ဆာလံကျမ်း 109
109
ရန်သူ့လက်မှကယ်တင်တော်မူရန် ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ ဒါဝိဒ်၏ဆာလံ
1အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူသော ဘုရားသခင်၊
တိတ်ဆိတ်စွာနေတော်မမူပါနှင့်။
2အကြောင်းမူကား ဆိုးယုတ်သောသူ၊ လိမ်လည်လှည့်ဖြားသောသူတို့သည်
အကျွန်ုပ်ကိုဆန့်ကျင်လျက် မိမိတို့နှုတ်ကိုဖွင့်ဟကြပါ၏။
မုသားသုံးသောလျှာဖြင့် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။
3သူတို့သည် အကျွန်ုပ်ကို မုန်းတီးသောစကားများ ဝိုင်းပြောကြပါ၏။
အကြောင်းမဲ့တိုက်ခိုက်ကြပါ၏။
4အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို ပြစ်တင်စွပ်စွဲခြင်းဖြင့် တုံ့ပြန်ကြပါ၏။
အကျွန်ုပ်မူကား ဆုတောင်းလျက်နေပါ၏။
5သူတို့သည် အကျွန်ုပ်အား အကောင်းကိုအဆိုးဖြင့်လည်းကောင်း၊
အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို မုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်ဆပ်ကြပါ၏။
6ထိုသို့သောသူအပေါ်မှာ ဆိုးယုတ်သောသူကို ခန့်ထားတော်မူပါ။
ပြစ်တင်စွပ်စွဲသူသည် သူ၏လက်ယာဘက်တွင် ရပ်နေပါစေ။
7သူသည် တရားစီရင်ခြင်းခံရသောအခါ သူ၌အပြစ်ရှိကြောင်းထင်ရှားပါစေ။
သူ၏ဆုတောင်းခြင်းသည်လည်း အပြစ်ဖြစ်ပါစေ။
8သူ၏အသက်တာနေ့ရက်တို့သည် တိုတောင်းပါစေ။
သူ၏အရိုက်အရာကို အခြားသူယူပါစေ။#တ 1:20။
9သူ၏သားသမီးတို့သည် ဖတဆိုးများဖြစ်ကြပြီး
သူ၏မယားသည် မုဆိုးမဖြစ်ပါစေ။
10သူ၏သားသမီးတို့သည် အရပ်ရပ်လှည့်လည်၍ တောင်းရမ်းကြရပါစေ။
ပြိုပျက်သောမိမိတို့နေရာများမှထွက်၍ အစာကိုရှာကြရပါစေ။
11ကြွေးရှင်သည် သူပိုင်ဆိုင်သောအရာအားလုံးကို သိမ်းယူပြီး
သူစိမ်းတို့သည် သူလုပ်ဆောင်ရရှိသောအရာကို လုယူကြပါစေ။
12သူ့အပေါ် မေတ္တာကရုဏာထားမည့်သူ၊
ဖတဆိုးဖြစ်ကြသော သူ၏သားသမီးတို့ကို သနားမည့်သူ တစ်ယောက်မျှမရှိပါစေနှင့်။
13သူ၏နောင်လာနောက်သားသည် မျိုးပြတ်သွားပါစေ။
ထိုနောင်လာနောက်သားတို့၏နာမည်သည် နောက်မျိုးဆက်၌ပင်လျှင် ပယ်ဖျက်ခြင်းခံကြရပါစေ။
14သူ့ဘိုးဘေးတို့၏ဒုစရိုက်သည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ခြင်းခံရပါစေ။
သူ့မိခင်၏အပြစ်သည်လည်း မည်သည့်အခါမျှ ပယ်ဖျက်ခြင်းမခံရပါစေနှင့်။
15ထိုအပြစ်များသည် ထာဝရဘုရားရှေ့တော်၌ အစဉ်ရှိနေပါစေ။
သူ့ဘိုးဘေးတို့နှင့်ပတ်သက်သည့် အောက်မေ့စရာကိုလည်း ကမ္ဘာမြေကြီးပေါ်မှ ဖယ်ရှားတော်မူပါစေ။
16အကြောင်းမူကား သူသည် မေတ္တာကရုဏာပြရန် မစဉ်းစားဘဲ အဖိနှိပ်ခံရသောသူ၊
နွမ်းပါးသောသူနှင့် စိတ်နှလုံးကြေကွဲသောသူကို လိုက်လံသတ်ဖြတ်ခဲ့၏။
17သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်ဖြစ်၍ သူ့အပေါ်ကျရောက်ပါစေ။
ကောင်းချီးမင်္ဂလာကို အလိုမရှိသည်ဖြစ်၍ သူနှင့်ဝေးကွာပါစေ။
18ကျိန်ဆဲခြင်းကို မိမိအဝတ်ကဲ့သို့ ဝတ်ဆင်ထားသည်ဖြစ်၍
