YouVersion Logo
Search Icon

မိက္ခာအနာဂတ္တိကျမ်း 7

7
အစ္စရေး၏ကိုယ်ကျင့်တရားပျက်ပြားခြင်း
1ငါ​၌ အမင်္ဂလာ​ရှိ​၏​။ အကြောင်းမူကား ငါ​သည် နွေရာသီသီးနှံ​ရိတ်သိမ်းသူ​များ​၊ စပျစ်ခြံ​၌ အသီးကျန်လိုက်ခူးသူ​များ​နှင့်​တူ​လေ​ပြီ​။ စားစရာ​စပျစ်သီးခိုင် တစ်​ခိုင်​မျှ​မ​ရှိ​၊ အဦးဆုံးမှည့်သောအသီး​ကို စားလိုစိတ်​ရှိ​သော်လည်း တစ်​လုံး​မျှ​မ​ရှိ​။ 2ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​သည် မြေကြီး​ပေါ်မှ ပျောက်ကွယ်​သွား​လေ​ပြီ​။ လူ​တို့​တွင် ဖြောင့်မှန်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ သူ​တို့​အားလုံး လူ့​အသက်သတ်​ရန် ချောင်းမြောင်း​နေ​ကြ​၏​။ ညီအစ်ကို​အချင်းချင်း​ပင် ပိုက်​ထောင်ဖမ်း​ကြ​၏​။ 3သူ​တို့​၏​လက်​နှစ်ဖက်စလုံး​သည် မကောင်းမှု​၌ ကျင်လည်​တတ်​ကြ​၏​။ အကြီးအကဲ​များ​၊ တရားသူကြီး​များ​သည် တံစိုးလက်ဆောင်​ကို တောင်းဆို​တတ်​ကြ​၏​။ မင်းအရာရှိ​တို့​သည်​လည်း မိမိ​တို့​စိတ်​အလိုရမ္မက်​ကို​သာ ဖော်ပြ​တတ်​ကြ​၏​။ ထို​သူ​တို့​သည် တစ်ကျိတ်တည်း​တစ်ဉာဏ်တည်း ဖြစ်​ကြ​၏​။ 4သူ​တို့​တွင် သူတော်ကောင်း​သည် ဆူးပင်​နှင့်​တူ​၏​။ ရိုးသားဖြောင့်မတ်​သော​သူ​သည် ဆူးချုံပုတ်​ထက်​ဆိုး​၏​။ သင့်​ကင်းစောင့်​များ​သတိပေး​သော​နေ့​၊ သင်​စစ်ကြောစီရင်​ခြင်း​ခံရ​သော​နေ့ ရောက်လာ​ပြီ​။ ယခု သူ​တို့​ထိတ်လန့်ချောက်ချား​ရ​လေ​ပြီ​။ 5သင့်​အိမ်နီးချင်း​ကို မ​ယုံ​နှင့်​။ သင့်​မိတ်ဆွေ​ကို​လည်း မ​ကိုးစား​နှင့်​။ သင့်​ရင်ခွင်​၌ အိပ်​နေ​သော​မိန်းမ​ရှေ့​တွင်​လည်း စကား​ကို သတိထား​ပြော​လော့​။ 6အကြောင်းမူကား သား​သည် ဖခင်​ကို အသရေဖျက်​၏​။ သမီး​သည် မိခင်​ကို ဆန့်ကျင်​၏​။ ချွေးမ​သည် ယောက္ခမ​ကို ဆန့်ကျင်​၏​။ ကိုယ့်​အိမ်သား​သည် ကိုယ့်​ရန်သူ​ဖြစ်​နေ​၏​။ 7ငါ​မူကား ထာဝရဘုရား​ကို မျှော်ကြည့်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို ကိုးစား​မည်​။ ငါ​၏​ဘုရားသခင်​သည် ငါ့​စကား​ကို နားညောင်း​တော်မူ​မည်​။
ဇိအုန်သက်သေထူခြင်း
8အို အချင်း​ရန်သူ​၊ ငါ့​ကြောင့် သင်​ဝမ်း​မ​မြောက်​နှင့်​။ ငါ​သည် လဲကျ​သော်လည်း ပြန်ထ​မည်​။ မှောင်မိုက်​၌ နေ​ရ​သော်လည်း ထာဝရဘုရား​သည် ငါ​၏​အလင်း​ဖြစ်​တော်မူ​လိမ့်မည်​။ 9ငါ​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​ပြီ​ဖြစ်၍ ငါ့​အမှု​ကို ဖြေရှင်း​ပေး​ပြီး ငါ့​ကို တရားသဖြင့် စီရင်​သည်​အထိ အမျက်​တော်​ကို ငါ​ခံရ​မည်​။ ထို့နောက် ကိုယ်တော်​သည် ငါ့​ကို အလင်း​ထဲသို့ ခေါ်ဆောင်​လာ​မည်​ဖြစ်၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ငါ​ဖူးမြင်​ရ​လိမ့်မည်​။ 10“​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကား အဘယ်မှာ​ရှိ​သနည်း”​ဟု ငါ့​အား ပြောဆို​သော​ရန်သူ​သည် ထို​အဖြစ်​ကို​မြင်​၍ အရှက်ကွဲ​ရ​လိမ့်မည်​။ ယခု​တွင် သူ​သည် လမ်း​ပေါ်မှ ရွှံ့​ကဲ့သို့ နင်းချေ​ခံရ​သည်​ကို ငါ့​မျက်စိ​ဖြင့် တပ်အပ်​မြင်​ရ​လိမ့်မည်​။
