YouVersion Logo
Search Icon

နေဟမိမှတ်စာ 5

5
လူတို့အကြား မတရားမှု
1ထို့နောက်တွင် ယောက်ျား​များ​နှင့်​သူ​တို့​၏​မိန်းမ​တို့​သည် သူ​တို့​၏​ညီအစ်ကိုချင်း​ဂျူး​လူမျိုး​တို့​အား အကြီးအကျယ်​အော်ဟစ်ကြိမ်းမောင်း​ကြ​လျက် 2အချို့​က “​ငါ​တို့​၌ သား​သမီး​အများ​ရှိ​၏​။ ငါ​တို့​စား​၍ အသက်ရှင်​ဖို့ ကောက်ပဲသီးနှံ​များ လို​၏​”​ဟု ဆို​ကြ​၏​။ 3အချို့​က​လည်း “​ငါ​တို့​သည် ငတ်မွတ်ခေါင်းပါး​ချိန်​၌ ကောက်ပဲသီးနှံ​ရ​ဖို့ ငါ​တို့​၏​လယ်​များ​၊ စပျစ်ခြံ​များ​၊ အိမ်​များ​ကို ပေါင်​ထား​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။ 4အချို့​က​လည်း “​ငါ​တို့​၏​လယ်​များ​၊ စပျစ်ခြံ​များ​အတွက် ဘုရင့်​ထံ​အခွန်ဆောင်​ဖို့ ငွေ​ချေး​ကြ​ရ​ပြီ​။ 5စင်စစ် ငါ​တို့​နှင့် ငါ​တို့​ညီအစ်ကို​တို့​သည် တစ်သွေးတစ်သား​တည်း​ဖြစ်​၏​။ ငါ​တို့​သားသမီး​သည် သူ​တို့​သားသမီး ဖြစ်​၏​။ သို့ရာတွင် ကိုယ့်​သားသမီး​များ​ကို အတင်းအကျပ်​ကျွန်ခံ​စေ​ရ​တော့​မည်​။ ငါ​တို့​သမီး​အချို့​ပင် ကျွန်ခံ​နေ​ရ​ပြီ​။ ငါ​တို့​လယ်မြေ​နှင့်​စပျစ်ခြံ​များ အခြား​သူ​လက်​သို့ ရောက်သွား​ပြီ​ဖြစ်၍ ယခုမူ ငါ​တို့ မည်သို့​မျှ​မ​တတ်နိုင်​”​ဟု ဆို​ကြ​၏​။
6ထိုသို့ သူ​တို့​အော်ဟစ်​ပြောဆို​သော​စကား​များ​ကို ကြား​သောအခါ ငါ​အလွန်​အမျက်ထွက်​၏​။ 7ထို​အကြောင်း​ကို သေချာ​တွေးဆ​ကြည့်​ပြီးမှ ငါ​က ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​အား “​သင်​တို့​သည် ကိုယ့်​အမျိုးသားချင်း​ကို​ပင် အတိုးစား​သူ​များ​ဖြစ်​ကြ​ပါ​သည်​တကား​”​ဟု ပြစ်တင်​ပြောဆို​လျက် အစည်းအဝေး​ကြီး​ကို ခေါ်​၍ 8သူ​တို့​အား “​လူမျိုးခြား​တို့​ထံ အရောင်းစားခံ​လိုက်​ရ​သော ငါ​တို့​အမျိုးသားချင်း​ဂျူး​လူမျိုး​တို့​ကို ငါ​တို့ မဖြစ်မနေ​ပြန်​ဝယ်ယူ​ခဲ့​ပြီးမှ သင်​တို့​သည် ကိုယ့်​အမျိုးသားချင်း​ကို ပြန်​ရောင်းစား​ပါ​ပြီ​တကား​။ ငါ​တို့​ထံ ပြန်​ရောင်းစား​ကြ​ပါ​ပြီ​တကား​”​ဟု ဆို​သောအခါ သူ​တို့​သည် ဘာမျှ​ပြန်​မ​ပြော​ဘဲ ဆိတ်ဆိတ်​နေ​ကြ​၏​။ 9ငါ​က​လည်း ဆက်​၍ “​သင်​တို့​လုပ်ရပ်​သည် ဆိုးဝါး​လှ​၏​။ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​လျှောက်လှမ်း​ရ​မည်​မ​ဟုတ်​လော​။ သို့မှ ငါ​တို့​ရန်သူ လူမျိုးခြား​တို့​၏​ကဲ့ရဲ့ရှုတ်ချ​ခြင်း​နှင့် ကင်း​မည်​မ​ဟုတ်​လော​။ 10ငါ​နှင့် ငါ့​ညီအစ်ကို​များ​၊ ငါ့​လူ​များ​သည်​လည်း ငွေ​နှင့်​ကောက်ပဲသီးနှံ​များ​ကို ချေး​ပေး​၏​။ ဤသို့ အတိုးစား​ခြင်း​အမှု​ကို ရပ်တန်းကရပ်​ကြ​ပါစို့​။ 11ယခုပင် သူ​တို့​၏​လယ်​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​၊ အိမ်​များ​နှင့် သူ​တို့​ထံမှ​ယူ​ထား​သော ငွေ​၊ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့်​ဆီ​တို့​၏​အတိုး​များ​ကို ပြန်ပေး​ကြ​လော့​”​ဟု သူ​တို့​အား ပြော​၏​။
12သူ​တို့​က​လည်း “​အကျွန်ုပ်​တို့ ပြန်ပေး​ပါ​မည်​။ သူ​တို့​ထံမှ ထပ်​မ​တောင်း​တော့​ပါ​။ သင်​ဆို​သည့်​အတိုင်း ပြု​ပါ​မည်”​ဟု ဆို​ကြ​သဖြင့်
ငါ​သည် ယဇ်ပုရောဟိတ်​တို့​ကို ခေါ်​၍ ထို​သူ​တို့​အား သူ​တို့​၏​ကတိ​အတိုင်း​ပြု​ရန် ကျိန်ဆို​စေ​၏​။ 13ထို့နောက် ငါ​သည် ခါးပိုက်​ကို​ခါပြ​ပြီး “​ဘုရားသခင်​သည် ဤ​ကတိ​ကို ဖောက်ဖျက်​သော​သူ​အား သူ့​အိမ်​၊ သူ​ပိုင်ဆိုင်​သမျှ​တို့​မှ ဤသို့​ခါထုတ်​တော်မူ​ပါစေသော​။ ထို​သူ​သည် ဘာမျှ​မ​ကျန် ခါထုတ်​ခြင်း​ခံရ​ပါစေသော​”​ဟု ဆို​လျှင်
လူစုလူဝေး​အပေါင်း​တို့​က “​အာမင်​”​ဟု ဆို​လျက် ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​၏​။ ကတိ​အတိုင်း​လည်း သူ​တို့​ပြု​ကြ​၏​။
ကောင်းသောဘုရင်ခံနှင့်မကောင်းသောဘုရင်ခံ
14အာတဇေရဇ်​မင်းကြီး နန်းစံ​အနှစ်​နှစ်ဆယ်​မှ သုံးဆယ့်​နှစ်​နှစ်​အထိ တစ်ဆယ့်​နှစ်​နှစ်​တိုင်တိုင် ငါ​သည် ယုဒ​ပြည်​၌ ဘုရင်ခံ​အဖြစ် ခန့်အပ်​ခံရ​သော​အချိန်​တွင်​လည်း ငါ​နှင့်​ငါ့​ညီအစ်ကို​တို့​သည် ဘုရင်ခံ​ရိက္ခာ​ကို မ​စား​ပေ​။ 15ငါ​မတိုင်ခင် ဘုရင်ခံ​လုပ်​သော​သူ​တို့​သည် ပြည်သူပြည်သား​တို့​အား ဝန်လေး​အောင်​ပြု​ခဲ့​ကြ​၏​။ ငွေ​ရှယ်ကယ်​လေးဆယ်#5:15 “30 ကျပ်သား သို့မဟုတ် 460 ဂရမ်”။​အပြင် မုန့်​နှင့် စပျစ်ဝိုင်​ကို​ပါ ယူ​ကြ​၏​။ သူ​တို့​၏​လက်အောက်ငယ်သား​တို့​သည်​လည်း ပြည်သူပြည်သား​တို့​ကို နိုင်လိုမင်းထက်​ပြု​ကြ​၏​။ ငါ​မူကား ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သောကြောင့် ထိုသို့​မ​ပြု​။ 16ငါ​သည် မြို့ရိုး​ကို​သာ ကြိုးစား​ပြီး ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ ငါ​တို့​သည် မြေ​ကို​မ​ဝယ်​။ ငါ့​လက်အောက်ငယ်သား​တို့​သည်​လည်း မြို့ရိုး​တည်ဆောက်​ခြင်း​အမှု​၌ ဝိုင်းဝန်းကူညီ​ကြ​၏​။
17ဂျူး​လူမျိုး​များ​နှင့် ကြီးကြပ်​သူ​တစ်ရာ့​ငါးဆယ်​အပါအဝင် ဝန်းကျင်​မှ​ရောက်လာ​သော​လူမျိုးခြား​များ​ကို​လည်း ငါ့​စားပွဲ​တွင် ငါ​ကျွေးမွေး​၏​။ 18ထို​အတွက် နေ့တိုင်း နွား​တစ်​ကောင်​၊ ဆူဖြိုး​သော​သိုး​ခြောက်​ကောင်​နှင့် ကြက်ငှက်​များ​ကို ပြင်ဆင်​ပေး​ရ​၏​။ စပျစ်ဝိုင်​အမျိုးမျိုး​ကို​လည်း ဆယ်​ရက်​တစ်ခါ အလျှံအပယ်​ချပေး​၏​။ ထိုမျှ​ကုန်​သော်လည်း ငါ​သည် ဘုရင်ခံ​ရထိုက်​သော​ရိက္ခာ​ကို လုံးဝ​မ​တောင်း​။ အကြောင်းမှာ ဤ​အမှု​သည် ပြည်သူပြည်သား​တို့​အတွက် ဝန်ထုပ်ဖြစ်​လှ​၏​။
19အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဤ​လူမျိုး​အတွက် အကျွန်ုပ်​ပြု​သော​ကောင်းမှု​အလုံးစုံ​ကို သတိရ​တော်မူ​ပါ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in