YouVersion Logo
Search Icon

ဝတ်ပြုရာကျမ်း 22

22
ယဇ်ပုရောဟိတ်တို့နှင့်သူတို့၏အစားအစာ
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​အာရုန်​နှင့် သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ ငါ​၏​သန့်ရှင်း​သော​နာမ​တော်​ကို ရှုတ်ချ​ရာ​မ​ရောက်​မည့်​အကြောင်း ငါ့​အား အစ္စရေး​အမျိုးသား​တို့ ဆက်ကပ်​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို ပူဇော်​ရာ​၌ ဂရုပြု​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ 3သင့်​သားစဉ်မြေးဆက်​၏​မျိုးဆက်​တစ်လျှောက်​တွင် မစင်ကြယ်​သော​သူ မည်သူမဆို ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ဆက်ကပ်​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​အနီး​သို့ ချဉ်းကပ်​လျှင် ထို​သူ​သည် ငါ့​ရှေ့မှောက်​မှ ပယ်ရှင်း​ခြင်း​ခံရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ 4အာရုန်​၏​သားစဉ်မြေးဆက်​တို့​ထဲမှ တစ်စုံတစ်ယောက်​သည် အနာကြီးရောဂါစွဲ​လျှင်​၊ သို့မဟုတ် အရိအရွဲထွက်​လျှင် ထို​သူ​သည် မ​စင်ကြယ်​မ​ချင်း သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ​။ အသေကောင်​ကြောင့် မစင်မကြယ်​ဖြစ်​သွား​သော​အရာ တစ်စုံတစ်ခု​ကို ထိမိ​သော​သူ​ဖြစ်စေ​၊ သုက်ရည်​ထွက်​သော​သူ​ဖြစ်စေ​၊ 5မစင်မကြယ်​ဖြစ်​စေ​နိုင်​သည့် တွားသွားသတ္တဝါ​တစ်ကောင်ကောင်​၊ သို့မဟုတ် အညစ်အကြေး​တစ်စုံတစ်ရာ​ကြောင့် မစင်မကြယ်​ဖြစ်​နေ​သော​သူ​ကို ထိမိ​သော​သူ​ဖြစ်စေ 6ထိုသို့သော​အရာ​ကို ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို​သူ​သည် ရေ​မ​ချိုး​လျှင် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ​။ 7နေ​ဝင်​ပြီးမှ သူ​သည် စင်ကြယ်​လိမ့်မည်​။ ထို့နောက်မှ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို သူ​သည် စား​ခွင့်​ရှိ​မည်​။ အကြောင်းမူကား ထို​ပူဇော်သက္ကာ​သည် သူ​၏​အစားအစာ​ဖြစ်​၏​။ 8အလိုလို​သေ​သော​အကောင်​၊ သို့မဟုတ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို စား​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ 9ယဇ်ပုရောဟိတ်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို ရှုတ်ချ​ခြင်း​ဖြင့် အပြစ်​ခံရ​၍ မ​သေ​ရ​မည့်​အကြောင်း ငါ​၏​ညွှန်ကြားချက်​ကို စောင့်ထိန်း​ရ​မည်​။ ငါ​သည် သူ​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။
10သာမန်လူ​တစ်ယောက်မျှ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​စား​ရ​။ ယဇ်ပုရောဟိတ်​၏​ဧည့်သည်​ဖြစ်စေ​၊ သူရင်းငှား​ဖြစ်စေ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​စား​ရ​။ 11သို့သော် ယဇ်ပုရောဟိတ်​သည် မိမိ​ငွေ​ဖြင့် တစ်စုံတစ်ယောက်​ကို ဝယ်​ထား​လျှင် ထို​သူ​သည် စား​ခွင့်​ရှိ​၏​။ သူ​၏​အိမ်​၌ မွေးဖွား​သော​သူ​တို့​သည်​လည်း သူ​၏​အစားအစာ​ကို စား​ခွင့်​ရှိ​၏​။ 12ယဇ်ပုရောဟိတ်​၏​သမီး​သည် သာမန်လူ​နှင့် ယူ​လျှင် သူ​သည် သန့်ရှင်း​သော​အလှူပစ္စည်း​ကို စား​ခွင့်​မ​ရှိ​။ 13သို့သော် ယဇ်ပုရောဟိတ်​၏​သမီး​သည် မုဆိုးမ​ဖြစ်​သွား​လျှင်​ဖြစ်စေ​၊ ကွာရှင်း​ထား​လျှင်​ဖြစ်စေ သူ​၌​သားသမီး​မ​ရှိ​ဘဲ သူ့​ဖခင်​၏​အိမ်​သို့​ပြန်လာ​၍ အပျို​ကဲ့သို့ ပြန်နေ​လျှင် ဖခင်​၏​အစားအစာ​ကို စား​ခွင့်​ရှိ​၏​။ သာမန်လူ​တစ်ယောက်မျှ စား​ခွင့်​မ​ရှိ​။ 14တစ်စုံတစ်ယောက်​သည် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မရည်ရွယ်​ဘဲ​စား​မိ​လျှင် ထို​သန့်ရှင်း​သော​ပူဇော်သက္ကာ​နှင့်တကွ သန့်ရှင်း​သော​ပူဇော်သက္ကာ​၏​ငါးပုံတစ်ပုံ​ထပ်ပေါင်း​၍ ယဇ်ပုရောဟိတ်​အား ပြန်ပေး​ရ​မည်​။ 15ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ပေးလှူပူဇော်​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​ညစ်ညူး​စေ​ရ​။ 16သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို စား​မိ​စေ​ခြင်း​ဖြင့် သူ​တို့​အပေါ် ဒုစရိုက်​အပြစ်ဒဏ် မ​ကျရောက်​စေ​ရ​။ ငါ​သည် သူ​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။