11သင့်​မြို့ရိုး တည်ဆောက်​ရ​သော​နေ့ ရောက်​လိမ့်မည်​။ ထို​နေ့​တွင် သင့်​နယ်မြေ ကျယ်ဝန်း​လာ​လိမ့်မည်​။ 12ထို​နေ့ရက်​၌ လူ​တို့​သည် အဆီးရီးယား​ပြည်​မှစ၍ အီဂျစ်​မြို့ရွာ​များ​၊ အီဂျစ်​ပြည်​မှစ၍ ယူဖရေးတီး​မြစ်#7:12 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”​။​တိုင်အောင် ပင်လယ်​အရပ်ရပ်​၊ တောင်တန်း​အသွယ်သွယ်​တို့​မှ သင့်​ထံသို့ လာ​ကြ​လိမ့်မည်​။ 13မြေကြီးသား​တို့​ပြု​သော​အမှု​၏​အကျိုးဆက်​ကြောင့် ကမ္ဘာမြေကြီး​သည် လူဆိတ်ညံ​ရာ​ဖြစ်​လိမ့်မည်​။
မိက္ခာ၏ဆုတောင်းသံကို နားညောင်းတော်မူခြင်း
14စားကျက်မြေ​ကောင်း​သည့်​တောမြိုင်​အလယ်​တွင် သီးသန့်​နေ​သော ကိုယ်တော်​၏​အမွေ​တော်​သိုးစု​ဖြစ်​သည့် ကိုယ်တော်​၏​လူမျိုး​တော်​ကို တောင်ဝှေး​တော်​ဖြင့် ထိန်းကျောင်း​တော်မူ​ပါ​။ ရှေးယခင် ဗာရှန်​ပြည်​၊ ဂိလဒ်​ပြည်​မှာ​ကဲ့သို့ သူ​တို့​ကို ကျွေးမွေး​တော်မူ​ပါ​။ 15“အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သော​နေ့​က​ကဲ့သို့ အံ့ဖွယ်​အမှု​တို့​ကို ငါ​ပြ​မည်​။” 16လူမျိုးခြား​တို့​သည် ထို​အမှု​တို့​ကို​မြင်​၍ ခပ်သိမ်း​သော​ကိုယ့်​အစွမ်းတန်ခိုး​တို့​ကို​ပြန်ကြည့်​ပြီး ရှက်​ကြ​လိမ့်မည်​။ နှုတ်​ကို​လက်​နှင့်​ပိတ်​၍ နား​လည်း​မ​ကြား​ဘဲ​နေ​လိမ့်မည်​။ 17သူ​တို့​သည် မြွေ​ကဲ့သို့ မြေမှုန့်​ကို​လျက်​ရ​လိမ့်မည်​။ မြေကြီး​ပေါ်၌ တွားသွားသောသတ္တဝါ​ကဲ့သို့ မိမိ​ရဲတိုက်​ထဲမှ တုန်တုန်ရီရီ​နှင့် ထွက်လာ​ရ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​လျက်​နေ​ရ​လိမ့်မည်​။ သင့်​ကို​လည်း ကြောက်ရွံ့​ကြ​လိမ့်မည်​။
18ကိုယ်တော်​နှင့်​တူ​သော​ဘုရား​ရှိ​ပါ​သလော​။ ကိုယ်တော်​သည် အပြစ်​လွှတ်​တော်မူ​သော​ဘုရား​၊ ကြွင်းကျန်​သော​အမွေ​တော်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​တော်မူ​သော​ဘုရား​၊ အမျက်​တော်​ကို​သို​မ​ထား မေတ္တာကရုဏာ​အစဉ်​ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​။ 19ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို သနားစုံမက်​တော်မူ​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို နင်းချေ​တော်မူ​မည်​။ အပြစ်​ရှိသမျှ​ကို​လည်း ပင်လယ်​ရေနက်​ရာ​ထဲသို့ ပစ်ချ​တော်မူ​မည်​။ 20ကိုယ်တော်​သည် ရှေးယခင်​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​သည့်​အတိုင်း ယာကုပ်​အား သစ္စာ​တော်​ကို​လည်းကောင်း​၊ အာဗြဟံ​အား မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ပြ​တော်မူ​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for မိက္ခာအနာဂတ္တိကျမ်း 7