ဆာလံကျမ်း 19
19
ထာဝရဘုရား၏လုပ်ဆောင်မှုနှင့်တရားတော်
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံ
1ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပြောကြား၍
မိုးမျက်နှာကြက်သည် ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာကိုဖော်ပြ၏။
2၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ မြွက်ဟပြောဆို၍
တစ်ညပြီးတစ်ညအသိပညာကိုပြသကြ၏။
3နှုတ်မြွက်ခြင်းမရှိ၊ စကားပြောခြင်းလည်းမရှိ။
သူတို့၏အသံကိုလည်းမကြားရ။
4သို့သော် သူတို့၏အသံသည် ကမ္ဘာမြေတစ်ခွင်လုံးသို့ပျံ့နှံ့သွား၍
သူတို့၏စကားသည် ကမ္ဘာလောကအစွန်းတိုင်အောင်ရောက်လေ၏။#ရော 10:18။
ကိုယ်တော်သည် ကောင်းကင်၌ နေအတွက် ဗိမာန်ကိုတည်တော်မူသဖြင့်
5နေသည် မိမိအခန်းထဲမှထွက်လာသော သတို့သားကဲ့သို့ဖြစ်ပြီး
ပြေးလမ်းတွင်ပြေးတော့မည့် ခွန်အားကြီးသောသူကဲ့သို့ ရွှင်မြူးလျက်ရှိ၏။
6၎င်းသည် ကောင်းကင်အစွန်းတစ်ဖက်မှထွက်လာ၍ အခြားအစွန်းတစ်ဖက်တိုင်အောင်လှည့်ပတ်သွား၏။
၎င်း၏အပူအရှိန်မှ ပုန်းရှောင်နိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။
7ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။
ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။
8ထာဝရဘုရား၏ဥပဒေသတို့သည် ဖြောင့်မှန်၍ စိတ်နှလုံးကိုဝမ်းမြောက်စေ၏။
ထာဝရဘုရား၏ပညတ်တော်သည် သန့်ရှင်း၍ မျက်စိကိုအလင်းပေး၏။
9ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် စင်ကြယ်၍ ထာဝရတည်၏။
ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်တို့သည် မှန်ကန်၍ တညီတညွတ်တည်းဖြောင့်မတ်ကြ၏။
10၎င်းတို့သည် ရွှေထက်မက များစွာသောရွှေစင်ထက်ပင် နှစ်လိုဖွယ်ဖြစ်ပြီး
ပျားရည်ထက်မက ပျားလပို့မှပျားရည်ထက်ပင် ချိုမြိန်၏။
11၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။
၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
12မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။
ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
13ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။
ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။
သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
14အကျွန်ုပ်၏ကျောက်ဆောင်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောအရှင် အို ထာဝရဘုရား၊
အကျွန်ုပ်၏နှုတ်ထွက်စကားများနှင့် အကျွန်ုပ်စိတ်နှလုံး၏အတွေးအကြံသည် ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသော။
Currently Selected:
ဆာလံကျမ်း 19: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative