YouVersion Logo
Search Icon

ဝတ်ပြုရာကျမ်း 21

21
ယဇ်ပုရောဟိတ်တို့နှင့်ဆိုင်သောသန့်ရှင်းစင်ကြယ်ခြင်း
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​ကို ဆင့်ဆို​လော့​။ ယဇ်ပုရောဟိတ်​သည် ကိုယ့်​လူမျိုး​ထဲမှ​သေလွန်​သွား​သူ​အတွက် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။ 2သို့သော် မိမိ​နှင့်​ဆွေမျိုးနီးစပ်သူ​များ​ဖြစ်​သည့် မိဘ​၊ သားသမီး​၊ ညီအစ်ကို​၊ 3ယောက်ျား​မ​ယူ​သေး​သော အစ်မ​၊ သို့မဟုတ် နှမ​အပျိုကညာ​အတွက် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​နိုင်​၏​။ 4ယဇ်ပုရောဟိတ်​သည် မိမိ​လူမျိုး​ထဲတွင် ခေါင်းဆောင်​ဖြစ်​သဖြင့် ကိုယ့်​အသရေပျက်​အောင် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။
5ယဇ်ပုရောဟိတ်​တို့​သည် ခေါင်းတုံး​မ​တုံး​ရ​။ မုတ်ဆိတ်မွေး​အဖျား​ကို မ​ညှပ်​ရ​။ ကိုယ့်​အသား​ကို မ​ခုတ်​မ​ရှ​ရ​။ 6သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ သူ​တို့​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ သူ​တို့​ဘုရားသခင်​အဖို့ စားဖွယ်ရာ​ဖြစ်​သော ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​များ​ကို ပူဇော်​ရ​သော​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​သည် သန့်ရှင်း​ခြင်း​ရှိ​ကြ​ရ​မည်​။ 7သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​အဖို့ သန့်ရှင်း​သော​သူ​ဖြစ်​သောကြောင့် ပြည့်တန်ဆာ​လုပ်​၍ အသရေမရှိ​သော​မိန်းမ​ကို မ​ယူ​ရ​။ လင်ယောက်ျား​နှင့်​ကွာရှင်း​ထား​သော​မိန်းမ​ကို မ​ယူ​ရ​။ 8ယဇ်ပုရောဟိတ်​သည် သင်​၏​ဘုရားသခင်​အား စားဖွယ်ရာ​ကို​ဆက်သ​ရ​သောကြောင့် သင်​သည် သူ့​ကို သန့်ရှင်း​စေ​ရ​မည်​။ သူ​သည် သင့်​အဖို့ သန့်ရှင်း​သော​သူ​ဖြစ်​ရ​မည်​။ အကြောင်းမူကား သင်​တို့​ကို​သန့်ရှင်း​စေ​သော ငါ​ထာဝရဘုရား​သည် သန့်ရှင်း​၏​။ 9ယဇ်ပုရောဟိတ်​တစ်ပါးပါး​၏​သမီး​သည် ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​အသရေဖျက်​လျှင် မိမိ​ဖခင်​ကို​အသရေဖျက်​ရာ​ရောက်​သည်​ဖြစ်၍ သူ့​ကို မီး​ရှို့​ရ​မည်​။
10ခေါင်း​ပေါ်၌​ဘိသိက်​ဆီ​သွန်းလောင်း​၍ အဝတ်တန်ဆာ​ဝတ်ဆင်​ရန် အပ်နှင်း​ခြင်း​ခံရ​သူ​၊ မိမိ​အမျိုးသားချင်း​တို့​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သူ​သည် ဆံပင်​ဖားလျား​မ​ချ​ရ​။ မိမိ​အဝတ်​ကို မ​ဆုတ်​ရ​။ 11လူသေအလောင်း​ရှိ​ရာ​သို့ မ​သွား​ရ​။ မိမိ​၏​မိခင်​၊ သို့မဟုတ် မိမိ​၏​ဖခင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။ 12ဘုရားသခင်​၏​ဆက်ကပ်​ခြင်း​ဆိုင်ရာ​ဘိသိက်​ဆီ​သည် သူ့​အပေါ်​၌​ရှိ​သည်​ဖြစ်၍ သူ​သည် သန့်ရှင်းရာဌာန​ထဲမှ မ​ထွက်​ရ​။ ဘုရားသခင်​၏​သန့်ရှင်းရာဌာန​ကို မ​ညစ်ညူး​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။