၎င်းသည် သူ၏ကိုယ်ခန္ဓာထဲသို့ ရေကဲ့သို့လည်းကောင်း၊
သူ၏အရိုးများထဲသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။
19ထိုကျိန်ဆဲခြင်းသည် သူလွှမ်းခြုံထားသော အဝတ်ကဲ့သို့လည်းကောင်း၊
သူအစဉ်မပြတ်ပတ်ထားသော ခါးပတ်ကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။
20အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူများနှင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆန့်ကျင်လျက်
မကောင်းပြောဆိုသောသူများသည် ထိုသို့သောအကျိုးကို ထာဝရဘုရားထံမှ ခံကြရပါစေ။
21သို့သော် အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍
အကျွန်ုပ်ကိုကျေးဇူးပြုတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်သည်
ကောင်းမြတ်သည်ဖြစ်၍ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
22အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူ ဖြစ်ပါ၏။
အကျွန်ုပ်၏စိတ်နှလုံးသည်လည်း အကျွန်ုပ်အထဲ၌ နာကျင်လျက်ရှိပါ၏။
23အကျွန်ုပ်သည် ညနေစောင်းအရိပ်ကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားပါ၏။
ကျိုင်းကောင်ကဲ့သို့ ခါချခြင်းခံရပါ၏။
24အကျွန်ုပ်၏ဒူးသည် အစာရှောင်ခြင်းကြောင့် ချည့်နဲ့၍
အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အဆီမရှိသဖြင့် ပိန်ချုံးလျက်ရှိပါ၏။
25အကျွန်ုပ်သည် သူတို့အတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်ပါ၏။
သူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ မိမိတို့ခေါင်းကိုခါယမ်းကြပါ၏။
26အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစတော်မူပါ။
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
27ထိုအမှုအရာသည် ကိုယ်တော်၏ လက်တော်အားဖြင့်ဖြစ်ကြောင်း သူတို့သိကြပါစေ။
အို ထာဝရဘုရား၊ ထိုအမှုအရာကို ကိုယ်တော်ပြုတော်မူခဲ့ပါ၏။
28သူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်သည် ကောင်းချီးပေးတော်မူလိမ့်မည်။
သူတို့သည် ထကြွသော်လည်း အရှက်ကွဲကြရပါလိမ့်မည်။
ကိုယ်တော်၏အစေအပါးမူကား ဝမ်းမြောက်ရပါလိမ့်မည်။
29အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အသရေပျက်ခြင်းကိုဝတ်ဆင်ကြရ၍
သူတို့၏အရှက်ကွဲခြင်းသည် ဝတ်လုံကဲ့သို့ သူတို့ကိုဖုံးလွှမ်းလိမ့်မည်။
30အကျွန်ုပ်သည် အကျွန်ုပ်၏နှုတ်ဖြင့် ထာဝရဘုရား၏ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။
များစွာသောလူတို့အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
31အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသောသူ၏စိတ်ဝိညာဉ်ကို
အပြစ်စီရင်သောသူတို့ထံမှကယ်တင်ရန် ထိုသူ၏လက်ယာဘက်၌ ရပ်နေတော်မူ၏။
Currently Selected:
ဆာလံကျမ်း 109: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative