​လ​မဲ​သ​မီး မာ​ခါ၏​သား အ​ဗ​ရှ​လုံ​တည်း။ 4စ​တု​တ္တ​သား​ကား၊ ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​တည်း။ ပ​ဥ္စ​မ​သား​ကား၊ အ​ဘိ​တ​လ၏​သား ရှေ​ဖ​တိ​တည်း။ 5ဆ​ဋ္ဌ​မ​သား​ကား၊ မြောက်​သား​တော် ဧ​ဂ​လာ​တွင်​မြင်​သော​သား ဣ​သ​ရံ​တည်း။ ဤ​ရွေ့​ကား၊ ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တည်း။
ဒါ​ဝိဒ်​ဘက်​သို့​အာ​ဗ​နာ​ဝင်​ရောက်​လာ​ခြင်း
6ရှော​လု​အ​မျိုး​နှင့်​ဒါ​ဝိဒ်​အ​မျိုး စစ်​တိုက်​ကြ​စဉ်​အ​ခါ၊ အာ​ဗ​နာ​သည် ရှော​လု​အ​မျိုး​ဘက်​မှာ ကိုယ်​ကို​ခိုင်​မာ​စေ၏။ 7ရှော​လု၌ အဲ​အာ၏​သ​မီး​ရိ​ဇ​ပ​မည်​သော မ​ယား​ငယ်​တစ်​ယောက်​ရှိ၏။ ဣ​ရှ​ဗော​ရှက်​က၊ သင်​သည် ငါ့​အ​ဘ၏​မ​ယား​ငယ်​ကို အ​ဘယ်​ကြောင့်​သိမ်း​သ​နည်း​ဟု အာ​ဗ​နာ​အား​ဆို​လျှင်၊ 8ထို​စ​ကား​ကြောင့် အာ​ဗ​နာ​သည် အ​လွန်​စိတ်​ဆိုး​လျက်၊ ငါ​သည် ယု​ဒ​အ​မျိုး​ကို​ဆီး​တား၍ သင့်​အ​ဘ​ရှော​လု​အ​မျိုး​နှင့် ညီ​အစ်​ကို​အ​ဆွေ​ခင်​ပွန်း​တို့​အား ယ​နေ့​တိုင်​အောင် ကျေး​ဇူး​ပြု​သ​ဖြင့် သင့်​ကို​ဒါ​ဝိဒ်​လက်​သို့ မ​အပ်​နှံ​ဘဲ​နေ​သော်၊ သင်​သည်​ငါ့​ကို ခွေး၏​ဦး​ခေါင်း​ကဲ့​သို့​သာ​မှတ်၍ ထို​မိန်း​မ​အ​တွက် ယ​နေ့​အ​ပြစ်​တင်​ရ​မည်​လော။ 9ထာ​ဝ​ရ​ဘု​ရား​သည် နိုင်​ငံ​တော်​ကို ရှော​လု​အ​မျိုး​မှ​နုတ်၍ 10ဒါ​ဝိဒ်၏​အာ​ဏာ​တော်​ကို ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့၌ တည်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​အား​ပြု​မည်​ဟု ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ငါ​လည်း ဒါ​ဝိဒ်​အား​မ​ပြု​ဘဲ​နေ​လျှင်၊ ထို​မျှ​မ​က ဘု​ရား​သ​ခင်​သည် အာ​ဗ​နာ​အား​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော​ကြောင့်၊#၁​ရာ၊ ၁၅:၂၈။ 11ဣ​ရှ​ဗော​ရှက်​သည် ကြောက်၍ စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြန်​ဝံ့။
12ထို​နောက် အာ​ဗ​နာ​သည် မိ​မိ​အ​တွက် သံ​တ​မန်​တို့​ကို ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်၍၊ ပြည့်​ရှင်​မင်း​ကား အ​ဘယ်​သူ​နည်း။ ကျွန်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ကိုယ်​တော်​ထံ​သို့ ပြောင်း​လဲ​စေ​ခြင်း​ငှာ၊ ကျွန်​တော်​သည် ကိုယ်​တော်​ဘက်​သို့ ဝင်​စား​ပါ​မည်​ဟု လျှောက်​ဆို၏။ 13ဒါ​ဝိဒ်​က​လည်း ကောင်း​ပြီ။ သင်​နှင့်​ငါ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်။ သို့​ရာ​တွင် ငါ​တောင်း​စ​ရာ​တစ်​ခု​ရှိ၏။ ငါ့​မျက်​နှာ​ကို​မြင်​အံ့​သော​ငှာ လာ​သော​အ​ခါ၊ ရှော​လု​သ​မီး မိ​ခါ​လ​ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မ​ဟုတ် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြန်​ဆို၏။ 14ဒါ​ဝိဒ်​သည်​လည်း သံ​တ​မန်​တို့​ကို ရှော​လု​သား ဣ​ရှ​ဗော​ရှက်​ထံ​သို့ စေ​လွှတ်၍၊ ငါ​သည် ဖိ​လိ​တ္တိ​လူ​အ​ရေ​ဖျား​တစ်​ရာ​နှင့် ဝယ်​ယူ​သော ငါ့​မ​ယား​မိ​ခါ​လ​ကို အပ်​လိုက်​ရ​မည်​ဟု မှာ​လိုက်​သည်​အ​တိုင်း၊#၁​ရာ၊ ၁၈:၂၇။ 15ဣ​ရှ​ဗော​ရှက်​သည် စေ​လွှတ်၍ ထို​မိန်း​မ​ကို သူ၏​လင် လဲ​ရှ၏​သား​ဖာ​လ​တိ​လက်​မှ နုတ်​ယူ​လေ၏။ 16သူ၏​လင်​သည် ငို​ကြွေး​လျက် သူ့​နောက်​သို့ ဗာ​ဟု​ရိမ်​မြို့​တိုင်​အောင်​လိုက်​လေ၏။ အာ​ဗ​နာ​က​လည်း ပြန်​သွား​တော့​ဟု​ဆို​သော် ပြန်​သွား​ရ၏။
