ဆာလံကျမ်း 30
30
နံနက်အချိန်၌ ရွှင်လန်းဝမ်းမြောက်ခြင်း
ဒါဝိဒ်၏ဆာလံ၊ အိမ်တော်အနုမောဒနာပြုသီချင်း
1အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဆွဲတင်တော်မူပြီး
အကျွန်ုပ်၏ရန်သူတို့အား အကျွန်ုပ်ကြောင့် ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူသောကြောင့်
ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
2အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံရာ
ကိုယ်တော်သည် အကျွန်ုပ်ကိုကျန်းမာစေတော်မူ၏။
3အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံထဲမှထုတ်ဆောင်တော်မူ၍
အကျွန်ုပ်ကို သေတွင်းထဲသို့မဆင်းသွားစေဘဲ ဆက်၍အသက်ရှင်စေတော်မူပြီ။
4ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။
ကိုယ်တော်၏သန့်ရှင်းသောနာမတော်အတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
5အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။
ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။
နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
6“ငါသည် မည်သည့်အခါမျှ တုန်လှုပ်မည်မဟုတ်”ဟု
ငါ၌လုံခြုံစိတ်ချမှုရှိစဉ်အခါက ငါပြောဆိုခဲ့၏။
7အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျေးဇူးတော်အားဖြင့် အကျွန်ုပ်၏တောင်ကို ခိုင်ခံ့စွာတည်စေတော်မူပြီ။
မျက်နှာတော်လွှဲတော်မူသောအခါ အကျွန်ုပ်ထိတ်လန့်ရပါ၏။
8အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။
အကျွန်ုပ်၏ဘုရားရှင်ထံ အသနားခံတောင်းလျှောက်ပါ၏။
9အကျွန်ုပ်သေဆုံးခြင်းအားဖြင့်၊ သေတွင်းသို့အကျွန်ုပ်ဆင်းသွားခြင်းအားဖြင့် မည်သည့်အကျိုးရှိပါမည်နည်း။
မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။
ကိုယ်တော်၏သမ္မာတရားကို ပြောကြားပါမည်လော။
10အို ထာဝရဘုရား၊ နားညောင်းတော်မူပါ။ အကျွန်ုပ်ကိုသနားတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစသောအရှင်ဖြစ်တော်မူပါ။
11ကိုယ်တော်သည် အကျွန်ုပ်၏မြည်တမ်းခြင်းကို ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူပြီ။
အကျွန်ုပ်၏လျှော်တေအဝတ်ကိုချွတ်၍ ဝမ်းမြောက်ခြင်းအဝတ်ကို ဝတ်ဆင်ပေးတော်မူပြီ။
12သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော်ကိုသီဆိုချီးမွမ်းပါမည်။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
Currently Selected:
ဆာလံကျမ်း 30: MSBU
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative