တောလည်ရာကျမ်း 24
24
1ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကောင်းချီးပေးရန် အလိုတော်ရှိကြောင်း ဗာလမ်သိမြင်သောအခါ ယခင်ကဲ့သို့ မှော်အတတ်ကိုမသုံးတော့ဘဲ တောကန္တာရဘက်သို့လှည့်၍ 2မျှော်ကြည့်ရာ မျိုးနွယ်အလိုက် စခန်းချနေသောအစ္စရေးလူမျိုးတို့ကိုမြင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့သက်ရောက်တော်မူ၍ 3သူသည် ပရောဖက်ပြုလျက် “ဗောရ၏သား ဗာလမ်၊ မျက်စိပွင့်#24:3 “မျက်စိပိတ်” သို့မဟုတ် “ရှင်းလင်းစွာမြင်ရ”။သွားသောသူ၊ 4မျက်စိပွင့်လျက် လဲကျသွားပြီး အနန္တတန်ခိုးရှင်ထံမှစိတ်အာရုံကိုမြင်ရသောသူ၊ ဘုရားသခင်၏စကားတို့ကိုကြားရသောသူ၏နိမိတ်စကားမှာ 5‘အို ယာကုပ်အမျိုး၊ သင်၏တဲများသည် တင့်တယ်လှသည်တကား။ အို အစ္စရေးလူမျိုး၊ သင်နေထိုင်ရာနေရာများသည် တင့်တယ်လှသည်တကား။ 6ကျယ်ပြန့်သောချိုင့်ဝှမ်းများ၊ မြစ်နားရှိသောဥယျာဉ်များနှင့်တူပါသည်တကား။ ထာဝရဘုရားစိုက်တော်မူသောသစ်မွှေးပင်များ၊ ရေနားရှိသစ်ကတိုးပင်များနှင့်တူပါသည်တကား။ 7သူ့ရေပုံးမှ ရေစီးကျလိမ့်မည်။ သူ၏မျိုးစေ့သည် ရေလုံလောက်စွာ ရလိမ့်မည်။ သူ၏ရှင်ဘုရင်သည် အာဂတ်မင်းကြီးထက် မြင့်မြတ်၍ သူ၏နိုင်ငံသည်လည်း ချီးမြှောက်ခြင်း ခံရလိမ့်မည်။ 8ဘုရားသခင်သည် နွားရိုင်း၏ခွန်အားကဲ့သို့ သူ့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ သူသည် သူ့အား ရန်ဖက်ပြုသောလူမျိုးတို့ကို ဝါးမျို၍ သူတို့၏အရိုးကို ချိုးလိမ့်မည်။ မြားဖြင့် ချေမှုန်းလိမ့်မည်။ 9သူသည် လဲလျောင်းလျက် နေ၏။ ခြင်္သေ့ထီးကဲ့သို့၊ ခြင်္သေ့မကဲ့သို့ အိပ်လျက် နေ၏။ သူ့ကို မည်သူနှိုးဝံ့သနည်း။ သင့်ကို ကောင်းချီးပေးသောသူသည် ကောင်းချီးခံစားရမည်။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်း ခံရမည်’ ”ဟု ဆို၏။
10ထိုအခါ ဗာလက်မင်းကြီးသည် ဗာလမ်ကို အမျက်ထွက်လေ၏။ ထို့ကြောင့် လက်ဝါးရိုက်၍ ဗာလမ်အား “အကျွန်ုပ်၏ရန်သူကို ကျိန်ဆဲရန် သင့်အား အကျွန်ုပ်ခေါ်ခဲ့၏။ ယခုမူကား သင်သည် သူတို့ကို သုံးကြိမ်တိုင်အောင် ကောင်းချီးလုံးလုံးပေးလေပြီတကား။ 11ယခု သင့်နေရပ်သို့ ပြန်ပြေးလော့။ သင့်ကို ဂုဏ်ပြုချီးမြှောက်မည်ဟု ဆိုခဲ့သော်လည်း ထိုဘုန်းအသရေကို သင်မရရှိစေရန် ထာဝရဘုရား တားဆီးလေပြီ”ဟု ဆို၏။
12ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “သင်စေလွှတ်လိုက်သော စေတမန်တို့အား 13‘ဗာလက်မင်းကြီးသည် ရွှေငွေနှင့်ပြည့်သော သူ၏နန်းတော်ကို ငါ့အားပေးလျှင်လည်း ငါသည် ထာဝရဘုရား၏အမိန့်တော်ကိုလွန်ဆန်၍ ကောင်းသောအမှုကိုဖြစ်စေ၊ ဆိုးသောအမှုကိုဖြစ်စေ ငါမပြုဝံ့။ ထာဝရဘုရား မိန့်တော်မူသောစကားကိုသာ ငါပြောမည်’ဟု ငါဆိုခဲ့သည်မဟုတ်လော။ 14ယခု ငါ့လူမျိုးထံသို့ ငါပြန်သွားမည်။ နောင်အခါ ဤလူမျိုးသည် သင့်လူမျိုးကို မည်သို့ပြုမည်ကို သင့်အား ငါသတိပေးခဲ့မည်”ဟု ဆို၍
စတုတ္ထအကြိမ်ဗာလမ်ဆင့်ဆိုသောစကား
15ပရောဖက်ပြုသည်မှာ “ဗောရ၏သားဗာလမ်၊ မျက်စိပွင့်သွားသောသူ၊ 16မျက်စိပွင့်လျက် လဲကျသွားပြီး အမြင့်ဆုံးသောအရှင်ထံတော်မှ အသိပညာရရှိသူ၊ အနန္တတန်ခိုးရှင်ထံမှစိတ်အာရုံကိုမြင်ရသောသူ၊ ဘုရားသခင်၏စကားတို့ကိုကြားရသောသူ၏နိမိတ်စကားမှာ 17သူ့ကို ငါတွေ့၏။ သို့သော် ယခုမဟုတ်။ သူ့ကို ငါမြင်၏။ သို့သော် အနီးမှာမဟုတ်။ ယာကုပ်အမျိုးထဲမှ ကြယ်တစ်လုံးပေါ်ထွန်းလိမ့်မည်။ အစ္စရေးလူမျိုးထဲမှ ရာဇလှံတံ ပေါ်ပေါက်လိမ့်မည်။ သူသည် မောဘပြည်စွန်းတိုင်အောင် ချေမှုန်း၍ ရှေသအမျိုးသားအားလုံးကို ဖျက်ဆီးလိမ့်မည်။ 18ဧဒုံပြည်သည် သိမ်းယူခြင်းကို ခံရလိမ့်မည်။ စိရပြည်သည် မိမိရန်သူ၏သိမ်းယူခြင်းကို ခံရလိမ့်မည်။ အစ္စရေးလူမျိုးတို့မူကား ရဲစွမ်းသတ္တိနှင့်ပြည့်လိမ့်မည်။ 19ယာကုပ်အမျိုးထဲမှ အုပ်စိုးသူတစ်ယောက် ပေါ်ထွက်လာ၍ မြို့ထဲမှအသက်ရှင်ကျန်ရစ်သောသူတို့ကို ဖျက်ဆီးလိမ့်မည်”ဟု ဆို၏။
20တစ်ဖန် ဗာလမ်သည် အာမလက်လူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “အာမလက်လူမျိုးသည် လူမျိုးတို့၏အထွတ်အထိပ်ဖြစ်သော်လည်း အဆုံး၌ သူသည်ပျက်စီးလိမ့်မည်”ဟု ဆို၏။
21တစ်ဖန် ကေနိလူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “သင်နေထိုင်ရာအရပ်သည် ခိုင်ခံ့၏။ သင်၏အသိုက်အမြုံသည် ကျောက်ပေါ်၌ တည်၏။
22သို့သော်လည်း ကေနိလူမျိုးဖြစ်သောသင်တို့ကို အဆီးရီးယားဘုရင်သည် ဖမ်းဆီးခေါ်ဆောင်သွား၍ ဝါးမျိုဖျက်ဆီးလိမ့်မည်”ဟု ဆို၏။ 23တစ်ဖန် ပရောဖက်ပြုပြန်သည်မှာ “အလိုလေး၊ ထိုသို့ ဘုရားသခင် ပြုတော်မူလျှင် မည်သူအသက်ချမ်းသာရာရမည်နည်း။ 24ဆိုက်ပရပ်ဆိပ်ကမ်းမှ သင်္ဘောတို့သည်လာ၍ အဆီးရီးယားလူမျိုးကို နှိပ်စက်လိမ့်မည်။ ဧဗာလူမျိုးကိုလည်း နှိပ်စက်လိမ့်မည်။ သို့သော် သူတို့သည်လည်း ပျက်စီးရလိမ့်မည်”ဟု ဆို၏။
25ထို့နောက် ဗာလမ်သည် ထ၍မိမိနေရပ်သို့ ပြန်သွားလေ၏။ ဗာလက်မင်းကြီးသည်လည်း သူ့လမ်းသူပြန်သွားလေ၏။
Currently Selected:
တောလည်ရာကျမ်း 24: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative