YouVersion Logo
Search Icon

ရှင်ယောဟန်ခရစ်ဝင် 6

6
လူငါးထောင်ကိုကျွေးမွေးတော်မူခြင်း
1ထို့နောက် ယေရှု​သည် ဂါလိလဲ​ပင်လယ် (တိဗေရိ​ပင်လယ်) တစ်ဖက်ကမ်း​သို့ ကူး​တော်မူ​၏။ 2များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။ 3ယေရှု​သည် တောင်​ပေါ်သို့​တက်သွား​၍ ထို​အရပ်​၌ တပည့်​တော်​တို့​နှင့်အတူ​ထိုင်​တော်မူ​၏။ 4ထိုအချိန်​သည် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ပသခါ​ပွဲတော်​နီးကပ်​သည့်​အချိန်​ဖြစ်​၏။
5ယေရှု​သည် မျှော်ကြည့်​၍ မိမိ​ထံသို့ အလွန်​များစွာ​သော​လူထု​ပရိသတ်​တို့​လာ​နေ​ကြ​သည်​ကို မြင်​တော်မူ​လျှင် ဖိလိပ္ပု​အား“ဤ​သူ​တို့​စား​ရန် မုန့်​ကို အဘယ်က​ဝယ်​ကြ​မည်နည်း”​ဟု မေး​တော်မူ​၏။ 6ဤသည်ကား ဖိလိပ္ပု​ကို​စမ်းသပ်​လို​၍ မေး​တော်မူ​ခြင်း​သာ​ဖြစ်​ပြီး မိမိ​မည်သို့​ပြု​မည်​ကို သိ​နှင့်ပြီ​ဖြစ်​၏။ 7ဖိလိပ္ပု​က​လည်း “သူ​တို့​ကို တစ်​ယောက်​တစ်​ဖဲ့​စီ​ပေး​သည့်​တိုင် ဒေနာရိ​နှစ်ရာ​ဖိုး​ထိုက်​သော​မုန့်​ရှိ​လျှင်​လည်း လုံလောက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။
8တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သူ ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​က 9“ဤ​နေရာ​တွင် မုယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ပါ​သော သူငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သို့သော် ဤမျှလောက်​များပြား​သော​သူ​တို့​အတွက် ထို​မုန့်​နှင့်​ငါး​တို့​သည် မည်သို့​အကျိုးထူး​မည်နည်း”​ဟု လျှောက်​လေ​၏။ 10ယေရှု​က“လူ​တို့​ကို​ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ (ထို​နေရာ​၌ မြက်​ပင်​ထူထပ်​လျက်​ရှိ​၏။) သို့ဖြစ်၍ အရေအတွက်​အားဖြင့် ငါးထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။ 11ထိုအခါ ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ ထိုင်​နေ​သော​သူ​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ ထိုနည်းတူ ငါး​ကို​လည်း သူ​တို့​အလိုရှိ​သလောက် ခွဲဝေပေး​တော်မူ​၏။
12ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သောအခါ ယေရှု​က တပည့်​တော်​တို့​အား“တစ်စုံတစ်ခု​မျှ အလဟဿ​မ​ဖြစ်​စေရန် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်​သိမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 13တပည့်​တော်​တို့​သည်​လည်း ကောက်သိမ်း​ကြ​ရာ လူ​တို့​စား​ခဲ့​သော​မုယော​မုန့်​ငါး​လုံး​မှ ကြွင်းကျန်​သည့်​အကျိုးအပဲ့​များ​ကို တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။
14လူ​တို့​သည် ယေရှု​ပြု​တော်မူ​သော ထို​နိမိတ်​လက္ခဏာ​ကို​မြင်​၍ “ဤ​သူ​သည် အမှန်ပင် ဤ​လောက​သို့​ကြွလာ​ရ​မည့် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ 15လူ​တို့​သည်​လာ​၍ မိမိ​ကို​အတင်း​ခေါ်ဆောင်​သွား​ပြီး မင်းမြှောက်​ရန် ကြံရွယ်​နေ​ကြ​သည်​ကို ယေရှု​သိ​တော်မူ​သဖြင့် တစ်ဖန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​ထွက်သွား​တော်မူ​၏။
ရေပေါ်၌လမ်းလျှောက်တော်မူခြင်း
16ညနေချမ်း​အချိန်​ရောက်​သောအခါ တပည့်​တော်​တို့​သည် ပင်လယ်​သို့​ဆင်း​သွား​၍ 17လှေ​ပေါ်​တက်​ပြီးလျှင် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကပေရနောင်​မြို့​သို့ ကူးသွား​ကြ​၏။ မိုးချုပ်​ပြီ​ဖြစ်​သော်လည်း ယေရှု​သည် သူ​တို့​ထံသို့​မ​ရောက်လာ​သေး။ 18ပင်လယ်​၌​လည်း လေပြင်း​တိုက်​လျက်​နေ​သဖြင့် လှိုင်းတံပိုး​များ​ထ​လာ​၏။ 19သုံး​လေး​မိုင်​ခန့်​လှော်ခတ်​ပြီး​သောအခါ ပင်လယ်​ပေါ်တွင် ယေရှု​လမ်းလျှောက်​လျက် လှေ​အနီး​သို့​ချဉ်းကပ်​လာ​သည်​ကို တပည့်​တော်​တို့​မြင်​၍ ကြောက်ရွံ့​ကြ​၏။ 20သို့သော် ကိုယ်တော်​က“မ​ကြောက်​ကြ​နှင့်၊ ငါ​ပင်​ဖြစ်​သည်”​ဟု မိန့်​တော်မူ​၏။ 21ထိုအခါ တပည့်​တော်​တို့​သည် အားရ​ဝမ်းမြောက်​လျက် ကိုယ်တော်​ကို လှေ​ပေါ်သို့​ခေါ်ဖိတ်​လက်ခံ​ကြ​ရာ လှေ​သည် သူ​တို့​သွား​ရန်​ရည်ရွယ်​ထား​သည့်​အရပ်​သို့ ချက်ချင်း​ရောက်​လေ​၏။