13သူ​သည် အပျိုစင်​မိန်းမ​နှင့်​သာ စုံဖက်​ရ​မည်​။ 14မုဆိုးမ​၊ ကွာရှင်း​ထား​သော​မိန်းမ​၊ အသရေမရှိ​သော​ပြည့်တန်ဆာမ​တို့​နှင့် မ​စုံဖက်​ရ​။ သူ​သည် မိမိ​လူမျိုး​ထဲမှ အပျိုကညာ​ကို​သာ မယား​အဖြစ် စုံဖက်​ရ​မည်​။ 15သူ​၏​သားသမီး​တို့​ကို ကိုယ့်​လူမျိုး​အလယ်​၌ မ​ရှုတ်ချ​ရ​။ အကြောင်းမူကား ငါ​သည် သူ့​ကို​သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။
ယဇ်ပုရောဟိတ်တို့တွင် ကိုယ်အင်္ဂါချို့ယွင်းသူ
16တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
17“​အာရုန်​အား ဆင့်ဆို​လော့​။ သင့်​သားစဉ်မြေးဆက်​၏​မျိုးဆက်​တစ်လျှောက်​တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူ​သည် မိမိ​ဘုရားသခင်​အဖို့ စားဖွယ်ရာ​ကို ပူဇော်​ရန် မ​ချဉ်းကပ်​ရ​။ 18မျက်မမြင်​သူ​၊ ခြေမသန်သူ​၊ မျက်နှာပုံပျက်​သူ​၊ ကိုယ်အင်္ဂါပုံပျက်​သူ​၊ 19ခြေ​ကျိုး​သူ​၊ လက်​ကျိုး​သူ​၊ 20ကျောဘု​သူ​၊ အရပ်ပု​သူ​၊ မျက်လုံး​ပုံပျက်သူ​၊ နှင်းခူပေါက်သူ​၊ ယားနာပေါက်သူ​၊ ဝှေးစေ့​ပျက်​သူ​စသည့် ကိုယ်အင်္ဂါချို့ယွင်း​သော​သူ​သည် မ​ချဉ်းကပ်​ရ​။ 21ယဇ်ပုရောဟိတ်​အာရုန်​၏​သားစဉ်မြေးဆက်​တို့​တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူ​မည်သူ​မျှ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​ရန် မ​ချဉ်းကပ်​ရ​။ ကိုယ်အင်္ဂါချို့ယွင်းသောသူ​သည် မိမိ​ဘုရားသခင်​အဖို့ စားဖွယ်ရာ​ကို ပူဇော်​ရန် မ​ချဉ်းကပ်​ရ​။ 22မိမိ​ဘုရားသခင်​အဖို့ စားဖွယ်ရာ​များ​ဖြစ်​သည့် အထူး​သန့်ရှင်း​သော​စားဖွယ်ရာ​ကို​လည်းကောင်း​၊ သန့်ရှင်း​သော​စားဖွယ်ရာ​ကို​လည်းကောင်း သူ​စား​ခွင့်​ရှိ​၏​။ 23သို့သော် သူ​သည် ကိုယ်အင်္ဂါချို့ယွင်း​သောကြောင့် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​ရာ​မ​ရောက်​မည့်​အကြောင်း ကန့်လန့်ကာ​အတွင်း​သို့ မ​ဝင်​ရ​၊ ယဇ်ပလ္လင်​သို့​လည်း မ​ချဉ်းကပ်​ရ​။ အကြောင်းမူကား ငါ​ထာဝရဘုရား​သည် ထို​အရာ​တို့​ကို သန့်ရှင်း​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 24မောရှေ​သည်​လည်း အာရုန်​နှင့် သူ​၏​သား​တို့​ကို​လည်းကောင်း​၊ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ကို​လည်းကောင်း ဆင့်ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in