YouVersion Logo
Search Icon

တောလည်ရာကျမ်း 23

23
ဗာလမ်ဆင့်ဆိုသောစကား
1ထိုအခါ ဗာလမ်​က ဗာလက်​မင်းကြီး​အား “​ဤ​အရပ်​၌ ငါ့​အတွက် ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​၍ နွားထီး​ခုနစ်​ကောင်​နှင့်​သိုးထီး​ခုနစ်​ကောင်​ကို​လည်း ပြင်ဆင်​လော့​”​ဟု ဆို​၏​။ 2ဗာလက်​မင်းကြီး​သည်​လည်း ဗာလမ်​ပြော​သည့်​အတိုင်း ပြု​၍ သူ​တို့​သည် ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။ 3ဗာလမ်​က ဗာလက်​မင်းကြီး​အား “​သင်​၏​မီးရှို့ရာယဇ်​ဘေး​၌ သင်​ရပ်​နေ​လော့​။ ငါ​တစ်နေရာ​သို့​သွား​မည်​။ ထာဝရဘုရား​သည် ငါ​နှင့်​လာတွေ့​ကောင်း​လာတွေ့​တော်မူ​မည်​။ ငါ့​အား ထာဝရဘုရား​ဖော်ပြ​သော မည်သည့်​အရာ​မဆို သင့်​အား ငါ​ကြားပြော​မည်​”​ဟု ဆို​ပြီးနောက် တောင်ကုန်း​ပေါ်သို့ တက်သွား​ရာ
4ဘုရားသခင်​နှင့် တွေ့​လေ​၏​။ ထိုအခါ ဗာလမ်​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် ယဇ်ပလ္လင်​ခုနစ်​ခု​ကို​ပြင်ဆင်​၍ ထို​ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​ကို​ပူဇော်​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။ 5ထာဝရဘုရား​သည် ဗာလမ်​၏​နှုတ်​၌​စကား​ကို​သွင်းပေး​တော်မူ​ပြီးလျှင် “​ဗာလက်​မင်းကြီး​ထံသို့ ပြန်သွား​၍ ဤ​စကား​ကို​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။ 6ဗာလမ်​သည် ဗာလက်​မင်းကြီး​ရှိ​ရာ​သို့ ပြန်ရောက်​သောအခါ ဗာလက်​မင်းကြီး​သည် မောဘ​လူမျိုး​အကြီးအကဲ​အပေါင်း​တို့​နှင့်အတူ မီးရှို့ရာယဇ်​နား​၌ ရပ်​နေ​သည်​ကို တွေ့​ရ​၏​။
ပထမအကြိမ်ဗာလမ်ဆင့်ဆိုသောစကား
7ထိုအခါ ဗာလမ်​က ပရောဖက်​ပြု​လျက် “​မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် ငါ့​ကို အရှေ့​တောင်ရိုး အာရံ​ပြည်​မှ​ခေါ်လာ​၍ ‘​လာ​ပါ​လော့​။ ငါ့​အဖို့ ယာကုပ်​အမျိုး​ကို​ကျိန်ဆဲ​ပါ​လော့​။ လာ​ပါ​လော့​။ အစ္စရေး​လူမျိုး​ကို​ရှုတ်ချ​ပါ​လော့​’​ဟု ဆို​၏​။
8ဘုရားသခင် ကျိန်ဆဲ​တော်​မ​မူ​သော​သူ​ကို ငါ မည်သို့​ကျိန်ဆဲ​ဝံ့​မည်နည်း​။ ထာဝရဘုရား ရှုတ်ချ​တော်​မ​မူ​သော​သူ​ကို ငါ မည်သို့​ရှုတ်ချ​ဝံ့​မည်နည်း​။
9သူ့​ကို ကျောက်ဆောင်​ထိပ်​မှ ငါ​တွေ့​ရ​၏​။ သူ့​ကို တောင်ကုန်း​ပေါ်မှ ငါ​မြင်​ရ​၏​။ ထို​လူမျိုး​သည် တသီးတခြား​နေ​၏​။ လူမျိုးခြား​တို့​နှင့်​ရောနှော​ခြင်း​မ​ရှိ​။
10ယာကုပ်​အမျိုး​မြေမှုန့်​ကို မည်သူ​ရေတွက်​နိုင်​မည်နည်း​။ အစ္စရေး​လူမျိုး​၏​လေးပုံတစ်ပုံ​ကို မည်သူ​ရေတွက်​နိုင်​မည်နည်း​။ ဖြောင့်မှန်​သော​သူ​တို့​သေ​သကဲ့သို့ ငါ​သေ​ပါရစေ​။ ငါ​၏​နိဂုံး​သည်​လည်း သူ​၏​နိဂုံး​ကဲ့သို့​ဖြစ်​ပါစေ​”​ဟု ဆို​လေ​၏​။
11ထိုအခါ ဗာလက်​မင်းကြီး​က ဗာလမ်​အား “​သင်​သည် အကျွန်ုပ်​ကို​မည်သို့​ပြု​သနည်း​။ အကျွန်ုပ်​၏​ရန်သူ​တို့​ကို​ကျိန်ဆဲ​ရန် သင့်​ကို​အကျွန်ုပ်​ခေါ်​ခဲ့​၏​။ သင်​ကား သူ​တို့​ကို လုံးလုံး​ကောင်းချီးပေး​လေ​ပြီ​တကား​”​ဟု ဆို​၏​။
12ဗာလမ်​က​လည်း “​ငါ​၏​နှုတ်​၌ ထာဝရဘုရား​သွင်းပေး​တော်မူ​သော​စကား​ကို​သာ​ပြော​ရန် ငါ​သတိပြု​ရ​မည်​မ​ဟုတ်​လော​”​ဟု ဆို​လျက် ပြန်ဖြေ​လေ​၏​။
ဒုတိယအကြိမ်ဗာလမ်ဆင့်ဆိုသောစကား
13ဗာလက်​မင်းကြီး​က​လည်း ဗာလမ်​အား “​အစ္စရေး​လူမျိုး​အားလုံး​ကို​မ​မြင်​ရ​သော်လည်း သူ​တို့​၏​တပ်စခန်း​အစွန်အဖျား​ကို​သာ​မြင်​နိုင်​သည့် အခြား​တစ်နေရာ​သို့ ငါ​နှင့်အတူ​လိုက်​ခဲ့​ပါ​လော့​။ ငါ့​အတွက် သူ​တို့​ကို ထို​နေရာ​မှ ကျိန်ဆဲ​ပါ​လော့​”​ဟု ဆို​လေ​၏​။ 14ထို့နောက် သူ​သည် ဗာလမ်​ကို ပိသဂါ​တောင်​ထိပ်​ရှိ ဇောဖိမ်​ကွင်းပြင်​သို့ ခေါ်သွား​၍ ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​ပြီး ထို​ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​စီ​ကို ပူဇော်​လေ​၏​။
15ဗာလမ်​က ဗာလက်​မင်းကြီး​အား “​သင်​၏​မီးရှို့ရာယဇ်​ဘေး​၊ ဤ​နေရာ​၌ သင်​ရပ်​နေ​လော့​။ ငါ​သည် ထို​နေရာ​သို့​သွား​၍ ထာဝရဘုရား​နှင့်​တွေ့ဆုံ​မည်​”​ဟု ဆို​၏​။
16ထာဝရဘုရား​သည် ဗာလမ်​နှင့်​တွေ့​၍ ဗာလမ်​၏​နှုတ်​၌​စကား​ကို​သွင်းပေး​တော်မူ​ပြီး “​ဗာလက်​မင်းကြီး​ထံသို့ ပြန်သွား​၍ ဤ​စကား​ကို​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။ 17ဗာလမ်​သည် ဗာလက်​မင်းကြီး​ထံသို့​ပြန်ရောက်​သောအခါ ဗာလက်​မင်းကြီး​က မောဘ​လူမျိုး​အကြီးအကဲ​များ​နှင့်အတူ မီးရှို့ရာယဇ်​နား၌ ရပ်​နေ​သည်​ကို တွေ့​ရ​၏​။ ဗာလက်​မင်းကြီး​က ဗာလမ်​အား “​ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​သနည်း​”​ဟု မေး​၏​။
18ထိုအခါ ဗာလမ်​က ပရောဖက်​ပြု​လျက် “​ဗာလက်​မင်းကြီး​၊ ထ​လော့​။ နားထောင်​လော့​။ ဇိဖော်​သား​၊ ငါ့​စကား​ကို စူးစိုက်​နားထောင်​လော့​။
19လိမ်လည်​ပြောဆို​ရ​အောင် ဘုရားသခင်​သည် လူ​ဖြစ်​သည်​မ​ဟုတ်​။ စိတ်ပြောင်းလဲ​ရ​အောင် လူသား​ဖြစ်​သည်​မ​ဟုတ်​။ ကိုယ်တော်​သည် မိန့်​တော်မူ​ပြီးမှ မ​ပြု​ဘဲ​နေ​တော်မူ​မည်လော​။ ကတိထား​တော်မူ​ပြီးမှ မ​တည်​ဘဲ​နေ​တော်မူ​မည်လော​။
