YouVersion Logo
Search Icon

ဆာလံကျမ်း 20

20
အောင်ပွဲရရန် ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ထာဝရဘုရား​သည် သင့်​ကို​ထူး​တော်မူ​ပါစေသော​။
ယာကုပ်​၏​ဘုရားသခင်​နာမ​တော်​သည် သင့်​ကို​လုံခြုံ​စွာ​စောင့်ရှောက်​ပါစေသော​။
2ကိုယ်တော်​သည် သင့်​အတွက်​ကူညီမစမှု​ကို သန့်ရှင်းရာဌာန​တော်​ထဲမှ​စေလွှတ်​၍
သင့်​ကို ဇိအုန်​မှ ဖေးမ​တော်မူ​ပါစေသော​။
3သင်​၏​ပူဇော်သက္ကာ​အားလုံး​ကို​အောက်မေ့​၍
သင်​၏​မီးရှို့ရာယဇ်​ကို လက်ခံ​တော်မူ​ပါစေသော​။(​စေလာ#20:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4ကိုယ်တော်​သည် သင်​၏​စိတ်​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​၍
သင်​၏​အကြံဉာဏ်​ရှိသမျှ​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပါစေသော​။
5ငါ​တို့​သည် သင်​၏​အောင်မြင်​ခြင်း​ကြောင့် ရွှင်လန်း​စွာ​ကြွေးကြော်​၍
ငါ​တို့​ဘုရားသခင်​၏​နာမ​တော်​၌ အောင်လံ​ကို​စိုက်ထူ​ကြ​မည်​။
ထာဝရဘုရား​သည် သင်​တောင်းလျှောက်​သမျှ​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပါစေသော​။
6ထာဝရဘုရား​သည် မိမိ​ဘိသိက်ပေး​ထား​သော​သူ​ကို ကယ်တင်​တော်မူ​ကြောင်း ယခု​ငါ​သိ​၏​။
ကိုယ်တော်​သည် သူ့​အား လက်ယာ​လက်​တော်​၏​အစွမ်းတန်ခိုး​တော်​များ​ဖြင့် ကယ်တင်​တော်မူ​၏​။
မိမိ​၏​သန့်ရှင်း​သော​ကောင်းကင်ဘုံ​မှ သူ့​ကို​ထူး​တော်မူ​၏​။
7အချို့​တို့​သည် စစ်ရထား​များ​အတွက်​၊ အချို့​တို့​သည် မြင်း​များ​အတွက် ဂုဏ်ယူဝင့်ကြွား​ကြ​၏​။
ငါ​တို့​မူကား ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အတွက် ဂုဏ်ယူဝင့်ကြွား​ကြ​၏​။
8သူ​တို့​သည် ခွေယိုင်​လဲကျ​သွား​ကြ​၏​။
ငါ​တို့​မူကား ထ​၍​ခိုင်မြဲ​စွာ​ရပ်​နေ​ကြ​၏​။
9အို ထာဝရဘုရား​၊ ဘုရင်မင်းကြီး​ကို ကယ်တင်​တော်မူ​ပါ​။
အကျွန်ုပ်​တို့​ခေါ်​သောအခါ အကျွန်ုပ်​တို့​ကို​ထူး​တော်မူ​ပါ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in