YouVersion Logo
Search Icon

နေဟမိမှတ်စာ 4

4
မနာလိုတိုက်ခိုက်မှုကြားမှ ဆက်လက်လုပ်ဆောင်လျက်
1ငါ​တို့​သည် မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြောင်း သမ္ဘာလတ်​ကြားသိ​လျှင် အမျက်​ခြောင်းခြောင်း​ထွက်​လျက် ဂျူး​လူမျိုး​တို့​အား ကဲ့ရဲ့လှောင်ပြောင်​ကာ 2သူ့​ညီအစ်ကို​များ​၊ ရှမာရိ​စစ်သည်​များ​ရှေ့​တွင် “​ချည့်နဲ့​နေ​သော​ဂျူး​လူမျိုး​များ​က မည်သို့​ပြု​ကြ​မည်နည်း​။ ကိုယ့်ဘာသာ မြို့ရိုး​ပြန်တည်ဆောက်​ကြ​မည်လော​။ ယဇ်ပူဇော်​ကြ​မည်လော​။ တစ်နေ့ချင်း​အပြီး လုပ်​နိုင်​မည်လော​။ မီး​လောင်ကျွမ်း​ထား​သော​ကျောက်တုံး​များ​ကို အမှိုက်ပုံ​ထဲမှ​ထုတ်​၍ ပြန်လည်​အသက်သွင်း​မည်လော​”​ဟု ဆို​လေ​၏​။ 3သူ့​အနား​ရှိ အမ္မုန်​လူမျိုး​တောဘိ​က​လည်း “​သူ​တို့​တည်ဆောက်​နေ​သော​ကျောက်​မြို့ရိုး​သည် မြေခွေး​ခုန်တက်​ရုံ​မျှ​နှင့်​ပင် ပြိုသွား​လိမ့်မည်​”​ဟု ဆို​၏​။
4ထို့ကြောင့် ငါ​က “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကဲ့ရဲ့​ခံရ​သည်​ကို နားထောင်​တော်မူ​ပါ​။ သူ​တို့​ကဲ့ရဲ့​သည့်​စကား​ကို သူ​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​တော်မူ​ပါ​။ သူ​တို့​ကို လုယက်ပစ္စည်း​ကဲ့သို့​ဖြစ်​စေ​၍ သုံ့ပန်းဘဝ​သို့ ရောက်​စေ​တော်မူ​ပါ​။ 5မြို့ရိုး​တည်ဆောက်​သော​သူ​တို့​ကို ပြောင်ပြောင်တင်းတင်း​စော်ကား​ပြောဆို​လေ​ပြီ​ဖြစ်၍ သူ​တို့​ဒုစရိုက်​ကို ဖုံးကွယ်​မ​ထား​ပါ​နှင့်​။ သူ​တို့​အပြစ်​ကို မ​ပယ်ဖျက်​ပါ​နှင့်​”​ဟု ဆုတောင်း​၏​။
6မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ရာ​တွင် တည်ဆောက်​သူ​တို့​သည် စိတ်အားထက်သန်​စွာ​လုပ်ဆောင်​သောကြောင့် မြို့ရိုး​တစ်ခုလုံး​အမြင့် တစ်ဝက်​တိုင်အောင် ပြီးစီး​လေ​၏​။
7ဂျေရုဆလင်​မြို့ရိုး​ကို ဆက်​၍​ပြုပြင်​နေ​ကြောင်း​၊ ပြိုပျက်​ရာ​များ​ကို စ​၍​ဖာထေး​နေ​ကြောင်း​ကို သမ္ဘာလတ်​၊ တောဘိ​မှစ၍ အာရပ်​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ အာဇုတ်​လူမျိုး​တို့​ကြားသိ​လျှင် အမျက်​ခြောင်းခြောင်း​ထွက်​လေ​၏​။ 8ထို့ကြောင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​ကို လာတိုက်​ရန်​နှင့် အနှောင့်အယှက်​ပေး​ရန် ပူးပေါင်း​ကြံစည်​ကြ​၏​။ 9ငါ​တို့​သည် ငါ​တို့​ဘုရားသခင်​ထံ​ဆုတောင်း​ပြီး သူ​တို့​ရန်​ကြောင့် နေ့ရောညပါ ကင်းချ​ထား​၏​။
10ထိုအခါ ယုဒ​လူမျိုး​တို့​က “​ဝန်သယ်ပိုး​သော​သူ​များ အားယုတ်​လာ​လေ​ပြီ​။ အမှိုက်သရိုက် များ​လှ​သေး​၏​။ ဤအတိုင်း​ဆို​လျှင် မြို့ရိုး​ကို ငါ​တို့ ပြန်လည်​တည်ဆောက်​နိုင်​မည်​မ​ဟုတ်​”​ဟု ဆို​လာ​၏​။
11ရန်သူ​တို့​က​လည်း “​သူ​တို့​မ​သိ​လိုက်​ချိန်​မှာ သူ​တို့​ထဲ​သို့​ဝင်​၍ သူ​တို့​ကို​သတ်ပစ်​မည်​။ သူ​တို့​အလုပ်​ကို ရပ်တန့်​စေ​မည်​”​ဟု ဆို​ကြ​၏​။ 12ရန်သူ​တို့​အနီး​၌​နေ​သော​ဂျူး​လူမျိုး​တို့​က​လည်း “​မည်သည့်​အရပ်​သို့​လှည့်​သည်​ဖြစ်စေ ငါ​တို့​အတိုက်​ခံရ​မည်​”​ဟု ဆယ်​ကြိမ်​မက လာ​၍​ပြော​ကြ​၏​။ 13ထို့ကြောင့် ငါ​သည် မြို့ရိုး​အနောက်ဘက် မြေနိမ့်ပိုင်း​ကွင်းပြင်​တွင် မျိုးနွယ်စု​အလိုက် ဓား​၊ လှံ​၊ လေး​တို့​နှင့်တကွ အစောင့်ချ​ထား​၏​။ 14ငါ​သည် အခြေအနေ​သုံးသပ်​ကြည့်​ပြီးနောက် ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် ကျန်​လူ​တို့​အား “​ရန်သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​။ ကြီးမြတ်​၍​ကြောက်ရွံ့ရိုသေ​ရ​သော​ဘုရားသခင်​ကို သတိရ​ကြ​လော့​။ သင်​တို့​၏​ညီအစ်ကို​၊ သား​သမီး​၊ ဇနီး​များ စသော​ကိုယ့်​အိမ်သား​များ​အတွက် တိုက်ပွဲဝင်​ကြ​လော့​”​ဟု ဆို​၏​။
လက်တစ်ဖက်နှင့်အလုပ်လုပ်ပြီး ကျန်လက်တစ်ဖက်နှင့်လက်နက်ကိုင်ဆောင်ခြင်း
15သူ​တို့​အကြံ​ကို ငါ​တို့​သိ​သွား​ခြင်း​ဖြင့် သူ​တို့​၏​အကြံ​ကို ဘုရားသခင်​ပယ်ဖျက်​လိုက်​ပြီ​ဖြစ်ကြောင်း ရန်သူ​တို့​ကြားသိ​ကြ​၏​။ ငါ​တို့​အားလုံး​လည်း မြို့ရိုး​သို့​ပြန်လာ​၍ အသီးသီး​ကိုယ့်​အလုပ်​ကိုယ်​လုပ်​ကြ​၏​။ 16ထို​နေ့​မှစ၍ ငါ​တို့​သည် လူ​တစ်ဝက်​အလုပ်​လုပ်​ပြီး ကျန်​တစ်ဝက်​မှာ သံချပ်အင်္ကျီ​ဝတ်​လျက် လှံ​၊ ဒိုင်းလွှား​၊ လေး​လက်နက်​တို့​နှင့်တကွ ကင်းစောင့်​ကြ​၏​။ အကြီးအကဲ​တို့​က​လည်း ယုဒ​အမျိုးသား​အပေါင်း​တို့​ကို နောက်တန်း​မှ​ထောက်မ​ပေး​ကြ​၏​။ 17မြို့ရိုး​ကို​တည်ဆောက်​သူ​များ​၊ ပစ္စည်းထမ်း​သော​သူ​များ​နှင့် ပစ္စည်း​မတင်​ပေး​သော​သူ​တို့​သည် လက်​တစ်​ဖက်​ဖြင့် အလုပ်​လုပ်​ပြီး ကျန်​လက်​တစ်​ဖက်​ဖြင့် လက်နက်​ကိုင်ဆောင်​ထား​ကြ​၏​။ 18မြို့ရိုး​ဆောက်လုပ်​သူ​တိုင်း ခါး​၌​ဓား​ချိတ်ဆွဲ​၍ အလုပ်​လုပ်​ကြ​ရ​၏​။ တံပိုးမှုတ်​သော​သူ​သည် ငါ့​အနား​၌ ရပ်​နေ​၏​။ 19ငါ​က​လည်း ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် ကျန်​လူ​တို့​အား “​အလုပ်​မှာ များမြောင်​ကျယ်ပြန့်​လှ​သည်​ဖြစ်​၍ ငါ​တို့​သည် မြို့ရိုး​တစ်လျှောက် တစ်ဦး​နှင့်​တစ်ဦး ခပ်ဝေးဝေး​မှာ ခွဲ​၍​အလုပ်​လုပ်​နေ​ကြ​ရ​၏​။ 20ထို့ကြောင့် တံပိုးမှုတ်သံ​ကို​ကြား​လျှင် ရှိ​သည့်​နေရာ​မှ ငါ့​ထံသို့​စုရုံး​လာ​ကြ​လော့​။ ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​အတွက် စစ်တိုက်​တော်မူ​မည်​”​ဟု မှာကြား​၏​။ 21ဤနည်းဖြင့် နံနက်​အရုဏ်တက်​ချိန်​မှစ၍ ည​ကြယ်​ထွက်လာ​သည့်​အချိန်​ထိ ငါ​တို့​အလုပ်​လုပ်​နေ​စဉ် လူ​တစ်ဝက်​မှာ လှံ​များ​ကိုင်ဆောင်​ကြ​၏​။ 22တစ်ချိန်တည်း​မှာပင် ငါ​က လူ​တို့​အား “​ညအချိန် ကင်းစောင့်​၍ နေ့​အချိန် အလုပ်​လုပ်​နိုင်​ရန် လူ​တိုင်း ကိုယ့်​အလုပ်သမား​ကိုယ်စီ​နှင့် ဂျေရုဆလင်​မြို့​တွင် ညအိပ်နား​ရ​မည်​”​ဟု ဆို​၏​။ 23ငါ​မှစ၍ ငါ့​ညီအစ်ကို​များ​၊ ငါ့​ငယ်သား​များ​၊ ငါ့​နောက်လိုက်​အစောင့်​များ​အားလုံး​သည် ဝတ်စုံ​ကို​မ​ချွတ်​၊ ရေသောက်​သွား​လျှင်ပင် လက်နက်​ကိုင်​သွား​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in