YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 12

12
နာ​သန်​၏​ဆုံး​မ​ခြင်း​နှ​င့်​ဒါ​ဝိဒ်​၏​နောင်​တ
1နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​နာ​သန်​ကို ဒါ​ဝိဒ်​ထံ​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ နာ​သန်​သည်​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ဤ​မည်​သော​မြို့​တွင် သူ​ဌေး​တစ်​ဦး၊ ဆင်း​ရဲ​သား​တစ်​ဦး​ရှိ​ပါ၏။#ဆာ၊ ၅၁ ခေါင်း​စဉ်။ 2သူ​ဌေး​သည် အ​လွန်​များ​စွာ​သော သိုး​နွား​မှ​စ​သည်​တို့​နှင့် ကြွယ်​ဝ​ပြည့်​စုံ​ပါ၏။ 3ဆင်း​ရဲ​သား​မူ​ကား၊ မိ​မိ​ဝယ်၍ မွေး​စား​သော​သိုး​မ​က​လေး တစ်​ကောင်​တည်း​မှ​တစ်​ပါး တ​ခြား​သော​ဥ​စ္စာ​မ​ရှိ​ပါ။ ထို​သိုး​မ​က​လေး​သည် အ​ရှင်​နှင့်​လည်း​ကောင်း၊ အ​ရှင်၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း ပေါင်း၍ ကြီး​ပွား၏။ အ​ရှင်၏​အ​စာ​ကို စား​တတ်၏။ အ​ရှင်၏​ရေ​ခွက်၌ သောက်​တတ်၏။ အ​ရှင်၏​ရင်​ခွင်၌​အိပ်၍ သ​မီး​ကဲ့​သို့​ဖြစ်၏။ 4သူ​ဌေး​အိမ်​သို့ ဧည့်​သည်​တစ်​ဦး​ရောက်၍ သူ​ဌေး​သည် ဧည့်​သည်​ကို​လုပ်​ကျွေး​ဖို့ မိ​မိ​သိုး​နွား​များ​ကို နှ​မြော​သော​ကြောင့် မ​ယူ၊ ဆင်း​ရဲ​သား၏ သိုး​မ​က​လေး​ကို​ယူ၍ ဧည့်​သည်​ကို​လုပ်​ကျွေး​ဖို့ ချက်​ပါ​သည်​ဟု လျှောက်​လေ​သော်၊ 5ဒါ​ဝိဒ်​သည် ထို​သူ​ဌေး​ကို ပြင်း​စွာ​အ​မျက်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထို​သို့​ပြု​သော​သူ​သည် အ​မှန်​သေ​ရ​မည်။ 6က​ရု​ဏာ​စိတ်​မ​ရှိ​ဘဲ ထို​အ​မှု​ကို​ပြု​သော​ကြောင့်၊ ထို​သိုး​မ​က​လေး​အ​တွက် လေး​ဆ​ပြန်​ပေး​ရ​မည်​ဟု မိန့်​တော်​မူ၏။ 7နာ​သန်​က​လည်း၊ ထို​သူ​သည်​ကား အ​ခြား​သူ​မ​ဟုတ်။ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဘိ​သိက်​ပေး၍ သင့်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ပြီ။ ရှော​လု​လက်​မှ​လည်း ကယ်​လွှတ်​ပြီ။ 8သင့်​သ​ခင်၏ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ သင့်​သ​ခင်၏​မ​ယား​တို့​ကို​လည်း​ကောင်း၊ သင်၏​ရင်​ခွင်၌ ငါ​အပ်​ပေး​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​ကို ငါ​ပေး​ပြီ။ ထို​အ​ရာ​များ​မ​လောက်​လျှင် အ​ခြား​တစ်​ပါး​သော​အ​ရာ​ရာ​တို့​ကို ပေး​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ 9သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့် ပြု​ဘိ​သ​နည်း။ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​အ​သက်​ကို ဓား​ဖြင့်​သတ်၍ သူ၏​မ​ယား​ကို သိမ်း​လေ​ပြီ​တ​ကား။ ထို​သူ​ကို အ​မ္မုန်​အ​မျိုး​သား​ဓား​နှင့် သတ်​လေ​ပြီ​တ​ကား။ 10ယ​ခု​မှာ​သင်​သည် ငါ့​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​မ​ယား​ကို​သိမ်း​သော​ကြောင့်၊ သင့်​အ​ဆွေ​အ​မျိုး​တို့​သည် ဓား​ဘေး​နှင့်​အ​စဉ် တွေ့​ကြုံ​ရ​ကြ​လိမ့်​မည်။ 11ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၌ ရန်​ဘက်​ပြု​သော​သူ​ကို သင်၏​အ​ဆွေ​အ​မျိုး​တို့​အ​ထဲ​က ငါ​ပေါ်​စေ​မည်။ သင့်​မျက်​မှောက်​တွင် သင်၏​မ​ယား​တို့​ကို​ငါ​ယူ၍ သင့်​အိမ်​နီး​ချင်း၌​အပ်​သ​ဖြင့်၊ သူ​သည် နေ​ရှေ့​မှာ သင်၏​မ​ယား​တို့​နှင့် ပေါင်း​ဖော်​လိမ့်​မည်။ 12သင်​သည် ဤ​အ​မှု​ကို မ​ထင်​မ​ရှား​ပြု​သော်​လည်း၊ နေ​ရှေ့​မှာ​ငါ​လှန်​ပြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ပြန်​ကြား​လေ၏။#၂​ရာ၊ ၁၆:၂၂။ 13ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု နာ​သန်​အား​ဝန်​ချ၍ နာ​သန်​က၊ အ​သက်​တော်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အ​ပြစ်​ကို ပယ်​တော်​မူ​ပြီ။ 14သို့​သော်​လည်း ကိုယ်​တော်​သည် ထို​သို့​ပြစ်​မှား​သော​အား​ဖြင့်၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​အား​ပေး​သော​ကြောင့်၊ ယ​ခု​မြင်​သော​သား​သည် ဆက်​ဆက်​သေ​ရ​မည်​ဟု ဒါ​ဝိဒ်​အား​လျှောက်​ဆို​ပြီး​လျှင်၊
ဒါ​ဝိဒ်​၏​သား​ငယ်​သေ​ဆုံး​ခြင်း
15နန်း​တော်​မှ ထွက်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ဥ​ရိ​ယ​မ​ယား​တွင် ဖွား​မြင်​သော​ဒါ​ဝိဒ်၏​သား​သည် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏။ 16ဒါ​ဝိဒ်​သည် သူ​ငယ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။ အ​စာ​ကို​ရှောင်​လျက်၊ အ​ထဲ​သို့​ဝင်၍ တစ်​ည​လုံး​မြေ​ပေါ်​မှာ အိပ်​လျက်​နေ၏။ 17နန်း​တော်​သား အ​သက်​ကြီး​သူ​တို့​သည်​ထ၍ ကိုယ်​တော်​ကို ချီ​ကြွ​အံ့​သော​ငှာ ချဉ်း​ကပ်​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​သည်​ငြင်း​ပယ်၍ သူ​တို့​နှင့်​အ​တူ အ​စာ​မ​စား​ဘဲ​နေ၏။ 18ခု​နစ်​ရက်​စေ့​သော် သူ​ငယ်​သေ၏။ ဒါ​ဝိဒ်၏​ကျွန်​တို့​က​လည်း၊ သူ​ငယ်​အ​သက်​ရှင်​စဉ်​အ​ခါ ငါ​တို့​လျှောက်​သော​စ​ကား​ကို နား​ထောင်​တော်​မ​မူ​သည်​ဖြစ်၍၊ သူ​ငယ်​သေ​ကြောင်း​ကို လျှောက်​လျှင် အ​လွန်​ကိုယ်​ကို​ကိုယ် ညှဉ်း​ဆဲ​တော်​မူ​လိမ့်​မည်​ဟု​ဆို​လျက် သူ​ငယ်​သေ​ကြောင်း​ကို မ​လျှောက်​ဝံ့​ကြ။ 19သို့​ရာ​တွင် ကျွန်​တို့​သည် တိုး​တိုး​ပြော​သော​စ​ကား​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ သူ​ငယ်​သေ​ကြောင်း​ကို​ရိပ်​မိ​သ​ဖြင့်၊ သူ​ငယ်​သေ​ပြီ​လော​ဟု ကျွန်​တို့​ကို မေး​တော်​မူ၏။ သူ​တို့​က​လည်း သေ​ပါ​ပြီ​ဟု လျှောက်​ကြ၏။ 20ထို​အ​ခါ ဒါ​ဝိဒ်​သည် မြေ​မှ​ထ၍ ရေ​ချိုး​ခြင်း၊ ဆီ​လိမ်း​ခြင်း၊ အ​ဝတ်​လဲ​ခြင်း​ကို ပြု​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့​သွား၍ ကိုး​ကွယ်၏။ ထို​နောက် နန်း​တော်​သို့​ပြန်​လာ၍ စား​စ​ရာ​ကို​တောင်း​သော​အ​ခါ၊ ကျွန်​တို့​သည် စား​ပွဲ​တော်​ကို​ပြင်၍ မင်း​ကြီး​သည် စား​တော်​မူ၏။ 21ကျွန်​တို့​က​လည်း၊ ကိုယ်​တော်​သည် အ​ဘယ်​သို့ ပြု​တော်​မူ​သ​နည်း။ သူ​ငယ်​အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​ငယ်​အ​တွက် အ​စာ​ရှောင်​လျက် ငို​ကြွေး​လျက် နေ​တော်​မူ၏။ သူ​ငယ်​သေ​သော​အ​ခါ ထ၍ စား​တော်​ခေါ်​ပါ​သည်​တ​ကား​ဟု လျှောက်​လျှင်၊ 22ဒါ​ဝိဒ်​က၊ သူ​ငယ်​အ​သက်​ရှင်​စဉ်​အ​ခါ ဘု​ရား​သ​ခင်​သည် ငါ့​ကို​သ​နား​တော်​မူ၍၊ သူ​ငယ်​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ ဆို​နိုင်​သ​နည်း​ဟု အောက်​မေ့​လျက် ငါ​သည်​အ​စာ​ရှောင်၍ ငို​ကြွေး​လျက်​နေ၏။ 23ယ​ခု​မှာ သူ​ငယ်​သေ​ပြီ။ အ​ဘယ်​ကြောင့် အ​စာ​ရှောင်​ရ​မည်​နည်း။ သူ​ငယ်​ကို​ပြန်၍ ဆောင်​ခဲ့​နိုင်​သ​လော။ သူ​ရှိ​ရာ​သို့ ငါ​သွား​ရ​မည်။ သူ​သည် ငါ​ရှိ​ရာ​သို့ မ​ပြန်​မ​လာ​ရ​ဟု မိန့်​တော်​မူ၏။
ရှော​လ​မုန်​မွေး​ဖွား​ခြင်း
24တစ်​ဖန် ဒါ​ဝိဒ်​သည် ခင်​ပွန်း​ဗာ​သ​ရှေ​ဘ​ကို နှစ်​သိမ့်​စေ​သ​ဖြင့်၊ သူ့​ထံ​သို့​ဝင်၍ ဆက်​ဆံ​လေ၏။ သူ​သည်​လည်း သား​ယောက်ျား​ကို ဖွား​မြင်၍ ရှော​လ​မုန်​အ​မည်​ဖြင့် အ​ဘ​မှည့်​လေ၏။ 25ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို​ချစ်၍​ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့်၊ ပ​ရော​ဖက်​နာ​သန်​ကို စေ​ခိုင်း၍ ယေ​ဒိ​ဒိ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။
ရ​ဗ္ဗာ​မြို့​ကို​သိမ်း​ယူ​ခြင်း
(၅​ရာ၊ ၂၀:၁-၃)
26ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်၊ ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ မြို့​တော်​ကို​ရ​ပြီး​မှ၊ 27ဒါ​ဝိဒ်​ထံ​တော်​သို့ လူ​ကို​စေ​လွှတ်၍၊ ကျွန်​တော်​သည် ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ ကန်​တော်​ရှိ​ရာ​မြို့​ကို​ရ​ပါ​ပြီ။ 28ယ​ခု​မှာ ကြွင်း​သော​လူ​တို့​ကို စု​ဝေး​စေ​သ​ဖြင့်၊ မြို့​နား​မှာ တပ်​တော်​ချ၍ တိုက်​ယူ​တော်​မူ​ပါ။ သို့​မ​ဟုတ် ကျွန်​တော်​ယူ၍ ကျွန်​တော်​အ​မည်​ဖြင့် မြို့​ကို သ​မုတ်​ကြ​လိမ့်​မည်​ဟု လျှောက်​လျှင်၊ 29ဒါ​ဝိဒ်​သည် လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​သ​ဖြင့်၊ ရ​ဗ္ဗာ​မြို့​သို့ ချီ​သွား၍ တိုက်​ယူ​လေ၏။ 30မင်း​ကြီး၏​သ​ရ​ဖူ​ကို​ချွတ်​ယူ၍ ခေါင်း​တော်​ပေါ် မှာ​တင်​ကြ၏။ သ​ရ​ဖူ​အ​ချိန်​ကား ကျောက်​မြတ်​ကို​မ​ဆို​ဘဲ ရွှေ​အ​ခွက်​တစ်​ဆယ် ရှိ​သ​တည်း။ မြို့၌​လု​ယူ​သော ဥ​စ္စာ​အ​များ​ကို​လည်း ထုတ်​လေ၏။ 31မြို့​သား​တို့​ကို​လည်း ထုတ်​ဆောင်၍ လွှ​တိုက်​မှု၊ သံ​ထွန်၊ သံ​ပု​ဆိန်​နှင့်​အ​လုပ်​မှု​ကို လုပ်​စေ၍ အုတ်​ဖို၌​လည်း ကျင်​လည်​စေ၏။ ထို​သို့ ဒါ​ဝိဒ်​သည် အ​မ္မုန်​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့၌ ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု​ရှင်​လင်​မြို့​သို့ ပြန်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ၂ ဓမ္မရာဇဝင် 12