20ကောင်းချီးပေး​မည့်​အကြောင်း အမိန့်​တော်​ကို ငါ​ခံရ​ပြီ​။ ကိုယ်တော်​သည် ကောင်းချီးပေး​တော်မူ​သည်​ဖြစ်၍ ထို​ကောင်းချီး​ကို ငါ​မ​ပြောင်းလဲ​နိုင်​။
21ယာကုပ်​အမျိုး​၌ အမင်္ဂလာ​ကို​မ​မြင်​။ အစ္စရေး​လူမျိုး​၌ အခက်အခဲ​ပြဿနာ​ကို​မ​တွေ့​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​၏​။ သူ့​ထံ၌ ရှင်ဘုရင်​၏​ဝမ်းမြောက်​စွာ​ကြွေးကြော်သံ​ကို​ကြား​ရ​၏​။
22ဘုရားသခင်​သည် နွားရိုင်း​၏​ခွန်အား​ကဲ့သို့ သူ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။
23ယာကုပ်​အမျိုး​ကို မှော်အတတ်​ဖြင့်​မ​ပြုစား​နိုင်​။ အစ္စရေး​လူမျိုး​ကို ဂမ္ဘီရပညာ​ဖြင့်​မ​လှည့်ဖြား​နိုင်​။ ယခု​တွင် ‘​ဘုရားသခင် မည်သို့​ပြု​တော်မူ​ပါ​သနည်း​’​ဟူ၍ ယာကုပ်​အမျိုး​၊ အစ္စရေး​လူမျိုး​ကို​ရည်ဆောင်​၍ ပြောဆို​ရ​လိမ့်မည်​။
24ဤ​လူမျိုး​သည် ခြင်္သေ့မ​ကဲ့သို့​ထကြွ​၍ ခြင်္သေ့ထီး​ကဲ့သို့ မာန်ဝင့်​နေ​၏​။ သူ​သည် သားကောင်​ကို​မ​စား​ရ​မီ​၊ သူ​ကိုက်သတ်​သော​အကောင်​၏​သွေး​ကို​မ​သောက်​ရ​မီ လဲလျောင်း​နေ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။
25ထိုအခါ ဗာလက်​မင်းကြီး​က ဗာလမ်​အား “​သူ​တို့​ကို ကျိန်​လည်း​မ​ကျိန်ဆဲ​ပါ​နှင့်​။ ကောင်းချီး​လည်း အလျှင်း​မ​ပေး​ပါ​နှင့်​”​ဟု ဆို​လေ​၏​။
26ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​ငါ​သည် ထာဝရဘုရား​မိန့်​တော်မူ​သမျှ​အတိုင်း​သာ​ပြု​ရ​မည်​ဟု သင့်​အား ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ပြန်ပြော​၏​။
တတိယအကြိမ်ဗာလမ်ဆင့်ဆိုသောစကား
27တစ်ဖန် ဗာလက်​မင်းကြီး​က ဗာလမ်​အား “​လာ​ပါ​လော့​။ သင့်​ကို အခြား​တစ်နေရာ​သို့ ခေါ်သွား​မည်​။ အကျွန်ုပ်​အတွက် သူ​တို့​ကို ထို​နေရာ​မှ​ကျိန်ဆဲ​လျှင် ဘုရားသခင်​နှစ်သက်​ကောင်း​နှစ်သက်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။ 28ထို့နောက် ဗာလက်​မင်းကြီး​သည် ဗာလမ်​ကို ကန္တာရမြေ​ကို​စီးမြင်​ရ​သော ပေဂုရ​တောင်​ထိပ်​သို့​ခေါ်သွား​၏​။
29ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​ဤ​နေရာ​၌ ငါ့​အတွက် ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​၍ နွားထီး​ခုနစ်​ကောင်​နှင့် သိုးထီး​ခုနစ်​ကောင်​ကို​လည်း ပြင်ဆင်​လော့​”​ဟု ဆို​၏​။ 30ဗာလက်​မင်းကြီး​သည် ဗာလမ်​ပြော​သည့်​အတိုင်း​ပြု​၍ ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​စီ​ကို ပူဇော်​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in