ဆာလံကျမ်း 31
31
စောင့်ရှောက်တော်မူရန် တောင်းလျှောက်ခြင်း
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်သည် မည်သည့်အခါမျှ အရှက်မကွဲရပါစေနှင့်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
2အကျွန်ုပ်ကိုဂရုစိုက်နားထောင်၍ အကျွန်ုပ်ကို အလျင်အမြန်ကယ်နုတ်တော်မူပါ။
အကျွန်ုပ်အတွက် မှီခိုရာကျောက်ဆောင်၊ အကျွန်ုပ်ကိုကယ်တင်သည့် ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူပါ။
3အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက်ဖြစ်တော်မူ၏။
ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုပို့ဆောင်လျက် အကျွန်ုပ်ကိုလမ်းပြတော်မူ၏။
4ကိုယ်တော်သည် အကျွန်ုပ်၏ မှီခိုရာဖြစ်တော်မူသောကြောင့် အကျွန်ုပ်အတွက် လျှို့ဝှက်စွာထောင်ထားသောပိုက်ကွန်ထဲမှ
အကျွန်ုပ်ကိုထုတ်ဆောင်တော်မူ၏။
5အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့အပ်နှံပါ၏။#လု 23:46။
သမ္မာတရားနှင့်ပြည့်စုံတော်မူသောဘုရားသခင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပြီ။
6အချည်းနှီးသောရုပ်တုများကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်မုန်းပါ၏။
ထာဝရဘုရားကို အကျွန်ုပ်ယုံကြည်ကိုးစားပါ၏။
7အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်၌ ရွှင်လန်း၍ဝမ်းမြောက်ပါလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုမြင်၍
အကျွန်ုပ်စိတ်ဝိညာဉ်၏ဆင်းရဲဒုက္ခကို သိတော်မူပြီ။
8အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ
အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
9အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဘေးဥပဒ်နှင့်ကြုံတွေ့နေရသည်ဖြစ်၍ အကျွန်ုပ်ကို သနားတော်မူပါ။
ပူဆွေးခြင်းကြောင့် အကျွန်ုပ်၏မျက်စိ၊ အကျွန်ုပ်၏ဝိညာဉ်နှင့်အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အားလျော့ကြပါပြီ။
10အကြောင်းမူကား အကျွန်ုပ်၏အသက်တာသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊
အကျွန်ုပ်၏နှစ်ကာလတို့သည် ညည်းတွားခြင်းဖြင့်လည်းကောင်း ကုန်လွန်ခဲ့ပါပြီ။
အကျွန်ုပ်၏ဒုစရိုက်ကြောင့် အကျွန်ုပ်၏ခွန်အားသည် ချည့်နဲ့သွား၍ အကျွန်ုပ်၏အရိုးတို့သည် အားလျော့ကြပါပြီ။
11အကျွန်ုပ်ကိုရန်ဖက်ပြုသောသူအပေါင်းတို့ကြောင့် အကျွန်ုပ်သည် အထူးသဖြင့် အကျွန်ုပ်၏အိမ်နီးချင်းများအတွက်
ကဲ့ရဲ့ပြစ်တင်စရာဖြစ်၍ အကျွန်ုပ်၏အသိမိတ်ဆွေများအတွက်လည်း ကြောက်ရွံ့စရာဖြစ်ပါပြီ။
လမ်း၌ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် အကျွန်ုပ်ထံမှထွက်ပြေးကြပါ၏။
12အကျွန်ုပ်သည် သေလွန်ပြီးသောသူကဲ့သို့ လူတို့၏စိတ်ထဲမှမေ့လျော့ခြင်းခံရ၍
ကွဲပျက်သောအိုးကဲ့သို့ဖြစ်ပါပြီ။
13အကြောင်းမူကား “ပတ်လည်၌ကြောက်လန့်စရာရှိ၏”ဟူသည့်
များစွာသောသူတို့၏ရှုတ်ချသောစကားကို အကျွန်ုပ်ကြားရပါ၏။
သူတို့သည် အကျွန်ုပ်တစ်ဖက်၌ အတူတကွစုဝေးကြသောအခါ အကျွန်ုပ်၏အသက်ကိုသတ်ရန် ကြံဆကြပါ၏။
14သို့သော် အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။
“ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု အကျွန်ုပ်ဆိုပါ၏။
15အကျွန်ုပ်၏အချိန်ကာလတို့သည် ကိုယ်တော်၏လက်တော်၌ရှိပါ၏။
အကျွန်ုပ်၏ရန်သူတို့နှင့် အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
16ကိုယ်တော်၏မျက်နှာတော်အလင်းကို ကိုယ်တော်၏အစေအပါးအပေါ် ထွန်းလင်းစေတော်မူပါ။
ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
17အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သည်ဖြစ်၍ အကျွန်ုပ်အရှက်မကွဲရပါစေနှင့်။
ဆိုးယုတ်သောသူတို့သည် အရှက်ကွဲလျက် မရဏာနိုင်ငံထဲ၌ တိတ်ဆိတ်စွာနေကြရပါစေသော။
18ဖြောင့်မတ်သောသူတစ်ဖက်၌ မာန်မာနဖြင့်လည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းဖြင့်လည်းကောင်း မောက်မာစွာပြောဆိုတတ်သည့်
မုသားနှုတ်ခမ်းသည် တိတ်ဆိတ်စွာနေရပါစေသော။
19ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက်
လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
20ကိုယ်တော်သည် သူတို့ကို လူတို့၏လျှို့ဝှက်ကြံစည်မှုများမှကင်းလွတ်စေရန်
ရှေ့တော်ရှိကွယ်ကာရာအရပ်၌ ဖုံးကွယ်ထားတော်မူ၏။
ခိုက်ရန်ဖြစ်ပွားတတ်သောလျှာများနှင့်ကင်းဝေးစေရန် သူတို့ကိုယာယီတဲ၌ဝှက်ထားတော်မူ၏။
21ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ဝိုင်းထားခြင်းခံရသောမြို့ထဲ၌
အကျွန်ုပ်ရှိစဉ် ကိုယ်တော်သည် မိမိ၏မေတ္တာကရုဏာတော်ကို အကျွန်ုပ်အားအံ့ဩဖွယ်ပြသတော်မူ၏။
22“ကိုယ်တော်၏မျက်မှောက်တော်မှ အဆက်ဖြတ်ခံရပြီ”ဟု အကျွန်ုပ်အလန့်တကြားပြောဆိုမိပါ၏။
သို့သော် အကျွန်ုပ်သည် ကိုယ်တော်ထံ အကူအညီအော်ဟစ်တောင်းခံသောအခါ
ကိုယ်တော်သည် အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူ၏။
23ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။
ထာဝရဘုရားသည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
မာန်မာနဖြင့်ပြုမူသောသူတို့ကိုမူကား မလျှော့မပေါ့အပြစ်ပေးတော်မူ၏။
24ထာဝရဘုရားကိုမျှော်လင့်ကိုးစားသူအပေါင်းတို့၊
အားယူ၍ သင်တို့စိတ်နှလုံးကိုရဲရင့်စေကြလော့။
Currently Selected:
ဆာလံကျမ်း 31: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative