YouVersion Logo
Search Icon

သုတ္တံကျမ်း 5

5
ညှို့ယူဖမ်းစားခြင်းမခံရအောင် သတိပေးခြင်း
1ငါ့​သား​၊ ငါ​၏​ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​၍
ငါ​၏​ထိုးထွင်းဉာဏ်​ကို​နားစွင့်​လော့​။
2သို့ပြုလျှင် သင်​သည် အလိမ္မာဉာဏ်​ကို​စောင့်ထိန်း​နိုင်​၍
သင်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်းစောင့်ရှောက်​နိုင်​လိမ့်မည်​။
3အကြောင်းမူကား အကျင့်​ဖောက်ပြား​သော​မိန်းမ​၏​နှုတ်ခမ်း​မှ ပျားရည်​ယိုစီး​၍
သူ​၏​နှုတ်​သည် ဆီ​ထက်​ချောမွေ့​၏​။
4သို့သော် နောက်ဆုံး​၌ သူ​သည် ဒေါန​ကဲ့သို့​ခါး​၍
အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကဲ့သို့ ထက်​၏​။
5သူ​၏​ခြေ​သည် သေ​ခြင်း​သို့​ဆင်းသွား​၍
သူ​၏​ခြေလှမ်း​တို့​သည် မရဏာနိုင်ငံ​သို့ ဦးတည်​လျက်​ရှိ​၏​။
6သူ​သည် အသက်ရှင်​ခြင်း​လမ်း​ကို ချင့်ချိန်သုံးသပ်​ခြင်း​မ​ရှိ​။
သူ​၏​လမ်း​တို့​သည် ဦးတည်ရာမဲ့​ဖြစ်​နေ​သည်​ကို သူ​မ​သိ​။
7သို့ဖြစ်၍ ငါ့​သား​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။
ငါ​၏​နှုတ်ထွက်​စကား​တို့​မှ​လည်း ဖယ်ခွာ​မ​သွား​ကြ​နှင့်​။
8သင်​၏​လမ်း​ကို ထိုသို့သော​မိန်းမ​နှင့် ဝေးကွာ​စေ​လော့​။
သူ​၏​အိမ်​တံခါး​အနီး​သို့​လည်း မ​ချဉ်းကပ်​နှင့်​။
9သို့မဟုတ်လျှင် သင်​သည် သင်​၏​ဂုဏ်သိက္ခာ​ကို သူတစ်ပါး​တို့​အား​လည်းကောင်း​၊
သင်​၏​နှစ်ကာလ​များ​ကို ရက်စက်​သော​သူ​အား​လည်းကောင်း ပေးအပ်​ရ​လိမ့်မည်​။
10သူစိမ်း​တို့​သည် သင်​၏​စည်းစိမ်​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​၍
သင်​ခက်ခဲပင်ပန်း​စွာ​ရှာထား​သော​အရာ​တို့​သည် တစ်ပါးအမျိုးသား​၏​အိမ်​သို့ ရောက်​လိမ့်မည်​။
11နောက်ဆုံး​၌ သင်​၏​အသွေးအသား​နှင့် သင်​၏​ကိုယ်ခန္ဓာ​သည် ပျက်စီး​သောအခါ
သင်​သည် ညည်းတွား​လျက်
12“​ငါ​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၍
ငါ​၏​စိတ်နှလုံး​သည် ဆိုဆုံးမစကား​ကို မထီလေးစား​ပြု​ခဲ့​၏​။
13ငါ့​ဆရာ​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​၊
ငါ့​ကို​သင်ကြား​ပေး​သော​သူ​တို့​ကို​လည်း နားစွင့်​ခြင်း​မ​ရှိ​ခဲ့​ပေ​။
14ငါ​သည် လူအစုအဝေး​နှင့်​လူထုပရိသတ်​အလယ်​၌
လုံးလုံး​ပျက်စီး​သော​သူ​ဖြစ်​လုနီး​ပြီ​တကား​”​ဟု ဆို​လိမ့်မည်​။
ပျော်ရွှင်သောအိမ်ထောင်ရေး
15သင်​၏​ရေလှောင်တွင်း​ထဲမှ​ရေ​၊
သင်​၏​ရေတွင်း​ထဲမှ​ထွက်​သော​ရေ​ကို သောက်​လော့​။
16သင်​၏​စမ်းရေ​များ​ကို လမ်း​ပေါ်သို့​လျှံထွက်​စေ​၍
လမ်းမ​များ​ကို ရေစီး​သော​ချောင်း​များ​ဖြစ်​စေ​ရ​သလော​။
17၎င်း​တို့​ကို သင်​တစ်ဦးတည်း​အတွက်​သာ ဖြစ်​စေ​လော့​။
သင့်​ထံ၌​ရှိ​သော​သူစိမ်း​များ​အတွက် မ​ဖြစ်​စေ​နှင့်​။
18သင်​၏​စမ်းရေတွင်း​သည် မင်္ဂလာရှိ​ပါစေ​။
သင်​ပျိုရွယ်​စဉ်​ကတည်းက​ပေါင်းဖက်​ခဲ့​သော​မယား​၌ ဝမ်းမြောက်​ပါစေ​။
19သူ​သည် ချစ်ဖွယ်​ကောင်း​သော​သမင်မ​၊ တင့်တယ်​သော​ဒရယ်မ​ကဲ့သို့​ဖြစ်​၏​။
သူ​၏​သားမြတ်​သည် သင့်​ကို​အစဉ်အမြဲ ကျေနပ်အားရ​စေ​၍
သူ​၏​အချစ်​၌ သင်​သည် အစဉ်မပြတ်​ယစ်မူး​ပါစေ​။
20ငါ့​သား​၊ သင်​သည် အဘယ်ကြောင့် အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့်​ယစ်မူး​၍
ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ရင်​ကို ပွေ့ဖက်​ရ​သနည်း​။
21အကယ်စင်စစ် လူ​သွား​ရာ​လမ်း​တို့​သည် ထာဝရဘုရား​၏​မျက်မှောက်​တော်​၌​ရှိ​၍
ကိုယ်တော်​သည် သူ​၏​လမ်း​ရှိသမျှ​တို့​ကို ချင့်ချိန်သုံးသပ်​တော်မူ​၏​။
22ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍
မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။
23သူ​သည် ဆုံးမပဲ့ပြင်​ခြင်း​မ​ခံရ​သောကြောင့် သေ​ရ​လိမ့်မည်​။
သူ​၏​ကြီးမား​သော​မိုက်မဲမှု​ကြောင့် လမ်းလွဲ​သွား​ရ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in