YouVersion Logo
Search Icon

ဗျာဒိတ်ကျမ်း 20

20
ချည်နှောင်ခြင်းခံရသောစာတန်
1ထို့နောက် ကောင်းကင်​တမန်​တစ်​ပါး​သည် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​၏​သော့​နှင့် ကြီးမား​သော​သံကြိုး​တို့​ကို မိမိ​လက်​၌​ကိုင်​ထား​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ 2သူ​သည် မာရ်နတ်​စာတန်​ဖြစ်​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကို​ဖမ်း​လျက် အနှစ်​တစ်ထောင်​ချည်နှောင်​ထား​၍ 3အနှစ်​တစ်ထောင်​ကုန်ဆုံး​သည်​အထိ လူ​များ​တို့​ကို နောက်ထပ်​မ​လှည့်ဖြား​နိုင်​ရန် သူ့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​ပစ်ချ​လျက် ပိတ်လှောင်​ကာ အပေါ်​မှ​တံဆိပ်​ခတ်​ထား​လေ​၏။ ထို​အချိန်​ကာလ​များ​ပြီးမှ သူ့​ကို ခေတ္တ​ခဏ​လွှတ်​ပေး​ရ​မည်​ဖြစ်​၏။
သန့်ရှင်းသူတို့ ခရစ်တော်နှင့်အတူစိုးစံကြခြင်း
4ထို့နောက် ပလ္လင်​များ​နှင့် ၎င်း​တို့​အပေါ်​တွင်​ထိုင်​နေ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ ထို​သူ​တို့​သည် တရား​စီရင်​ခွင့်​ကို​ရ​ကြ​၏။ တစ်ဖန် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​အတွက်​လည်းကောင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတွက်​လည်းကောင်း ခေါင်းဖြတ်​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​မှစ၍ သားရဲ​နှင့်​သားရဲ​၏​ရုပ်တု​ကို​မ​ကိုးကွယ်၊ သူ​၏​အမှတ်တံဆိပ်​ကို​လည်း မိမိ​တို့​၏​နဖူး​၊ သို့မဟုတ် လက်​တွင် မ​ခံယူ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ သူ​တို့​သည် အသက်​ပြန်​ရှင်​၍ အနှစ်​တစ်ထောင်​ပတ်လုံး ခရစ်တော်​နှင့်အတူ​စိုးစံ​ကြ​၏။ 5အခြား​သော​သေလွန်​သူ​တို့​သည် အနှစ်​တစ်ထောင်​ကုန်ဆုံး​သည်​အထိ အသက်​ပြန်​မ​ရှင်​ကြ​ပေ။ ဤ​သည်​ကား ပထမ​ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ 6ပထမ​ရှင်ပြန်​ထမြောက်​ခြင်း​၌​ပါ​သော​သူ​သည် မင်္ဂလာရှိ​သူ၊ သန့်ရှင်း​သူ​ဖြစ်​၏။ ဒုတိယ​သေ​ခြင်း​သည် သူ​တို့​အပေါ်​မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ သူ​တို့​သည် ဘုရားသခင်​နှင့်​ခရစ်တော်​၏​ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ အနှစ်​တစ်ထောင်​စိုးစံ​ကြ​လိမ့်မည်။
နှိမ်နင်းခြင်းခံရသောစာတန်၏တော်လှန်မှု
7ထို​အနှစ်​တစ်ထောင်​ကုန်ဆုံး​သောအခါ စာတန်​သည် သူ​ချုပ်နှောင်​ခံရ​ရာ​အကျဉ်းထောင်​မှ လွှတ်​ပေး​ခြင်း​ခံရ​၍ 8ကမ္ဘာ​မြေကြီး​လေး​မျက်နှာ​ရှိ လူမျိုး​များ​ဖြစ်​ကြ​သည့် ဂေါဂ၊ မာဂေါဂ​ကို​လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် သူ​တို့​ကို​စုဝေး​စေရန် ထွက်သွား​လိမ့်မည်။ သူ​တို့​၏​အရေအတွက်​သည် သမုဒ္ဒရာ​သဲပွင့်​များ​နှင့်အမျှ​ရှိ​ကြ​၏။ 9သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​ကျယ်ပြန့်​သော​အရပ်​သို့​ချီတက်​လာ​၍ သန့်ရှင်း​သူ​တို့​၏​စခန်း​နှင့် ချစ်​တော်မူ​သော​မြို့​ကို ဝိုင်း​ကြ​၏။ ထိုအခါ ကောင်းကင်​မှ မီး​ကျ​လာ​၍ သူ​တို့​ကို​လောင်ကျွမ်း​လေ​၏။ 10သူ​တို့​ကို​လှည့်ဖြား​သော​မာရ်နတ်​သည်​လည်း သားရဲ​နှင့်​ပရောဖက်​အတုအယောင်​တို့​ရှိ​ရာ ကန့်​နှင့်​ရော​သော​မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​၏။ သူ​တို့​သည် ထို​နေရာ​၌ နေ့​ရော​ည​ပါ ကမ္ဘာ​အဆက်ဆက် ညှဉ်းဆဲ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။
နောက်ဆုံးသောတရားစီရင်ခြင်း
11ထို့နောက် ဖြူ​သော​ပလ္လင်​ကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​ကို ငါ​မြင်​ရ​၏။ ကောင်းကင်​နှင့်​မြေကြီး​သည် ထို​အရှင်​၏​မျက်မှောက်​မှ ပျောက်လွင့်​သွား​၍ ၎င်း​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။ 12တစ်ဖန် သေလွန်​သော​သူ​အကြီး​အငယ်​တို့​သည် ပလ္လင်​တော်​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏။ စာစောင်​များ​ကို​ဖွင့်​ထား​၍ အသက်​စာစောင်​တည်းဟူသော အခြား​သော​စာစောင်​ကို​လည်း​ဖွင့်​ထား​၏။ သေလွန်​သော​သူ​တို့​သည် ထို​စာစောင်​များ​တွင်​ရေး​ထား​သည့်​အတိုင်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။ 13ပင်လယ်​သည် မိမိ​၌​ရှိ​သော​လူသေ​တို့​ကို ပေးအပ်​လေ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​သည်​လည်း မိမိ​၌​ရှိ​သော​လူသေ​တို့​ကို ပေးအပ်​ကြ​၏။ ထိုအခါ လူ​အသီးသီး​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။ 14ထို့နောက် သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​သည် မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။ ဤ​မီး​အိုင်​သည် ဒုတိယ​သေ​ခြင်း​ဖြစ်​၏။ 15အသက်​စာစောင်​၌ စာရင်း​မ​ဝင်​သော​သူ​ရှိသမျှ​တို့​သည်​လည်း မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in