YouVersion Logo
Search Icon

ဝတ်ပြုရာကျမ်း 5

5
အပြစ်ဖြေရာယဇ်နှင့်ဆိုင်သောပြဋ္ဌာန်းချက်
1တစ်စုံတစ်ယောက်​သည် ကျိန်ဆို​သံ​ကို​ကြား​သော်လည်း မိမိ​မြင်​သော​အရာ​၊ သိ​သော​အရာ​ကို သက်သေ​အဖြစ် ထုတ်ဖော်​ပြောဆို​ခြင်း​မ​ပြု​လျှင် အပြစ်​ပြု​ရာ​ရောက်​၍ သူ​သည် အပြစ်ဒဏ်​ခံရ​မည်​။ 2တစ်စုံတစ်ယောက်​သည် မစင်ကြယ်​သော​တောရိုင်းတိရစ္ဆာန်​အသေကောင်​၊ ယဉ်ပါးသောတိရစ္ဆာန်​အသေကောင်​၊ တွားသွားသောတိရစ္ဆာန်​အသေကောင်​စသည့် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​အား ထိမိ​သည်​ကို သတိမမူ​မိ​လျှင်​လည်း သူ​သည် မစင်ကြယ်​ရာ​သို့​ရောက်​၍ သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။ 3သူ​သည် လူ​၏​အညစ်အကြေး​ဖြစ်​သည့် လူ​ကို​မစင်ကြယ်​စေ​သော အညစ်အကြေး​တစ်စုံတစ်ရာ​အား ထိမိ​သည်​ကို သတိမမူ​မိ​ဘဲ​နေ​၍ နောက်မှ​ထိမိ​သည်​ကို သိလာ​လျှင်​လည်း သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။ 4တစ်စုံတစ်ယောက်​သည် ဆိုးညစ်​သော​အမှု​ကို​ပြု​မည်​၊ ကောင်း​သော​အမှု​ကို​ပြု​မည်​ဟူ၍ နှုတ်​ဖြင့်​မဆင်မခြင်​ကျိန်ဆို​ပြီး ထို​မဆင်မခြင်​ကျိန်ဆို​သော​အရာ​ကို သူ​သည် သတိမမူ​မိ​ဘဲ​နေ​၍ နောက်မှ ထို​အရာ​ကို သိလာ​လျှင်​လည်း ထို​ကျိန်ဆို​သော​အရာ​တစ်စုံတစ်ခု​ကြောင့် သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။ 5ထို​သူ​အပေါ် ထိုသို့သော​အပြစ်​တစ်စုံတစ်ရာ​သက်ရောက်​လျှင် သူ​ကျူးလွန်​မိ​သော​အပြစ်​ကို ဖော်ပြဝန်ခံ​ရ​မည်​။ 6သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​ရန် သိုးဆိတ်​တို့​ထဲမှ သိုးသငယ်အမ​ကို​ဖြစ်စေ​၊ ဆိတ်သငယ်​အမ​ကို​ဖြစ်စေ အပြစ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံသို့​ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သူ့​အတွက် အပြစ်​ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။
7သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။ 8၎င်း​တို့​ကို ယဇ်ပုရောဟိတ်​ထံသို့ ယူဆောင်​လာ​ပြီး အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်​သော​အကောင်​ကို ဦးစွာ​ပူဇော်​ရ​မည်​။ ၎င်း​၏​ခေါင်း​ကို လည်ပင်း​မှ​ချိုး​ရ​မည်​။ သို့သော် မ​ပြတ်​စေ​ရ​။ 9အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို ယဇ်ပလ္လင်​၏​နံရံ​၌ ဖျန်း​၍ ကျန်​သော​သွေး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ ညှစ်ချ​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။ 10ကျန်​တစ်​ကောင်​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ ထိုသို့ ထို​သူ​ကျူးလွန်​သော​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။
11သူ​သည် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သည့်​အပြစ်​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ#5:11 “2.2 လီတာ”။​ကို ယူဆောင်​လာ​၍ ပူဇော်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်၍ ၎င်း​အပေါ်​၌ ဆီ​မ​ထည့်​ရ​။ လော်ဗန်​ကို​လည်း မ​တင်​ရ​။ 12၎င်း​ကို ယဇ်ပုရောဟိတ်​ထံသို့ ယူဆောင်​လာ​ပြီး ယဇ်ပုရောဟိတ်​သည် ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ၎င်း​ထဲမှ လက်တစ်ဆုပ်စာ​ယူ​၍ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်ကောင်​ပေါ်​တင်​၍ ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။ 13ထိုသို့သော​အပြစ်​တစ်စုံတစ်ရာ​ကို ကျူးလွန်​မိ​ခဲ့​သော​သူ​၏​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။ ကျန်ရှိ​သော​အရာ​သည် ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့ပင် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။
အပြစ်ဒဏ်ဖြေရာယဇ်
14တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
15“​တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​၏​သန့်ရှင်းသောအရာ​တစ်စုံတစ်ခု​အပေါ် မရည်ရွယ်​ဘဲ​ပြစ်မှား​ခြင်း​ဖြင့် မှားယွင်းမှု​ကို​ပြု​မိ​လျှင် သူ​သည် အပြစ်ဒဏ်ဖြေရာယဇ်​အတွက် သင်​တန်ဖိုး​ဖြတ်​သော​ငွေ​ရှယ်ကယ်​အတိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံ​ယူဆောင်​လာ​ရ​မည်​။ 16သူ​ပြစ်မှား​မိ​ခဲ့​သည့် သန့်ရှင်းသောအရာ​တစ်စုံတစ်ခု​အတွက် အလျော်ပေး​ရ​မည့်​အပြင် အလျော်ပေး​ရ​သည့်​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​လည်း ထပ်ပေါင်း​၍ ယဇ်ပုရောဟိတ်​အား​ပေး​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သိုးထီး​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ခြင်း​ဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။
17တစ်စုံတစ်ယောက်​သည် ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို လုပ်​မိ​၍ အပြစ်ပြု​မိ​မှန်း​ကို မ​သိ​လျှင်​လည်း သူ့​အပေါ် အပြစ်​သက်ရောက်​၍ သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။ 18သူ​သည် သင်​တန်ဖိုး​ဖြတ်​သည့်​အတိုင်း သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။ ထို​သူ မရည်ရွယ်​ဘဲ​မှား​ခဲ့​သည့်​အမှား​ကို သူ​မ​သိ​သော်လည်း ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။ 19ဤသည်ကား တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​သည့်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in