YouVersion Logo
Search Icon

ဆာလံကျမ်း 86

86
မြည်တမ်းအသနားခံခြင်း
ဒါဝိဒ်​၏​ဆုတောင်းချက်
1အို ထာဝရဘုရား​၊ ဂရုစိုက်​နားထောင်​လျက် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။
အကြောင်းမူကား အကျွန်ုပ်​သည် အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ ဖြစ်​ပါ​၏​။
2အကျွန်ုပ်​သည် ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​ဖြစ်၍
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို စောင့်ရှောက်​တော်မူ​ပါ​။
ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​ပါ​၏​။
ကိုယ်တော်​ကို ယုံကြည်ကိုးစား​သော ကိုယ်တော်​၏​အစေအပါး​ကို ကယ်တင်​တော်မူ​ပါ​။
3အို ဘုရားရှင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​ခေါ်​ပါ​၏​။
4ကိုယ်တော့်​အစေအပါး​၏​စိတ်ဝိညာဉ်​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။
အကြောင်းမူကား အို ဘုရားရှင်​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည်
ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။
5အကြောင်းမူကား အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကောင်းမြတ်​၍ ခွင့်လွှတ်​တော်မူ​တတ်​၏​။
ကိုယ်တော်​ကို​ခေါ်​သော​သူ​အပေါင်း​တို့​အပေါ်​၌​လည်း မေတ္တာကရုဏာ​တော်​ကြွယ်ဝ​တော်မူ​၏​။
6အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။
အကျွန်ုပ်​အသနားခံ​သော​အသံ​ကို အာရုံစိုက်​တော်မူ​ပါ​။
7ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​မည် ဖြစ်​သောကြောင့်
အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ကိုယ်တော်​ကို​ခေါ်​ပါ​မည်​။
8အို ဘုရားရှင်​၊ ဘုရား​များ​ထဲတွင် ကိုယ်တော်​နှင့်တူသော​ဘုရား​မ​ရှိ​ပါ​။
ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​နှင့်တူသော အမှု​လည်း မ​ရှိ​ပါ​။
9အို ဘုရားရှင်​၊ ကိုယ်တော်​ဖန်ဆင်း​တော်မူ​သော လူမျိုး​အပေါင်း​တို့​သည်
ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကြ​ပါ​လိမ့်မည်​။
ကိုယ်တော်​၏​နာမ​တော်​ကို​လည်း ဂုဏ်ပြုချီးမွမ်း​ကြ​ပါ​လိမ့်မည်​။
10အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​၏​။
ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။
11အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​မည်​။
ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်​ကို​စုစည်း​တော်မူ​ပါ​။
12အို ဘုရားရှင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊
အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​၍
ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်အမြဲ​ဂုဏ်ပြုချီးမွမ်း​ပါ​မည်​။
13အကြောင်းမူကား အကျွန်ုပ်​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပါ​၏​။
ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို နက်ရှိုင်း​သော​မရဏာနိုင်ငံ​မှ ကယ်နုတ်​တော်မူ​ပြီ​။
14အို ဘုရားသခင်​၊ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ထကြွ​ကြ​ပါ​၏​။
ကြမ်းကြုတ်​သော​လူတစ်စု​သည်​လည်း အကျွန်ုပ်​၏​အသက်​ကို ရန်ရှာ​ကြ​ပါ​၏​။
သူ​တို့​သည် ကိုယ်တော်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။
15သို့သော် အို ဘုရားရှင်​၊ ကိုယ်တော်​သည် သနားစုံမက်​တတ်​သော​သဘော​၊
ကျေးဇူးပြု​တတ်​သော​သဘော​နှင့်​ပြည့်စုံ​သော ဘုရားသခင်​ဖြစ်​တော်မူ​ပြီး
စိတ်ရှည်​သော​သဘော​၊ သမ္မာတရား​နှင့်​မေတ္တာကရုဏာ​ကြွယ်ဝ​သော သဘော​ရှိ​တော်မူ​၏​။
16အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
ကိုယ်တော်​၏​အစွမ်းသတ္တိ​ကို ကိုယ်တော်​၏​အစေအပါး​အား ပေး​၍
ကိုယ်တော့်​ကျွန်မ​၏​သား​ကို ကယ်တင်​တော်မူ​ပါ​။
17အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​သည် မြင်​၍ အရှက်ကွဲ​ကြ​မည့်​အကြောင်း
ကောင်းမြတ်​တော်မူ​ခြင်း​၏​အမှတ်လက္ခဏာ​ကို အကျွန်ုပ်​အား​ပြ​တော်မူ​ပါ​။
အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ကူညီမစ​၍
အကျွန်ုပ်​ကို နှစ်သိမ့်ပေး​တော်မူ​ပြီ​ဖြစ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy