YouVersion Logo
Search Icon

သုတ္တံကျမ်း 4

4
ဖခင်၏သွန်သင်ချက်
1သားသမီး​တို့​၊ ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို​နားထောင်​ကြ​လော့​။
အသိဉာဏ်​ကို​ရရှိ​ရန် အာရုံစိုက်​ကြ​လော့​။
2အကြောင်းမူကား ငါ​သည် သင်​တို့​အား ကောင်းမြတ်​သော​ပညာ​ကို ပေး​၏​။
ငါ​၏​သွန်သင်ချက်​ကို မ​စွန့်ပယ်​ကြ​နှင့်​။
3ငါ​သည် ငါ့​ဖခင်​အတွက် သား​တစ်​ဦး​ဖြစ်​ပြီး
ငါ့​မိခင်​ရှေ့​၌ နုနယ်​သည့်​တစ်ဦးတည်း​သော​သား​ဖြစ်​စဉ်က
4ငါ​၏​ဖခင်​သည် ငါ့​ကို​သွန်သင်​လျက် မြွက်ဆို​သည်​မှာ
“​ငါ့​စကား​တို့​ကို သင်​၏​စိတ်နှလုံး​ထဲ၌ စွဲမှတ်​ထား​လော့​။
ငါ​၏​ပညတ်ချက်​တို့​ကို​စောင့်ထိန်း​၍ အသက်ရှင်​လော့​။
5ဉာဏ်ပညာ​ကို​ဆည်းပူး​လော့​။ အသိဉာဏ်​ကို​ဆည်းပူး​လော့​။
ငါ​၏​နှုတ်ထွက်​စကား​တို့​ကို မ​မေ့လျော့​နှင့်​။ ၎င်း​တို့​မှ​သွေဖည်​မ​သွား​နှင့်​။
6ဉာဏ်ပညာ​ကို မ​စွန့်ပယ်​နှင့်​။ ၎င်း​သည် သင့်​ကို​စောင့်ထိန်း​လိမ့်မည်​။
ဉာဏ်ပညာ​ကို​ချစ်​လော့​။ ၎င်း​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​လိမ့်မည်​။
7ဉာဏ်ပညာ​သည် အထွတ်အမြတ်​ဖြစ်​၏#4:7 “ဉာဏ်ပညာ၏အစမူလကား ဤသို့တည်း”ဟူ၍လည်း ပြန်ဆိုနိုင်၏။​။ ဉာဏ်ပညာ​ကို​ဆည်းပူး​လော့​။
သင်​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​ဖြင့် အသိဉာဏ်​ကို​ဆည်းပူး​လော့​။
8ဉာဏ်ပညာ​ကို​မြတ်နိုး​လော့​။ ၎င်း​သည် သင့်​ကို ချီးမြှောက်​လိမ့်မည်​။
ဉာဏ်ပညာ​ကို​ပွေ့ဖက်​လျှင် ၎င်း​သည် သင့်​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။
9၎င်း​သည် တင့်တယ်​သော​ပန်းဦးရစ်​ကို သင်​၏​ခေါင်း​ပေါ်၌​တင်ပေး​၍
ဂုဏ်ကျက်သရေ​ရှိ​သော​သရဖူ​ကို သင့်​အား အပ်နှင်း​လိမ့်မည်​။​”
ဘဝလမ်းနှစ်သွယ်
10ငါ့​သား​၊ နားထောင်​လော့​။ ငါ့​စကား​ကို​ခံယူ​လော့​။
သို့ပြုလျှင် သင့်​အသက်တာ​၏​နှစ်ကာလ​တို့​သည် များပြား​လိမ့်မည်​။
11ငါ​သည် သင့်​အား ဉာဏ်ပညာ​လမ်း​ကို သွန်သင်ပြသ​၍
ဖြောင့်မှန်​သော​လမ်း​များ​ထဲ၌ သင့်​ကို​ဦးဆောင်​လမ်းပြ​ခဲ့​ပြီ​။
12သင်​လမ်းလျှောက်​သောအခါ သင်​၏​ခြေလှမ်း​သည် တားဆီးနှောင့်ယှက်​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။
သင်​ပြေး​သောအခါ​လည်း ခလုတ်တိုက်​လိမ့်မည်​မ​ဟုတ်​။
13ဆုံးမပဲ့ပြင်​ခြင်း​ကို​ဆုပ်ကိုင်​ထား​လော့​။ လွတ်​မ​သွား​စေ​နှင့်​။ ၎င်း​ကို​ထိန်းသိမ်းစောင့်ရှောက်​လော့​။
အကြောင်းမူကား ၎င်း​သည် သင်​၏​အသက်​ဖြစ်​၏​။
14ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​ထဲသို့ မ​ဝင်​နှင့်​။
မကောင်းမှု​ပြု​သော​သူ​တို့​သွား​ရာ​လမ်း​ကို​လည်း မ​လိုက်​နှင့်​။
15ထို​လမ်း​ကို​ရှောင်​လော့​။ ဖြတ်​မ​သွား​နှင့်​။
ထို​လမ်း​မှ​ဖယ်ခွာ​၍​ဆက်သွား​လော့​။
16အကြောင်းမူကား သူ​တို့​သည် ဆိုးညစ်​သော​အမှု​ကို​မ​ပြု​ရ​လျှင် အိပ်​မ​ပျော်​နိုင်​ကြ​။
တစ်စုံတစ်ဦး​ကို​ခလုတ်တိုက်​အောင်​မ​ပြု​ရ​လျှင် မအိပ်စက်​နိုင်​ကြ​။
17အကယ်စင်စစ် သူ​တို့​သည် ဆိုးယုတ်ခြင်း​မုန့်​ကို​စား​၍
ရက်စက်ကြမ်းကြုတ်​ခြင်း​စပျစ်ဝိုင်​ကို သောက်​ကြ​၏​။
18သို့သော် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​သည် မိုး​စင်စင်လင်း​သည့်​တိုင်အောင်
ပို၍ပို၍​ထွန်းလင်း​လာ​သည့် အရုဏ်ဦး​၏​အလင်းရောင်​ကဲ့သို့​ဖြစ်​၏​။
19ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​သည် မှောင်မိုက်​ကဲ့သို့​ဖြစ်၍
သူ​တို့​သည် မည်သည့်​အရာ​နှင့်​ခလုတ်တိုက်​မိ​သည်​ကို မ​သိ​ကြ​။
ဖြောင့်သောလမ်း
20ငါ့​သား​၊ ငါ​ပြောဆို​သော​အရာ​တို့​ကို အာရုံစိုက်​နားထောင်​လော့​။
ငါ့​စကား​တို့​ကို နားစွင့်​လော့​။
21ထို​စကား​တို့​ကို သင်​၏​မျက်မှောက်​မှ မ​ကွာ​စေ​နှင့်​။
သင်​၏​စိတ်နှလုံး​အတွင်း​၌ ထိန်းသိမ်း​ထား​လော့​။
22အကြောင်းမူကား ထို​စကား​တို့​သည် ၎င်း​တို့​ကို​တွေ့ရှိ​သော​သူ​တို့​အတွက် အသက်​ဖြစ်​ပြီး
သူ​တို့​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ကျန်းမာ​စေ​တတ်​၏​။
23သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။
အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။
24ကောက်ကျစ်​သော​နှုတ်​ကို သင့်​ထံမှ​ဖယ်ရှား​လော့​။
စဉ်းလဲ​သော​နှုတ်ခမ်း​ကို​လည်း သင်​နှင့်​ဝေးကွာ​စေ​လော့​။
25သင်​၏​မျက်စိ​သည် ရှေ့​သို့​စေ့စေ့ကြည့်​ပါစေ​။
သင်​၏​မျက်လွှာ​သည်​လည်း သင့်​ရှေ့​တည့်တည့်​အာရုံ​ပြု​ပါစေ​။
26သင်​လျှောက်​ရာ​လမ်း#4:26 တိုက်ရိုက်ပြန်ဆိုလျှင် “သင့်ခြေ၏လမ်း”။​ကို​ချင့်ချိန်သုံးသပ်​လော့​။
သို့ပြုလျှင် သင်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် တည်မြဲ​လိမ့်မည်​။
27လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လှည့်​နှင့်​။
သင်​၏​ခြေ​ကို မကောင်းမှု​မှ ဖယ်ခွာ​စေ​လော့​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in