အသက်မုန့်
22နောက်တစ်နေ့​၌ ပင်လယ်​တစ်ဖက်ကမ်း​တွင် နေရစ်​သော​လူထု​ပရိသတ်​သည် ထို​အရပ်​၌ လှေ​ငယ်​တစ်​စင်း​မှလွဲ၍ အခြား​လှေ​မ​ရှိ​ခဲ့​ကြောင်း​ကို​လည်းကောင်း၊ ထို​လှေ​၌ ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ​မ​လိုက်​မ​ပါ​ဘဲ တပည့်​တော်​တို့​သာ ထွက်သွား​ခဲ့​ကြောင်း​ကို​လည်းကောင်း သတိပြု​မိ​ကြ​၏။ 23သို့သော် တိဗေရိ​မြို့​မှ အခြား​လှေ​ငယ်​များ​သည် သခင်​ဘုရား​ကျေးဇူး​တော်​ချီးမွမ်း​၍ လူ​များ​မုန့်​ကို​စား​ခဲ့​ရာ​အရပ်​အနီး​သို့ ရောက်လာ​ကြ​သောအခါ 24လူထု​ပရိသတ်​သည် ထို​အရပ်​၌ ယေရှု​မှစ၍​တပည့်​တော်​တို့​ပါ မ​ရှိ​ကြောင်း​ကို​သိမြင်​သဖြင့် ထို​လှေ​ငယ်​များ​ပေါ်​တက်​ပြီးလျှင် ယေရှု​ကို​ရှာ​ရန် ကပေရနောင်​မြို့​သို့​သွား​ကြ​၏။
25ပင်လယ်​တစ်ဖက်ကမ်း​တွင် ကိုယ်တော်​ကို​တွေ့​ကြ​သောအခါ သူ​တို့​က “ရဗ္ဗိ၊ ဤ​အရပ်​သို့ မည်သည့်​အချိန်​က ကြွရောက်​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ 26ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​ငါ့​ကို​ရှာ​ကြ​သည်​မှာ နိမိတ်​လက္ခဏာ​များ​ကို​မြင်​ရ​သောကြောင့်​မ​ဟုတ်။ မုန့်​ကို​စား​၍​ဝ​သောကြောင့်​သာ​ဖြစ်​၏။ 27ပျက်စီး​တတ်​သော​အစားအစာ​အတွက်​မ​ဟုတ်​ဘဲ လူ့သား​သည် သင်​တို့​ကို​ပေး​မည့် ထာဝရ​အသက်​တိုင်အောင်​တည်မြဲ​သော​အစားအစာ​အတွက် လုပ်ဆောင်​ကြ​လော့။ အကြောင်းမူကား ခမည်းတော်​ဘုရား​သည် ထို​လူ့သား​ကို တံဆိပ်​ခတ်နှိပ်​တော်မူ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 28သူ​တို့​က​လည်း “ဘုရားသခင်​၏​အမှု​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​တို့​သည် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။ 29ယေရှု​က“ဘုရားသခင်​၏​အမှု​တော်​မှာ ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​ခြင်း​ပင်​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 30သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။ 31ကျမ်းစာ​၌ ‘ကောင်းကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်မူ​၏’#ထွ 16:4,15၊ ဆာ 78:24။​ဟူ၍ ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​တွင် မန္န​ကို​စား​ရ​ကြ​သည်”​ဟု လျှောက်​ကြ​၏။ 32ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​မှ​မုန့်​ကို သင်​တို့​အား ပေး​ခဲ့​သူ​မှာ မောရှေ​မ​ဟုတ်။ ငါ့​ခမည်းတော်​က​သာ ကောင်းကင်​မှ​စစ်မှန်​သော​မုန့်​ကို သင်​တို့​အား ပေး​တော်မူ​၏။ 33အကြောင်းမူကား ဘုရားသခင်​၏​မုန့်​သည် ကောင်းကင်​မှ​ဆင်းသက်​၍ လောကီသား​တို့​အား အသက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ 34ထိုအခါ သူ​တို့​က “သခင်​ဘုရား၊ ထို​မုန့်​ကို အကျွန်ုပ်​တို့​အား အစဉ်​ပေး​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။
35ယေရှု​က​လည်း“ငါ​သည် အသက်​မုန့်​ဖြစ်​၏။ ငါ့​ထံသို့​လာ​သော​သူ​သည် မည်သည့်​အခါ​မျှ ဆာလောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံကြည်​သော​သူ​သည်​လည်း မည်သည့်​အခါ​မျှ​ရေငတ်​တော့မည်​မ​ဟုတ်။ 36သို့ရာတွင် သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။ 37ငါ့​အား​ခမည်းတော်​ပေး​တော်မူ​သော​သူ​မှန်သမျှ​သည် ငါ့​ထံသို့​လာ​မည်။ ငါ့​ထံသို့​လာ​သော​သူ​ကို​လည်း ငါ​သည် မည်သည့်​အခါ​မျှ​နှင်ထုတ်​မည်​မ​ဟုတ်။ 38အကြောင်းမူကား ငါ​သည် မိမိ​အလို​ကို ဆောင်ရွက်​ရန်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​ရန် ကောင်းကင်​မှ​ဆင်းသက်​၏။ 39ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကား ငါ့​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​တွင် တစ်စုံတစ်ဦး​ကို​မျှ ငါ​မ​ဆုံးရှုံး​ဘဲ နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေရန်​ဖြစ်​၏။ 40အမှန်စင်စစ် ငါ့​ခမည်းတော်​၏​အလို​တော်​မှာ သား​တော်​ကို​မြင်​၍​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန်​ဖြစ်​၏။ ငါ​သည်​လည်း နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏။
ကောင်းကင်မှဆင်းသက်သောမုန့်
41ယေရှု​က“ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏”​ဟု မိန့်​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​က 42“ဤ​သူ​သည် ယောသပ်​၏​သား​ယေရှု​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​၏​မိခင်​နှင့်​ဖခင်​ကို​လည်း ငါ​တို့​သိ​ကြ​သည်​မ​ဟုတ်​လော။ ယခု သူ​သည် အဘယ်ကြောင့်‘ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​၏’​ဟု ဆို​ရ​သနည်း”​ဟူ၍ ကိုယ်တော်​အကြောင်း​ကို မကျေမနပ်​ပြောဆို​ကြ​၏။
43ယေရှု​က​လည်း“အချင်းချင်း​ကြား​တွင်​မကျေမနပ်​ပြောဆို​မ​နေ​ကြ​နှင့်။ 44ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ဆွဲငင်​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်။ ငါ့​ထံသို့​လာ​သော​သူ​ကို နောက်ဆုံး​သော​နေ့​၌ ငါ​သည်​ထမြောက်​စေ​မည်။ 45ပရောဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​သွန်သင်​တော်မူ​ခြင်း​ကို ခံရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်’#ဟေရှာ 54:13။ဟု ရေး​ထား​သည်​ဖြစ်​၍ ခမည်းတော်​ထံ၌ ကြားနာ​ပြီး နည်းခံ​သော​သူ​တိုင်း​သည် ငါ့​ထံသို့​လာ​ကြ​၏။ 46ထိုသို့ဆိုသော် တစ်စုံတစ်ယောက်​က ခမည်းတော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆိုလို။ ဘုရားသခင်​ထံမှ ကြွလာ​သော​သူ​တစ်ဦးတည်း​သာလျှင် ခမည်းတော်​ကို​မြင်​ခဲ့​၏။ 47သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ 48ငါ​သည် အသက်​မုန့်​ဖြစ်​၏။ 49သင်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေဆုံး​သွား​ကြ​၏။ 50ဤ​မုန့်​ကား စားသုံး​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်းလွတ်​မည့်​အကြောင်း ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ 51ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သည့် အသက်ရှင်​သော​မုန့်​ဖြစ်​၏။ မည်သူမဆို ဤ​မုန့်​ကို​စား​လျှင် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်။ လောကီသား​တို့​၏​အသက်​အတွက် ငါ​ပေး​မည့်​မုန့်​ကား ငါ​၏​အသား​ပေတည်း”​ဟု မိန့်​တော်မူ​၏။