17အာ​ဗ​နာ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်​လျက်၊ သင်​တို့​သည် အ​ထက်​က ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော​စိတ်​ရှိ​ကြ​သည်​ဖြစ်၍၊ 18ယ​ခု ချီး​မြှောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​ကျွန်​ဒါ​ဝိဒ်​လက်​ဖြင့် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ​လည်း​ကောင်း၊ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ​လည်း​ကောင်း၊ ငါ​ကယ်​နုတ်​မည်​ဟု ဒါ​ဝိဒ်​အ​ဖို့ မိန့်​တော်​မူ​ပြီ​ဟု ဆို​လေ၏။ 19တစ်​ဖန် အာ​ဗ​နာ​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို​လည်း သွေး​ဆောင်​လေ၏၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး အ​လို​ရှိ​သ​မျှ​အ​ရာ၊ ဗင်္ယာ​မိန်​အ​မျိုး​တ​ညီ​တ​ညွတ်​တည်း အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​အား ပြန်​လျှောက်​ခြင်း​ငှာ​သွား၍၊ 20လူ​နှစ်​ကျိပ်​ပါ​လျက် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​သ​ဖြင့်၊ ဒါ​ဝိဒ်​သည်​ပွဲ​လုပ်၍ အာ​ဗ​နာ​နှင့် သူ၏​လူ​တို့​ကို ကျွေး၏။ 21အာ​ဗ​နာ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း​စိုး​စံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျွန်​တော်​ထ​သွား၍ ထို​သူ​အ​ပေါင်း​တို့​ကို ကျွန်​တော်​သ​ခင်၊ ကျွန်​တော်​ရှင်​ဘု​ရင်​ထံ​တော်၌ စု​ဝေး​စေ​ပါ​မည်​ဟု​လျှောက်​ပြီး​မှ၊ ဒါ​ဝိဒ်​လွှတ်​လိုက်၍ သူ​သည် ငြိမ်​ဝပ်​စွာ​သွား​လေ၏။
အာ​ဗ​နာ​အ​သတ်​ခံ​ရ​ခြင်း
22ထို​အ​ခါ ယွာ​ဘ​နှင့် ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ရန်​သူ​အ​လုံး​အ​ရင်း​ကို လိုက်​ရာ​မှ​ပြန်​လာ၍၊ လက်​ရ​ဥ​စ္စာ​များ​ကို​ယူ​ခဲ့​ကြ၏။ အာ​ဗ​နာ​သည် ဒါ​ဝိဒ်​နှင့်​အ​တူ ဟေ​ဗြုန်​မြို့၌ မ​ရှိ။ ဒါ​ဝိဒ်​သည် လွှတ်​လိုက်၍ သူ​သည်​ငြိမ်​ဝပ်​စွာ သွား​နှင့်​ပြီ။ 23ယွာ​ဘ​နှင့် သူ၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ နေ​ရ၏​သား အာ​ဗ​နာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​ပြီ။ ရှင်​ဘု​ရင်​သည်​လည်း လွှတ်​လိုက်၍၊ သူ​သည်​ငြိမ်​ဝပ်​စွာ​သွား​ပြီ​ဟု ယွာ​ဘ​အား​ကြား​ပြော​လျှင်၊ 24ယွာ​ဘ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍၊ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​တော်​မူ​သ​နည်း။ အာ​ဗ​နာ​သည် အ​ထံ​တော်​သို့​လာ​ပြီး​မှ တစ်​ဖန် အ​လွတ်​သွား​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် လွှတ်​လိုက်​တော်​မူ​သ​နည်း။ 25နေ​ရ၏​သား အာ​ဗ​နာ​သည် ကိုယ်​တော်​ကို​လှည့်​စား၍ ကိုယ်​တော်​ထွက်​ဝင်​တော်​မူ​ခြင်း၊ စီ​ရင်​တော်​မူ​ခြင်း​အ​လုံး​စုံ​ကို သိ​အံ့​သော​ငှာ​သာ လာ​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​ပြီး​လျှင်၊ 26အ​ထံ​တော်​က​ထွက်၍ အာ​ဗ​နာ​နောက်​သို့ တ​မန်​တို့​ကို​စေ​လွှတ်​လျက်၊ သိ​ရ​ရေ​တွင်း​မှ ခေါ်​လေ၏။ ထို​အ​မှု​ကို ဒါ​ဝိဒ်​မ​သိ။ 27အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။
