YouVersion Logo
Search Icon

ရှင်ယောဟန်ခရစ်ဝင် 7

7
ယေရှု၏ညီတော်တို့မယုံကြည်ကြခြင်း
1ထို့နောက် ယေရှု​သည် ဂါလိလဲ​နယ်​တွင် လှည့်လည်​တော်မူ​၏။ အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သောကြောင့် ယုဒ​နယ်​၌​လှည့်လည်​ရန် အလို​တော်​မ​ရှိ။ 2သို့ရာတွင် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ယာယီ​တဲစု​ပွဲတော်​နီးကပ်​လာ​သောအခါ 3ညီ​တော်​တို့​က ကိုယ်တော်​အား “သင်​ပြု​နေ​သော​အမှုအရာ​များ​ကို သင်​၏​တပည့်​တို့​သည်​လည်း မြင်​ရ​ရန် ဤ​အရပ်​မှ ထွက်ခွာ​၍ ယုဒ​နယ်​သို့ သွား​ပါ​လော့။ 4မိမိကိုယ်ကို​ထင်ပေါ်​ကျော်စော​စေ​လို​၍ တစ်စုံတစ်ခု​ကို လျှို့ဝှက်​စွာ​ပြု​သော​သူ​မ​ရှိ။ သင်​သည် ဤ​အမှုအရာ​များ​ကို​ပြု​သည်​ဆို​လျှင် ဤ​လောက​၌ သင့်ကိုယ်သင်​ထင်ရှား​စေ​ပါ”​ဟု ဆို​ကြ​၏။ 5ထိုသို့​ဆို​ကြ​ခြင်း​မှာ ညီ​တော်​တို့​ပင် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။ 6ထို့ကြောင့် ယေရှု​က ညီ​တော်​တို့​အား“ငါ့​အချိန်​မ​ရောက်​သေး။ သင်​တို့​အချိန်​ကား အမြဲ​အဆင်သင့်​ဖြစ်​၏။ 7လောကီသား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူကား မုန်း​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​ပြု​သော​အမှု​များ​မကောင်း​ကြောင်း​ကို ထောက်ပြ​သောကြောင့်​ဖြစ်​၏။ 8ပွဲတော်​သို့ သင်​တို့​တက်​သွား​ကြ​လော့။ ငါ့​အချိန်​မ​ပြည့်စုံ​သေး​သဖြင့် ဤ​ပွဲတော်​သို့ ငါ​မ​သွား”​ဟု 9မိန့်​တော်မူ​ပြီးလျှင် ဂါလိလဲ​နယ်​တွင် နေရစ်​တော်မူ​၏။
ယာယီတဲစုပွဲတော်၌ ယေရှုဟောပြောသွန်သင်တော်မူခြင်း
10သို့ရာတွင် ပွဲတော်​သို့ ညီ​တော်​တို့​သွား​ကြ​ပြီးနောက် ကိုယ်တော်​သည်​လည်း မထင်မရှား လျှို့ဝှက်​စွာ​ကြွ​တော်မူ​၏။ 11ထို​ပွဲတော်​တွင် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​လျက် “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​၏။
12လူထု​ပရိသတ်​တို့​ထဲတွင် ကိုယ်တော်​နှင့်​ပတ်သက်၍ အမျိုးမျိုး​တီးတိုး​ပြောဆို​နေ​ကြ​၏။ လူ​အချို့​တို့​က “သူ​သည် သူတော်ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူထု​ပရိသတ်​ကို​လှည့်ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။ 13သို့ရာတွင် ဂျူး​လူမျိုး​တို့​ကို​ကြောက်​ကြ​သောကြောင့် မည်သူမျှ ကိုယ်တော်​အကြောင်း​ကို ပွင့်လင်း​စွာ​မ​ပြောဆို​ကြ​ချေ။
14ပွဲတော်​ကာလ ထက်ဝက်​မျှ​လွန်​သောအခါ ယေရှု​သည် ဗိမာန်​တော်​သို့​တက်​သွား​၍ သွန်သင်​တော်မူ​၏။ 15ထိုအခါ ဂျူး​လူမျိုး​တို့​သည်​အံ့ဩ​လျက် “ဤ​သူ​သည် သင်ယူ​ခြင်း​မ​ရှိ​ဘဲ ကျမ်း​များ​ကို မည်သို့​တတ်​သနည်း”​ဟု ဆို​ကြ​၏။ 16ယေရှု​က​လည်း“ငါ​၏​သွန်သင်​ချက်​သည် ငါ​ကိုယ်တိုင်​၏​သွန်သင်ချက်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​သွန်သင်ချက်​ဖြစ်​၏။ 17မည်သူမဆို ထို​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်သင်​ချက်​သည် ဘုရားသခင်​ထံမှ​လာ​သလော​၊ သို့မဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​နေ​သလော​ဆို​သည်​ကို သိ​လိမ့်မည်။ 18မိမိ​ဆန္ဒ​အလျောက်​ဟောပြော​သော​သူ​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ရှာ​တတ်​၏။ မိမိ​ကို​စေလွှတ်​သော​အရှင်​၏​ဘုန်း​အသရေ​ကို​ရှာ​သော​သူ​မူကား ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မတရားမှု​မ​ရှိ။ 19မောရှေ​သည် သင်​တို့​အား ပညတ်​တရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​တွင် ထို​ပညတ်​တရား​ကို လိုက်နာ​ကျင့်သုံး​သော​သူ​တစ်စုံ​တစ်ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အဘယ်ကြောင့် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သနည်း”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
