ဆာလံကျမ်း 116
116
ဘေးရန်မှလွတ်မြောက်စေတော်မူသောဘုရားသခင်ကို ချီးမွမ်းခြင်း
1ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့်
ငါသည် ကိုယ်တော်ကို ချစ်၏။
2ကိုယ်တော်သည် ငါ့ကို ဂရုစိုက်နားထောင်တော်မူသောကြောင့်
ငါသည် အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုခေါ်မည်။
3သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍
မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။
ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
4ထိုအခါ ငါသည် “အို ထာဝရဘုရား၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လွတ်မြောက်စေတော်မူပါ”ဟု
ထာဝရဘုရား၏နာမတော်ကို ခေါ်၍တောင်းလျှောက်၏။
5ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိတော်မူ၏။
ငါတို့၏ဘုရားသခင်သည် သနားစုံမက်တော်မူတတ်၏။
6ထာဝရဘုရားသည် အသိဉာဏ်နည်းပါးသောသူတို့ကို စောင့်ရှောက်တော်မူ၏။
ငါသည် အခြေအနေနိမ့်ပါးလျက်ရှိသောအခါ ကိုယ်တော်သည် ငါ့ကိုကယ်တင်တော်မူ၏။
7အို ငါ၏စိတ်ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာအရပ်သို့ပြန်လာလော့။
အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုကျေးဇူးပြုတော်မူပြီ။
8အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊
အကျွန်ုပ်၏မျက်စိကို ငိုကြွေးခြင်းမှလည်းကောင်း၊
အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းမှလည်းကောင်း လွတ်မြောက်စေတော်မူပြီ။
9ငါသည် အသက်ရှင်သောသူတို့၏ပြည်၌
ထာဝရဘုရား၏ရှေ့မှောက်တွင် အသက်ရှင်လျှောက်လှမ်းမည်။
10“ငါသည် ဒုက္ခဝေဒနာများစွာခံစားရ၏”ဟု
ပြောစဉ်ပင် ငါ၌ယုံကြည်ခြင်းရှိ၏။#၂ကော 4:13။
11“လူအပေါင်းတို့သည် လိမ်လည်သောသူများသာဖြစ်ကြ၏”ဟု
ငါအလန့်တကြားပြောဆိုမိ၏။
12ငါ့အပေါ် ထာဝရဘုရားပြုတော်မူသော ကျေးဇူးအပေါင်းတို့အတွက်
ကိုယ်တော်ကို ငါမည်သို့ပြန်ဆပ်နိုင်မည်နည်း။
13ငါသည် ကယ်တင်ခြင်းခွက်ဖလားကိုမြှောက်၍
ထာဝရဘုရား၏နာမတော်ကို ခေါ်မည်။
14ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို
ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌ ငါပြည့်စုံစေမည်။
15ထာဝရဘုရား၏ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏သေဆုံးခြင်းသည်
အဖိုးတန်လှ၏။
16အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။
ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
17အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ရှေ့တော်၌ပူဇော်၍
ထာဝရဘုရား၏နာမတော်ကို ခေါ်ပါမည်။
18ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို
ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌လည်းကောင်း၊
19ထာဝရဘုရား၏အိမ်တော်ဝင်း၌လည်းကောင်း၊ အို ဂျေရုဆလင်မြို့၊
သင်၏အလယ်၌လည်းကောင်း ငါပြည့်စုံစေမည်။
ဟာလေလုယ။
Currently Selected:
ဆာလံကျမ်း 116: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative