YouVersion Logo
Search Icon

ဆာလံကျမ်း 60

60
အခက်အခဲကြုံရချိန်တွင် ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ “​သက်သေခံချက်​နှင်းပန်း​”​သံစဉ်​၊ သင်ကြား​ပေး​ရန်​အတွက်​၊ ဒါဝိဒ်​သည် မက်ဆိုပိုတေးမီးယား​ပြည်​နှင့်​အာရံဇောဘ​ပြည်​ကို တိုက်ခိုက်​ပြီးမှ ယွာဘ​သည်​ပြန်လာ​၍ ဧဒုံ​ပြည်သား​တစ်သောင်းနှစ်ထောင်​တို့​ကို ဆား​ချိုင့်ဝှမ်း​၌​လုပ်ကြံ​သောအခါ ဒါဝိဒ်​စပ်ဆို​သော​မိတ္တမ်​သီချင်း​။
1အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို​ငြင်းပယ်​ခဲ့​ပါ​၏​။
အကျွန်ုပ်​တို့​ကို​ဖြိုဖျက်​ခဲ့​ပါ​၏​။ ကိုယ်တော်​သည် အမျက်​တော်​ထွက်​ခဲ့​ပါ​၏​။
အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။
2ကိုယ်တော်​သည် မြေကြီး​ကို တုန်ခါ​စေ​၍ ၎င်း​ကို​ကွဲအက်​စေ​ခဲ့​ပါ​၏​။
ထို​ကွဲအက်ရာ​တို့​ကို ပြုပြင်​တော်မူ​ပါ​။
အကြောင်းမူကား ၎င်း​သည် တုန်လှုပ်​လျက်​ရှိ​ပါ​၏​။
3ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို ကြမ်းတမ်း​မှု​များ​နှင့် ကြုံတွေ့​စေ​ခဲ့​ပါ​၏​။
ဒယီးဒယိုင်​ဖြစ်​စေ​သော​စပျစ်ဝိုင်​ကို အကျွန်ုပ်​တို့​အား​တိုက်​ခဲ့​ပါ​၏​။
4ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် လေးသမား​ရှေ့​မှ​ထွက်ပြေး​နိုင်​ရန်
အချက်ပြအလံ​ကို ကိုယ်တော်​လွှင့်ထူ​ပေး​ခဲ့​ပါ​၏​။(​စေလာ#60:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5ကိုယ်တော်​ချစ်​တော်မူ​သော​သူ​တို့​သည် လွတ်မြောက်​ခြင်း​သို့​ရောက်​မည့်​အကြောင်း
ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့်​ကယ်တင်​ပြီး အကျွန်ုပ်​တို့​ကို ထူး​တော်မူ​ပါ​။
6ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်းရာဌာန​တော်​မှ မိန့်​တော်မူ​သည်​မှာ
“​ငါ​သည် ရွှင်မြူး​ခြင်း​ရှိ​လျက် ရှေခင်​မြို့​ကို​ခွဲဝေ​၍ သုကုတ်​ချိုင့်ဝှမ်း​ကို​တိုင်းတာ​ဝေခြမ်း​မည်​။
7ဂိလဒ်​ပြည်​ကို ငါ​ပိုင်​၏​။ မနာရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏​။
ဧဖရိမ်​ပြည်​သည် ငါ​၏​သံခမောက်​ဖြစ်​ပြီး ယုဒ​ပြည်​သည် ငါ​၏​ကျိုင်း​တော်​ဖြစ်​၏​။
8မောဘ​ပြည်​သည် ငါ​၏​ခြေဆေးအိုး​ဖြစ်​၏​။ ဧဒုံ​ပြည်​အပေါ် ငါ့​ဖိနပ်​ကို​ငါ​ပစ်ချ​မည်​။
ဖိလိတ္တိ​ပြည်​ကို အောင်​နိုင်​သောကြောင့် ငါ​ကြွေးကြော်​မည်​”​ဟူ၍​ဖြစ်​၏​။
9ငါ့​ကို ခံတပ်​မြို့​သို့ မည်သူ​ခေါ်ဆောင်​သွား​မည်နည်း​။
ငါ့​ကို​ဧဒုံ​ပြည်​သို့ မည်သူ​ပို့ဆောင်​ပေး​မည်နည်း​။
10အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ငြင်းပယ်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော​။
အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဗိုလ်ခြေ​တို့​နှင့်အတူ မ​ချီတက်​ဘဲ​နေ​တော်မူ​မည်လော​။
11ရန်သူ့​လက်​မှ​လွတ်​ရန် အကျွန်ုပ်​တို့​ကို​ကူညီမစ​တော်မူ​ပါ​။
အကြောင်းမူကား လူ​ပေး​သော​ကယ်တင်​ခြင်း​သည် အချည်းနှီး​ဖြစ်​ပါ​၏​။
12ငါ​တို့​သည် ဘုရားသခင်​အားဖြင့် ရဲရင့်​စွာ​ပြု​ကြ​မည်​။
ကိုယ်တော်​သည် ငါ​တို့​အား​ရန်ဖက်ပြု​သော​သူ​များ​ကို နင်းချေ​တော်မူ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in