28ထို​နောက်​ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ၊ နေ​ရ၏​သား အာ​ဗ​နာ​ကို သတ်​သော​အ​ပြစ်​နှင့် ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လွတ်​ပါ​စေ။ ငါ့​နိုင်​ငံ လွတ်​ပါ​စေ။ 29ယွာ​ဘ​ခေါင်း၊ သူ့​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့၏ ခေါင်း​ပေါ်​သို့ ရောက်​ပါ​စေ။ ယွာ​ဘ၏​အ​ဆွေ​အ​မျိုး၌ ရိ​နာ​စွဲ​သော​သူ၊ နူ​နာ​စွဲ​သော​သူ၊ ကျော​ကုန်း​သော​သူ၊ ဓား​ဖြင့်​သေ​သော​သူ၊ ငတ်​မွတ်​သော​သူ မ​ပြတ်​စေ​နှင့်​ဟု မြွက်​ဆို၏။ 30ထို​သို့​ယွာ​ဘ​နှင့် ညီ​အ​ဘိ​ရှဲ​သည် အာ​ဗ​နာ​ကို​သတ်၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ညီ အာ​သ​ဟေ​လ​ကို ဂိ​ဗောင်​စစ်​တိုက်​ပွဲ၌ အာ​ဗ​နာ​သတ်​သ​တည်း။
အာ​ဗ​နာ​ကို​သင်္ဂြိုဟ်​ခြင်း
31ဒါ​ဝိဒ်​က​လည်း၊ ယွာ​ဘ​နှင့် မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အာ​ဗ​နာ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ​လော့​ဟု အ​မိန့်​တော်​ရှိ၍ ကိုယ်​တော်​တိုင် မ​သာ​လိုက်​လေ၏။ 32အာ​ဗ​နာ​ကို​ဟေ​ဗြုန်​မြို့၌ သင်္ဂြိုဟ်​ကြ၏။ သင်္ချိုင်း​အ​နား​မှာ ရှင်​ဘု​ရင်​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ငို​ကြွေး​ကြ၏။ 33ရှင်​ဘု​ရင်​သည် အာ​ဗ​နာ​အ​တွက် မြည်​တမ်း​သည်​ကား၊ အာ​ဗ​နာ​သည် လူ​မိုက်​ကဲ့​သို့​သေ​သ​လော။ 34သင်၏​လက်​ကို​မ​ချည်၊ သံ​ချေ​ချင်း​မ​ခတ်​ဘဲ လူ​ဆိုး​လက်​ဖြင့် သေ​သ​ကဲ့​သို့ သေ​ရှာ​ပါ​ပြီ​တ​ကား​ဟု မြွက်​ဆို၏။ လူ​အ​ပေါင်း​တို့​သည်​လည်း တစ်​ဖန် ငို​ကြွေး​ကြ၏။ 35မိုး​မ​ချုပ်​မီ ဒါ​ဝိဒ်​သည် စား​တော်​ခေါ်​မည်​အ​ကြောင်း လူ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​က၊ နေ​မ​ဝင်​မီ မုန့်​အ​စ​ရှိ​သော စား​စ​ရာ​တစ်​စုံ​တစ်​ခု​ကို ငါ​မြည်း​စမ်း​လျှင်၊ ထို​မျှ​မ​က ငါ၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​စေ​သ​တည်း​ဟု ကျိန်​ဆို၏ 36ထို​အ​မှု​ကို လူ​အ​ပေါင်း​တို့​သည်​မှတ်၍ နှစ်​သက်​ကြ၏။ ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း လူ​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ၏။ 37ရှင်​ဘု​ရင်​သည် နေ​ရ၏​သား​အာ​ဗ​နာ​ကို သတ်​စေ​ခြင်း​ငှာ​အ​လို​မ​ရှိ​ဟု ထို​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် လူ​များ​အ​ပေါင်း​တို့​သည် သိ​နား​လည်​ကြ၏။ 38ရှင်​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​သား​ဖြစ်​သော​သူ၊ ကြီး​မြတ်​သော​သူ​တစ်​ပါး​သည် ယ​နေ့​ဆုံး​ကြောင်း​ကို သင်​တို့​မ​သိ​သ​လော။ 39ငါ​သည် ဘိ​သိက်​ခံ​ရ၍ ရှင်​ဘု​ရင်​ဖြစ်​သော်​လည်း ယ​နေ့​အား​နည်း၏။ ဇေ​ရု​သား​ဖြစ်​သော ဤ​သူ​တို့​သည် ငါ့​ထက်​လွန်၍ အား​ကြီး​ကြ၏။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​ကို မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​ပေး​ဆပ်​တော်​မူ​စေ​သ​တည်း​ဟု မိ​မိ​ကျွန်​တို့​အား မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in