ဗျာဒိတ်ကျမ်း 19
19
ဘေဘီလုံမြို့၏ကျဆုံးမှုအတွက် ကောင်းကင်သားတို့ဝမ်းမြောက်ကြခြင်း
1ထို့နောက် ကောင်းကင်ရှိ များစွာသောလူထုပရိသတ်တို့၏ကျယ်လောင်သည့်အသံကဲ့သို့သောအသံကို ငါကြားရ၏။ သူတို့က “ဟာလေလုယာ။ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နှင့် တန်ခိုးတော်တို့သည် ငါတို့ဘုရားသခင်နှင့်ဆိုင်တော်မူ၏။ 2အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။ 3ထို့နောက် တစ်ဖန် သူတို့က “ဟာလေလုယာ။ သူ၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်သွားလျက်ရှိ၏”ဟု ဆိုကြ၏။ 4သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည်လည်း ပျပ်ဝပ်လျက် ပလ္လင်ပေါ်တွင်ထိုင်တော်မူသောဘုရားသခင်ကိုရှိခိုးကာ “အာမင်။ ဟာလေလုယာ”ဟု ဆိုကြ၏။ 5ပလ္လင်တော်မှထွက်လာသောအသံကလည်း “ဘုရားသခင်၏အစေအပါးများနှင့် ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ချီးမွမ်းကြလော့”ဟု ဆို၏။
သိုးသငယ်တော်၏မင်္ဂလာဧည့်ခံပွဲ
6ထို့နောက် များစွာသောလူအစုအဝေး၏အသံနှင့်လည်းကောင်း၊ များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ပြင်းထန်သောမိုးကြိုးသံနှင့်လည်းကောင်း တူသောအသံက “ဟာလေလုယာ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် စိုးစံတော်မူသည်ဖြစ်၍ 7ငါတို့သည် ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြကုန်စို့။ အဘယ်ကြောင့်ဆိုသော် သိုးသငယ်တော်၏မင်္ဂလာဆောင်ပွဲအချိန်ကျရောက်လာ၍ သူ၏သတို့သမီးသည် မိမိကိုယ်ကိုပြင်ဆင်လေပြီ။ 8ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။ 9ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။ 10ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။
မြင်းဖြူပေါ်စီးသောသူ
11ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။#ဆာ 96:13၊ ဟေရှာ 11:4။ 12သူ၏မျက်စိတို့သည် မီးလျှံကဲ့သို့ဖြစ်ပြီး သူ၏ဦးခေါင်းပေါ်၌ သရဖူများကိုဆောင်းထား၏။ သူ၌ရေးထားသောနာမတစ်ခုရှိ၍ ၎င်းကို သူကိုယ်တိုင်မှတစ်ပါး မည်သူမျှမသိ။ 13သူသည် သွေး၌နှစ်ထားသောဝတ်ရုံကိုဝတ်ထားလျက် သူ၏အမည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်ဟု ခေါ်၏။ 14ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကိုဝတ်ဆင်လျက် မြင်းဖြူကိုစီးကာ သူ၏နောက်သို့လိုက်ကြ၏။ 15လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။#ဗျာ 2:27၊ ဆာ 2:9။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။ 16သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”#၁တိ 6:15၊ တရား 10:17။ဟု ရေးထားသောဘွဲ့နာမရှိ၏။
သားရဲနှင့်သူ၏စစ်သည်များရှုံးနိမ့်ခြင်း
17ထို့နောက် နေထဲ၌ ရပ်နေသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်၌ ပျံသန်းသောငှက်အပေါင်းတို့အား “ဘုရားသခင်၏ညစာစားပွဲကြီးသို့ လာ၍စုဝေးကြလော့။ 18ရှင်ဘုရင်တို့၏အသား၊ တပ်မှူးကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ မြင်းနှင့်မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များမှစ၍ လူကြီးလူငယ်ရှိသမျှတို့၏အသားကို လာ၍ စားကြလော့”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လေ၏။#ယေဇ 39:17-20။
19ထိုအခါ သားရဲမှစ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များနှင့် ၎င်းတို့၏ဗိုလ်ခြေများသည် မြင်းစီးသောသူနှင့်သူ၏ဗိုလ်ခြေကိုစစ်တိုက်ရန် စုဝေးကြသည်ကို ငါမြင်ရ၏။ 20သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။ 21ကြွင်းကျန်သောသူတို့မူကား မြင်းစီးသောသူ၏ခံတွင်းမှထွက်သောသန်လျက်ဖြင့် သတ်ဖြတ်ခြင်းခံရပြီး ငှက်အပေါင်းတို့သည် သူတို့၏အသားကို ဝလင်စွာစားရကြ၏။
Currently Selected:
ဗျာဒိတ်ကျမ်း 19: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative