YouVersion Logo
Search Icon

ဆာလံကျမ်း 58

58
မတရားမှုများကိုစီရင်တော်မူရန် အော်ဟစ်တောင်းလျှောက်ခြင်း
ဂီတမှူး​အတွက်​၊ “​မ​ဖျက်ဆီး​ပါ​နှင့်​” သံစဉ်​၊ ဒါဝိဒ်​၏​မိတ္တမ်​သီချင်း
1အို အားကြီး​သော​သူ​တို့​၊ အကယ်စင်စစ် သင်​တို့​သည် ဖြောင့်မတ်​စွာ​ပြောဆို​ကြ​သလော​။
လူသား​တို့​ကို သမာသမတ်​ရှိ​စွာ တရားစီရင်​ကြ​သလော​။
2သင်​တို့​သည် ထိုသို့​မ​ပြု​ဘဲ မတရားမှု​များ​ကို စိတ်နှလုံး​ထဲ၌ ကျင့်ကြံ​၍
သင်​တို့​လက်​၏​ရက်စက်ကြမ်းကြုတ်မှု​ကို ကမ္ဘာမြေကြီး​ပေါ်တွင် ချိန်တွယ်​ဖြန့်ဝေ​ကြ​၏​။
3ဆိုးယုတ်​သော​သူ​တို့​သည် အမိ​ဝမ်း​ထဲကပင် ဖောက်ပြန်​သော​သဘော​ရှိ​ကြ​၏​။
သူ​တို့​သည် မွေးစ​ကပင် လမ်းလွဲ​၍ လိမ်လည်​ပြောဆို​တတ်​ကြ​၏​။
4-5သူ​တို့​၏​အဆိပ်​သည် မြွေ​၏​အဆိပ်​နှင့်​တူ​၏​။
သူ​တို့​သည် ဂါထာမန္တန်​ကို ကျွမ်းကျင်​စွာ​မန်းမှုတ်​တတ်​သော အလမ္ပာယ်ဆရာ​၏​အသံ​ကို​မ​ကြား​အောင်
မိမိ​နား​ကို​ပိတ်​ထား​သည့် နားမကြား​သော မြွေဟောက်​နှင့်​တူ​ကြ​၏​။
6အို ဘုရားသခင်​၊ သူ​တို့​ပါးစပ်​ထဲမှ သူ​တို့​၏​သွား​ကို ချိုး​ပစ်​တော်မူ​ပါ​။
အို ထာဝရဘုရား​၊ ခြင်္သေ့ပျို​တို့​၏​အစွယ်​များ​ကို ချိုး​တော်မူ​ပါ​။
7သူ​တို့​သည် စီးသွား​သော​ရေ​ကဲ့သို့ ပျောက်ကွယ်​သွား​ကြ​ပါစေ​။
လေး​ကို​တင်​သောအခါ မြား​တို့​သည် မြားဦးကျိုး​သကဲ့သို့​ဖြစ်​ကြ​ပါစေ​။
8သူ​တို့​သည် သွားရင်း​လာရင်း အကျိအချွဲ​ဖြစ်သွား​သော ပက်ကျိ​ကဲ့သို့​လည်းကောင်း​၊
နေရောင်​ကို​မ​တွေ့မြင်​ရ​သည့် အသေမွေး​သော​ကလေး​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​ပါစေ​။
9ဆူးလေပင်​နှင့်​မွှေး​သော​မီး​၏​အပူရှိန်​ကို သင်​တို့​အိုး​များ​မ​သိ​ရ​မီ ထို​ဆူး​များ​သည် စို​နေ​သည်​ဖြစ်စေ​၊
ခြောက်​နေ​သည်​ဖြစ်စေ ကိုယ်တော်​လွင့်ပါး​စေ​တော်မူ​လိမ့်မည်​။
10ဖြောင့်မတ်​သော​သူ​သည် လက်စားချေ​ခြင်း​ကို​မြင်​ရ​သဖြင့် ဝမ်းမြောက်​လိမ့်မည်​။
သူ​သည် ဆိုးယုတ်​သော​သူ​၏​သွေး​၌ မိမိ​၏​ခြေ​ကို ဆေးကြော​လိမ့်မည်​။
11ထိုအခါ လူ​တို့​က “​ဖြောင့်မတ်​သော​သူ​သည် ဆုလာဘ်​ကို အမှန်ပင်​ခံရ​၏​။
ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​သော ဘုရားသခင်​သည် အမှန်ပင်​ရှိ​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in