၂ ကောရိန္သု 9
9
အချင်းချင်းကူညီထောက်ပံ့မှု
1သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမှုအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။- 2အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကို ငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆိုတတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။- 3သို့သော်လည်း ငါတို့သည် သင်တို့ကို ဝါကြွားသောစကားသည် ဤအမှု၌ အချည်းနှီးမဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည် အသင့်ရှိစေခြင်းငှာ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။- 4သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူလာ၍ သင်တို့သည် အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။- 5ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှာ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့ အရင်သွားစေ၍ ထိုအလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟု သဘောရှိ၏။
6အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။- 7လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။- 8ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။- 9သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။- 10မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာအာဟာရကိုလည်းကောင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။- 11ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှာ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။- 12အဘယ်သို့နည်း ဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း အများနှင့် ပြည့်စုံလျက်ရှိ၏။- 13သင်တို့သည် ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာလိုက်ခြင်း အလိုကိုလည်းကောင်း၊ ထိုသန့်ရှင်းသူတို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲပေးကမ်းခြင်း အရာကိုလည်းကောင်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။- 14သင်တို့၌ ထူးမြတ်သောဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင်၊ သင်တို့အဖို့ အလိုငှာ ဆုတောင်း၍၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။- 15ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။
Currently Selected:
၂ ကောရိန္သု 9: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.