20လူထု​ပရိသတ်​က “သင့်​ကို​နတ်ဆိုး​ပူး​နေ​၏။ သင့်​ကို​သတ်​ရန် မည်သူ​ရှာကြံ​နေ​သနည်း”​ဟု ဆို​ကြ​၏။ 21ယေရှု​က​လည်း“အမှု​တစ်​ခု​ကို ငါ​ပြု​သောအခါ သင်​တို့​အားလုံး​သည် အံ့ဩ​ကြ​၏။ 22မောရှေ​သည် အရေဖျား​လှီး​ခြင်း​ဓလေ့​ကို သင်​တို့​အား​ပေး​ခဲ့​သောကြောင့် သင်​တို့​သည် ဥပုသ်နေ့​၌​ပင် လူ​ကို​အရေဖျား​လှီး​ခြင်း​ပေး​ကြ​၏။ (အမှန်မှာ ဤ​ဓလေ့​သည် မောရှေ​ထံမှ​မ​ဟုတ်​ဘဲ ဘိုးဘေး​များ​ထံမှ​လာ​၏။) 23လူ​သည် မောရှေ​၏​ပညတ်​တရား​ကို​မ​ချိုးဖောက်​ရန် ဥပုသ်နေ့​တွင် အရေဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆိုလျှင် ငါ​သည် ဥပုသ်နေ့​၌ လူ​တစ်ကိုယ်လုံး​ကို အကောင်း​ပကတိ​ဖြစ်​စေ​သည့်​အတွက် ငါ့​ကို​စိတ်ဆိုး​ရ​သလော။ 24အပြင်ပန်း​အားဖြင့် လူ​ကို​မ​စီရင်​ဘဲ တရားမျှတ​စွာ​စီရင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
ခရစ်တော်ဖြစ်ကြောင်းလက္ခဏာ
25ထိုအခါ ဂျေရုဆလင်​မြို့သား​အချို့​တို့​က “ဤ​သူ​သည် သူ​တို့​သတ်​ရန် ရှာကြံ​နေ​သော​သူ​မ​ဟုတ်​လော။ 26ကြည့်​ပါ။ သူ​သည် ထင်ရှား​စွာ​ဟောပြော​နေ​ပါ​လျက် သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပြော​ကြ​ပါ​တကား။ ဤ​သူ​ခရစ်တော်​ဖြစ်​ကြောင်း​ကို အကြီးအကဲ​တို့​သည် အမှန်ပင်​သိ​ကြ​ပြီ​လော။ 27သို့ရာတွင် ဤ​သူ​သည် အဘယ်က​လာ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ခရစ်တော်​ကြွလာ​တော်မူ​သောအခါ​၌​မူကား အဘယ်က​လာ​သည်​ကို မည်သူမျှ​မ​သိ​နိုင်​ရာ”​ဟု ဆို​ကြ​၏။
28ထို့ကြောင့် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ်“သင်​တို့​သည် ငါ့​ကို​သိ​၍ ငါ​အဘယ်က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့ရာတွင် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​သည် ဖြောင့်မှန်​သော​အရှင်​ဖြစ်​တော်မူ​၏။ သင်​တို့​သည် ထို​အရှင်​ကို​မ​သိ​ကြ။ 29ငါ​မူကား သိ​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ထံမှ​လာ​၍ ထို​အရှင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ကြွေးကြော်​တော်မူ​၏။
30ထိုအခါ လူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန်​ကြိုးစား​ကြ​သော်လည်း ကိုယ်တော်​၏​အချိန်​မ​ရောက်​သေး​သောကြောင့် မည်သူမျှ​ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။ 31သို့ရာတွင် လူထု​ပရိသတ်​ထဲမှ​အများစု​သည် ကိုယ်တော်​ကို​ယုံကြည်​လျက် “ခရစ်တော်​ကြွလာ​သောအခါ​တွင် ဤ​သူ​ပြု​သည်​ထက် ပို၍​များ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​ပါ​မည်​လော”​ဟု ဆို​ကြ​၏။
32လူထု​ပရိသတ်​သည် ယေရှု​နှင့်​ပတ်သက်၍ ထိုသို့​တီးတိုး​ပြောဆို​နေ​ကြ​သည်​ကို ဖာရိရှဲ​တို့​ကြား​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် အစောင့်​တပ်သား​များ​ကို​စေလွှတ်​ကြ​၏။ 33ထိုအခါ ယေရှု​က“ငါ​သည် သင်​တို့​နှင့်အတူ နောက်ထပ် ခဏ​နေ​ပြီးလျှင် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ သွား​မည်။ 34သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်မူ​၏။ 35ဂျူး​လူမျိုး​တို့​က​လည်း “ငါ​တို့​ရှာ​၍​မ​တွေ့​စေရန် ဤ​သူ​သည် မည်သည့်​အရပ်​သို့​သွား​ရန် ကြံရွယ်​နေ​သနည်း။ ဂရိ​လူမျိုး​တို့​ရှိ​ရာ​အရပ်ရပ်​တို့​၌ ကွဲလွင့်​ပျံ့နှံ့​နေ​သော​သူ​တို့​ထံသို့​သွား​၍ ဂရိ​လူမျိုး​တို့​ကို​သွန်သင်​ရန် ကြံရွယ်​နေ​သလော။ 36‘သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ’​ဟူ၍ သူ​ပြော​သော​စကား​၏​အဓိပ္ပာယ်​မှာ မည်သို့​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။