ဘုရားသခင်လက်ခံသည့်ပူဇော်သက္ကာ
17တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
18“​အာရုန်​နှင့်​သူ့​သား​တို့​မှစ၍ အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား ဆင့်ဆို​လော့​။ အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ အစ္စရေး​လူမျိုး​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ တစ်စုံတစ်ဦး​သည် ထာဝရဘုရား​အား မိမိ​၏​ပူဇော်သက္ကာ​ကို ကတိသစ္စာ​တစ်စုံတစ်ခု​အတွက်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​တစ်စုံတစ်ခု​အတွက် မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လျှင် 19သင်​တို့​ကို လက်ခံ​တော်မူ​မည့်​အကြောင်း နွား​၊ သိုး​၊ ဆိတ်​တို့​တွင် အပြစ်အနာအဆာကင်း​သော​အထီး​ကို ပူဇော်​ရ​မည်​။ 20အနာအဆာ​ပါ​သော​မည်သည့်​အကောင်​ကို​မျှ မ​ပူဇော်​ရ​။ ပူဇော်​လျှင် သင်​တို့​အား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။
21တစ်စုံတစ်ယောက်​သည် ကတိသစ္စာဝတ်​ကို​ဖြေ​လို​လျှင်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် နွားအုပ်​ထဲမှ​ဖြစ်စေ သိုးအုပ်​ထဲမှ​ဖြစ်စေ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​လို​လျှင် လက်ခံ​တော်မူ​မည့်​အကြောင်း အပြစ်အနာအဆာကင်း​သော​အကောင်​ကို ပူဇော်​ရ​မည်​။ အနာအဆာ မ​ရှိ​ရ​။ 22မျက်စိကန်း​သော​အကောင်​၊ ဒဏ်ရာ​ရ​သော​အကောင်​၊ အင်္ဂါ​ချို့ယွင်း​သော​အကောင်​၊ ပြည်တည်နာ​စွဲ​သော​အကောင်​၊ နှင်းခူ​စွဲ​သော​အကောင်​၊ ယားနာ​စွဲ​သော​အကောင် တို့​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​တို့​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ် မ​တင်​ရ​။ 23ကိုယ်အင်္ဂါပုံပျက်​၍ ပိန်လှီ​သော နွား​၊ သို့မဟုတ် သိုးသငယ်​ကို စေတနာ​အလျောက် ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် ပူဇော်​နိုင်​သော်လည်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန်​အတွက်​ကား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ 24ဝှေးစေ့​ပွန်းပဲ့​၊ ကြေမွ​၊ ကွဲပြဲ​၊ စုတ်ပြတ်​သော​အကောင်​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​ကို သင်​တို့​ပြည်​တွင် မ​ပူဇော်​ရ​။ 25ထိုသို့သော​အကောင်​ကို တိုင်းတစ်ပါးသား​တို့​ထံမှ​လက်ခံ​ယူ​၍ သင်​တို့​ဘုရားသခင်​အဖို့ စားဖွယ်ရာ​အဖြစ် မ​ပူဇော်​ရ​။ ထို​အကောင်​တို့​သည် ပုံပန်းပျက်​၍ အနာအဆာ​ရှိ​နေ​သောကြောင့် သင်​တို့​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။
26တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
27“​နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ​၊ ဆိတ်​ဖြစ်စေ မွေး​လာ​လျှင် မိခင်​နှင့်အတူ ခုနစ်​ရက်​ထား​ရ​မည်​။ ရှစ်​ရက်​မြောက်​သော​နေ့​မှစ၍ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် ပူဇော်​နိုင်​၏​။ 28သို့ရာတွင် နွား​၊ သို့မဟုတ် သိုး​ကို သားပေါက်​နှင့်အတူ တစ်ရက်တည်း​တွင် မ​သတ်​ရ​။ 29ထာဝရဘုရား​အား ကျေးဇူးတော်​ချီးမွမ်း​ရာ​ယဇ်​ပူဇော်​သောအခါ သင်​တို့​ကို လက်ခံ​အောင် ပူဇော်​ရ​မည်​။ 30ထို​ယဇ်​ကို တစ်ရက်တည်း​တွင် စား​ရ​မည်​။ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။
31သင်​တို့​သည် ငါ​၏​ပညတ်တော်​များ​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ 32အစ္စရေး​အမျိုးသား​တို့​အလယ်​၌ ငါ​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​မည့်​အကြောင်း သင်​တို့​သည် ငါ​၏​သန့်ရှင်း​သော​နာမ​ကို မ​ရှုတ်ချ​ရ​။ ငါ​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။ 33ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​ရန်​အတွက် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in