52ထိုအခါ ဂျူး​လူမျိုး​တို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါ​တို့​စား​ရန် မည်သို့​ပေး​နိုင်​မည်နည်း”​ဟု အချင်းချင်း​ငြင်းခုံ​ပြောဆို​ကြ​၏။ 53ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ လူ့သား​၏​အသား​ကို​မ​စား၊ သူ​၏​သွေး​ကို​မ​သောက်​လျှင် သင်​တို့​၌​အသက်​မ​ရှိ။ 54ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် ထို​သူ​ကို နောက်ဆုံး​သော​နေ့​၌ ထမြောက်​စေ​မည်။ 55အကြောင်းမူကား ငါ​၏​အသား​သည် စစ်မှန်​သော​စားစရာ​ဖြစ်​ပြီး ငါ​၏​သွေး​သည် စစ်မှန်​သော​သောက်​စရာ​ဖြစ်​၏။ 56ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ငါ​၌​တည်​၏။ ငါ​သည်​လည်း ထို​သူ​၌​တည်​၏။ 57အသက်ရှင်​တော်မူ​သော​ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၍ ငါ​သည် ခမည်းတော်​အားဖြင့် အသက်ရှင်​သကဲ့သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အားဖြင့် အသက်ရှင်​မည်။ 58ဤ​မုန့်​ကား ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုးဘေး​များ​စား​ပြီး သေဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်”​ဟု မိန့်​တော်မူ​၏။ 59ကိုယ်တော်​သည် ကပေရနောင်​မြို့​၌ သွန်သင်​တော်မူ​စဉ် ဤ​အကြောင်းအရာ​များ​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် မိန့်​တော်မူ​၏။
တပည့်တော်အများစု ယေရှုကိုစွန့်ခွာခြင်း
60တပည့်​တော်​တို့​ထဲမှ​အများစု​သည် ကြား​လျှင် “ဤ​စကား​သည် ပြင်းထန်​လှ​၏။ မည်သူ​နားထောင်​နိုင်​မည်နည်း”​ဟု ဆို​ကြ​၏။
61ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ တပည့်​တော်​တို့​မကျေမနပ်​ပြောဆို​နေ​ကြ​သည်​ကို ယေရှု​သည် အလိုအလျောက်​သိ​တော်မူ​သဖြင့်“ဤ​စကား​ကြောင့် သင်​တို့​စိတ်ပျက်​ကြ​သလော။ 62သို့ဖြစ်လျှင် လူ့သား​သည် ယခင်​နေ​ခဲ့​ရာ​အရပ်​သို့​တက်​သွား​သည်​ကို သင်​တို့​မြင်​ရ​ပါမူ မည်သို့​ဖြစ်​မည်နည်း။ 63ဝိညာဉ်​တော်​က​သာ အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် မည်သည့်​အကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟောပြော​သော​စကား​တို့​သည် ဝိညာဉ်​ဖြစ်​ပြီး အသက်​လည်း​ဖြစ်​၏။ 64သို့သော် သင်​တို့​တွင် မ​ယုံကြည်​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သည့်​အကြောင်း​ကား မ​ယုံကြည်​သော​သူ​တို့​သည် မည်သူ​တို့​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ မိမိ​ကို​အပ်နှံ​မည့်​သူ​သည် မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း ယေရှု​သည် အစအဦး​က​ပင် သိ​ထား​တော်မူ​သောကြောင့်​ဖြစ်​၏။ 65ထို့နောက် ကိုယ်တော်​က“ဤ​အကြောင်း​ကြောင့် ခမည်းတော်​သည် အခွင့်​ပေး​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ”​ဟူ၍ မိန့်​တော်မူ​၏။
66ထို​အချိန်​မှစ၍ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ဆုတ်ခွာ​သွား​ပြီး ကိုယ်တော်​နှင့်အတူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။ 67ထိုအခါ ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​အား“သင်​တို့​လည်း ထွက်ခွာ​သွား​လို​ကြ​သလော”​ဟု မေး​တော်မူ​လျှင် 68ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သူ့​ထံသို့​သွား​ရ​မည်နည်း။ ထာဝရ​အသက်​နှင့်ဆိုင်သော​စကား​တို့​သည် ကိုယ်တော်​၌​သာ​ရှိ​ပါ​၏။ 69ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ကြောင်း​ကို​လည်း အကျွန်ုပ်​တို့​ယုံကြည်​သိရှိ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ 70ယေရှု​က​လည်း“တစ်ဆယ့်နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေးကောက်​သည်​မ​ဟုတ်​လော။ သို့ဖြစ်ပါလျက်နှင့် သင်​တို့​ထဲမှ​တစ်​ဦး​သည် မာရ်နတ်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ 71ဤသည်ကား ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ သူ​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​လျက် ကိုယ်တော်​ကို​အပ်နှံ​ရန် ကြံရွယ်​နေ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in