သန့်ရှင်းသောဝိညာဉ်တော်ကိုပေးမည်ဟူသောကတိတော်
37ထို​ပွဲတော်​၏​ကြီးမြတ်​သော​နေ့​ဖြစ်​သည့် နောက်ဆုံး​နေ့​၌ ယေရှု​သည်​ရပ်​လျက်“မည်သူမဆို ရေငတ်​လျှင် ငါ့​ထံသို့​လာ​၍ သောက်​လော့။ 38ငါ့​ကို​ယုံကြည်​သော​သူ​သည် ကျမ်းစာ​က​ဆို​ထား​သည့်​အတိုင်း သူ​၏​နှလုံးသား​အထဲမှ အသက်​ရေ​မြစ်​များ စီး​ထွက်​လိမ့်မည်”​ဟု ကြွေးကြော်​တော်မူ​၏။ 39ဤသည်ကား ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တို့​ခံယူ​ရရှိ​မည့် ဝိညာဉ်​တော်​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ယေရှု​သည် ဘုန်း​တော်​ထင်ရှား​ခြင်း​မ​ရှိ​သေး​သဖြင့် ဝိညာဉ်​တော်​ကို​ပေး​တော်​မ​မူ​သေး။
ယေရှုကြောင့် လူတို့ကွဲပြားကြခြင်း
40လူထု​ပရိသတ်​ထဲမှ အချို့​တို့​သည် ဤ​တရား​စကား​တို့​ကို​ကြား​သောအခါ “ဤ​သူ​သည် အမှန်ပင် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ 41အချို့​တို့​က​လည်း “ဤ​သူ​သည် ခရစ်တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သို့ရာတွင် အချို့​တို့​က “ခရစ်တော်​သည် ဂါလိလဲ​နယ်​မှ​ပေါ်ထွန်း​ပါ​မည်​လော။ 42ခရစ်တော်​သည် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​လည်းကောင်း၊ ဒါဝိဒ်​နေ​ခဲ့​ရာ​ဗက်လင်​ရွာ​မှ​လည်းကောင်း ပေါ်ထွန်း​မည်​ဟူ၍ ကျမ်းစာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ 43ဤသို့ဖြင့် လူထု​ပရိသတ်​ထဲတွင် ကိုယ်တော်​ကြောင့် ကွဲပြား​ခြင်း​ရှိ​ကြ​၏။ 44သူ​တို့​ထဲမှ အချို့​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​လို​ကြ​သော်လည်း မည်သူ​မျှ ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။
ယေရှုအကြောင်းအချေအတင်ဆွေးနွေးကြခြင်း
45ထို့နောက် အစောင့်​တပ်သား​များ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​ထံသို့ ပြန်လာ​ကြ​ရာ ထို​အကြီးအကဲ​တို့​က “အဘယ်ကြောင့် သူ့​ကို​မ​ခေါ်ဆောင်​လာ​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။ 46အစောင့်​တပ်သား​တို့​က “ထို​သူ​ကဲ့သို့ မည်သူမျှ​မ​ဟောပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။
47ဖာရိရှဲ​တို့​က​လည်း “သင်​တို့​ပင်လျှင် လှည့်ဖြား​ခံရ​ကြ​ပြီ​လော။ 48အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​တွင် သူ့​ကို​ယုံကြည်​ခဲ့​သူ​တစ်စုံတစ်ဦး​ပင်​ရှိ​သလော။ 49သို့သော် ပညတ်​တရား​ကို​မ​သိ​သော ဤ​လူထု​ပရိသတ်​သည် ကျိန်​ခြင်း​ကို​ခံရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။
50ထို​သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်​ပြီး ယခင်​က​ကိုယ်တော်​ထံသို့​လာ​ခဲ့​ဖူး​သော နိကောဒင်​က 51“ငါ​တို့​၏​ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ့​ထံမှ ဦးစွာ​ကြားနာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အမှုအရာ​ကို​လည်း​မ​သိ​ဘဲ စီရင်​ပါ​မည်​လော”​ဟု ဆို​လျှင် 52သူ​တို့​က “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သလော။ ဂါလိလဲ​နယ်​မှ ပရောဖက် မ​ပေါ်ထွန်း​ကြောင်း​ကို စူးစမ်း​လေ့လာ​၍ သိမှတ်​လော့”​ဟု ဆို​ကြ​၏။
53[ထို့နောက် သူ​တို့​သည် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်​သွား​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in